ကိုယ်ဝန်လရင့်ချိန်တွင် ကိုယ်အလေးချိန်အနည်းငယ်လျော့ကျခြင်း
ကိုယ်ဝန်ဆောင်စဉ်ကာလတွင်းမှာ ပုံမှန်ကိုယ်အလေးချိန်တိုးခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော် လည်း မွေးဖွားခါနီးအချိန်ရောက်ပါက ကိုယ်ဝန်ဆောင်ကာလပြီးဆုံးတော့မှာဖြစ်သကဲ့သို့ ကိုယ်အလေးချိန်တိုးခြင်းဟာလည်း ရပ်တန့်သွားပါတယ်။ ဒါကြောင့် ကိုယ်ဝန် 41 ပတ်ရောက်ပြီးဆိုပါက ကိုယ်အလေးချိန်ဟာ မတက်တော့တဲ့အပြင် အနည်းငယ်တောင်ပြန်လည်ကျဆင်းသွားတတ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေဟာ ရောင်နေဆဲဖြစ်တဲ့အပြင် ဝမ်းဗိုက်ဟာလည်း တော်တော်ပူနေပြီ ဖြစ်နေသည့်တိုင်အောင် ဘာလို့ကိုယ်အလေးချိန်ကျဆင်းရလဲ ဆိုပြီး တွေးတောပူပန်နေလေ့ရှိပါတယ်။ တကယ်တော့ ကိုယ်အလေးချိန်အနည်းငယ်သာ တိုးလာခြင်း (သို့) လုံးဝမတိုးတော့ခြင်းအကြောင်းမှာ ကလေးငယ်လေးဟာ မွေးဖွားဖို့ဖြစ်စဉ်အတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း အသိပေးလိုက်ခြင်းပင်ဖြစ်ပါတယ်။ အောက်ပါအချက်တွေ ကတော့ မွေးဖွားချိန်နောက်ကျတဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာ ကိုယ်အလေးချိန်ကျဆင်း လာစေတဲ့အကြောင်းအရင်းအချို့ပဲဖြစ်ပါတယ်။
- မွေးဖွားချိန်နီးကပ်လာလေလေ ရေမြွှာရည်နည်းလာလေလေဖြစ်တာကြောင့် အလေးချိန်လည်းလျော့ကျလာပါတယ်။
- သနေ္ဓသားလောင်းရဲ့ ဦးခေါင်းက ဆီးအိမ်ပေါ်ကို ဖိထားတာကြောင့် ယခင်ကထက်ပို၍ မကြာမကြာဆီးသွားတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေအလေးအချိန်လျော့နည်းလာတာကြောင့် ကိုယ်အလေးချိန်ကျဆင်းလာတာဖြစ်ပါတယ်။
- မွေးဖွားချိန်ကပ်လေလေ ဝမ်းသွားတဲ့အကြိမ်ရေ စိပ်လာလေလေဖြစ်တတ်ပါတယ်။
- နေ့စေ့လစေ့ဖြစ်နေတဲ့ မိခင်လောင်းတစ်ဦးဟာ အလွန်ချေွးထွက်သန်ပါတယ်။ ဒါကြောင့် ချေွးထွက်များပါက ကိုယ်အလေးချိန်လည်းကျဆင်းနိုင်ပါတယ်။ (လွန်ခဲ့တဲ့ 9 လအတွင်းမှာ စုဆောင်းခဲ့တဲ့ ရေတွေကိုပြန်ထုတ်ဖို့အတွက် ကလေးမွေးဖွားပြီး တစ်ပတ်လောက်ထိအောင် ချေွးအလွန်ထွက်နေတုန်းပါပဲ)
- ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေဟာ ပိုမိုမြန်ဆန်လာပြီး ကယ်လိုရီတွေကို အလျင်အမြန်လောင်ကျွမ်းစေပါတယ်။
သတိပြုရန်မှာ ကိုယ်အလေးချိန်ထပ်မတိုးသည့်တိုင်အောင် ကလေးငယ်လေးရဲ့ ဖွ့ံဖြိုးမှုအတွက် အစာအာဟာရတွေကို အဆက်မပြတ်ပေးနေဖို့လိုတာကြောင့် မမွေးဖွားမီအချိန်ထိ အာဟာရရှိမယ့်အစားအစာ (အထူးသဖြင့် ပရိုတင်းဓာတ်နဲ့ DHA ကဲ့သို့ ဦးနှောက်ဖွ့ံဖြိုးမှုကောင်းစေတဲ့ဓာတ်) တွေကို သေချာစွာရွေးချယ် စားသောက်သင့်ပါတယ်။ ထို့ပြင် ရေဓာတ်လုံလောက်စွာရရှိစေရန် အရည်များကိုလည်း ပိုမိုသောက်သုံးပေးပါ။ ကိုယ်အလေးချိန်လျော့ချဖို့ကိုတော့ ကလေးမွေးဖွားပြီးမှသာလျှင် စတင်စဉ်းစားသင့်ပါတယ်။
Dr. Thinzar Wynn






























