ကိုယ်ဝန်အစောပိုင်းကာလမှာ အိပ်မပျော်တာကို ဘယ်လိုကုစားကြမလဲ
မိခင်လောင်းတစ်ယောက်အနေနဲ့ ကလေးမွေးပြီးချိန်မှာ အိပ်ရေးမဝတတ်တာကိုတော့ သိထား၊ မျှော်လင့်ထားပြီးသားဖြစ်ပေမယ့် ကိုယ်ဝန်ဆောင် ပထမကာလကတည်းက ဒီလိုအိပ်ရေးပျက်တတ်တယ်ဆိုတာ မသိကြတာများပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ အမျိုးသမီး အတော်များများဟာ အိပ်စက်ခြင်းပြဿနာကို ကြုံတွေ့ကြရတတ်ပါတယ်။ ပထမကိုယ်ဝန်ဆောင်ကာလမှာ အိပ်ချိန်ပိုများတတ်ပေမယ့် တကယ်တမ်း အိပ်ရေးဝဝ မရတတ်ကြပါဘူး။ ကိုယ်ဝန်ဆောင်ရတာဟာ တစ်နေကုန် နုံးချိနေစေတတ်ပါတယ်။ ညအိပ်မပျော်တာမျိုးလည်း ရှိတတ်ကြပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ အိပ်မပျော်စေတတ်တဲ့ အဓိကအကြောင်းရင်းတွေနဲ့ ညဘက်ကို ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးပါ့မယ်နော်။
>> ညအိပ်မပျော်ဘူးဆိုတာ -
ညအိပ်မပျော်ဘူးဆိုရာမှာ အိပ်ပျော်ဖို့ခက်တာသော်လည်းကောင်း၊ အိပ်ပျော်ပြီးနောက်မှ ခဏခဏပြန်ပြန်နိုးနေတာသော်လည်းကောင်း၊ နှစ်ခုလုံးသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလတောက်လျှောက်မှာ ဖြစ်တတ်ပေမယ့် ပထမကာလနဲ့ တတိယကာလအတွင်း ဖြစ်တာအများဆုံးပါပဲ။ ညဘက် ဆီးထထသွားရတာ၊ ဟော်မုန်းတွေ ကမောက်ကမဖြစ်တာ၊ နှာပိတ်တာ၊ ရင်ပူတာ စတဲ့ ကိုယ်ဝန်ဆောင် ကြုံတွေ့ရတဲ့ပြဿနာတွေ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကံကောင်းတာကတော့ အိပ်ရေးမဝတာဟာ ကလေးကိုတော့ သက်ရောက်မှုမရှိပါဘူးနော်။
ကိုယ်ဝန်ဆောင် အဆုံးပိုင်းကာလတွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့အတွက်ကို ကိုယ်ခန္ဓာက သက်သောင့်သက်သာမရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။ အစောပိုင်းကာလတွေမှာတော့ ဗိုက်က သိပ်မထွက်သေးပေမယ့် တခြားအကြောင်းရင်းတွေကြောင့် အိပ်မပျော်ဖြစ်တတ်ပါတယ်။
>> ဘာတွေကြောင့် အိပ်မပျော်ရသလဲ?
● မကြာမကြာဆီးသွားချင်ခြင်း
● ပျို့ချင်၊ အန်ချင်ခြင်း
● ခါးနာခြင်း
● ရင်သားနာကျင်ခြင်း
● ဗိုက်မအီမသာဖြစ်ခြင်း
● ခြေထောက်ကိုက်ခြင်း
● မောခြင်း
● ရင်ပူခြင်း
● အိပ်မက် ကယောက်ကယက်မက်ခြင်း
စတာတွေကြောင့် အိပ်မပျော် ဖြစ်တတ်ပါတယ်။
Obimin 1

တခြားအကြောင်းရင်းအနေနဲ့ စိတ်ဖိစီးမှုကလည်းတစ်ကြောင်း ပါဝင်ပါတယ်။ ကလေးမွေးဖို့ဖွားဖို့ကိစ္စတွေ၊ မိခင်တစ်ယောက်အနေနဲ့ အလုပ်တာဝန်နဲ့ ကလေးတာဝန် မျှအောင်လုပ်ရမယ့်အရေးတွေကို စိတ်ပူပန်နေတတ်တာလည်း ပါပါတယ်။ ဒီအတွေးတွေကြောင့် တစ်ညလုံး မိုးလင်းတာမျိုး ဖြစ်တတ်ပါတယ်နော်။
ဒီအတွေးတွေကို ပယ်ဖျောက်ဖို့ကတော့ ခက်ခဲနေမှာပါ။ ဒါပေမဲ့ ဒီလိုတွေးနေလို့ အကျိုးမထူးဘူးလို့တွေးပါ။ ဒီအစား ကိုယ်စိတ်ပူနေတာကို ချရေးပါ။ ဒီနည်းက ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကို ညွှန်ပြနိုင်မှာပါ။ ဖြေရှင်းနည်းမရှိရင်လည်း ဒီကိစ္စကိုမေ့ပစ်ပြီး နောက်စိတ်ပူတာတစ်ခုကို ပြောင်းရေးပါ။ ဒါမှသာ ကိုယ့်စိတ်ထဲက ဝန်ထုပ်တွေပျောက်ပြီး ကောင်းကောင်းအနားယူနိုင်မှာပါ။
● ကိုယ့်ခင်ပွန်းကို ကိုယ့်စိတ်ပူစရာတွေကို ပြောပြတာကလည်း စိတ်သက်သာရာရစေနိုင်ပါတယ်။
● ညအိပ်ခါနီးလုပ်နေကျ လုပ်ရိုးလုပ်စဉ်ကို သတ်မှတ်လုပ်ဆောင်ပါ။
● အိပ်မပျော်ဝေဒနာကိုကုစားဖို့နည်းလမ်းတစ်ခုက အိပ်ခါနီးလုပ်ရိုးလုပ်စဉ် သတ်မှတ်ဖို့ပါ။
● ညတိုင်း ညအိပ်ချိန် တစ်သမတ်တည်း သတ်မှတ်ပေးဖို့က ပထမဆုံးအဆင့်ပါပဲ။
ညအိပ်ရာမဝင်ခင် အနည်းဆုံး ၁ နာရီကြိုပြီး တီဗီတွေ၊ ဖုန်းတွေ မကြည့်ပါနဲ့။ တီဗီ၊ ဖုန်း၊ တက်ဘလက်ကလာတဲ့ အပြာရောင်အလင်းဟာ ကိုယ်ခန္ဓာရဲ့နေ့ညနရီကို ပျက်သွားစေနိုင်ပါတယ်။ ဒီအစား စာအုပ်လေး ဖတ်ပေးပါ။
ရေလေး အေးအေးဆေးဆေး ချိုးပေးတာကလည်း စိတ်ကို ပြေလျော့စေနိုင်ပါတယ်။ ဗိုက်ထဲက ကလေးလေးကို မထိခိုက်အောင် ရေပူပူကြီးချိုးတာမျိုးတော့ ရှောင်ပေါ့။ အထူးသဖြင့် ကိုယ်ဝန်အစောပိုင်းကာလတွေမှာပါ။
● အစားအသောက်နဲ့ လေ့ကျင့်ခန်း
အစားအသောက်နဲ့ လေ့ကျင့်ခန်းကလည်း အိပ်ချိန်ပေါ် သက်ရောက်မှု ရှိပါတယ်။
● ရေသောက်ပါ
တစ်နေကုန် ရေ အများကြီးသောက်ပါ။ ၇ နာရီနောက်ပိုင်းရောက်ရင်တော့ လျှော့သောက်ပါတော့။ နေ့ခင်းနှောင်းပိုင်းရောက်လာရင် ကော်ဖီ ထပ်မသောက်ပါနဲ့တော့။
● ကောင်းကောင်းစားပါ
ညနေစာကို ကောင်းကောင်းစားပါ။ ဒါပေမဲ့ ရင်ပူတာကိုရှောင်ရှားဖို့ အေးဆေး အချိန်ယူစားပေးပါ။ စောစောစားလို့လည်းရပေမယ့် ညဘက်အိပ်ရင်တော့ ဗိုက်ဟောင်းလောင်းနဲ့ ဗိုက်ဆာနေတာမျိုးတော့ မဖြစ်ပါစေနဲ့။ ညနေပိုင်း ဗိုက်ဆာရင် အဆာပြေတစ်ခုခု စားပေးပါ။ ပရိုတင်းအသားဓာတ်များတာ စားပေးရင် တစ်ညလုံးကို သွေးတွင်းအချိုဓာတ် ငြိမ်နေစေနိုင်ပါတယ်။ နို့နွေးနွေးလေး တစ်ခွက်သောက်တာကလည်း ကောင်းကောင်းအိပ်ပျော်စေပါတယ်။
● လေ့ကျင့်ခန်း လုပ်ပါ
နေ့ပိုင်းမှာ လှုပ်လှုပ်ရှားရှားနေပါ။ ဒါမှ ညဘက်မှာ ကောင်းကောင်း အနားယူနိုင်မှာပါ။
● သက်သောင့်သက်သာရှိဖို့က အရေးကြီးပါတယ်
အိပ်ခန်းကို သက်သောင့်သက်သာဖြစ်နေအောင် ထားပေးခြင်းက ကောင်းကောင်းအိပ်ပျော်စေဖို့ သော့ချက်ပါပဲ။
Obimin 2

● သက်သောင့်သက်သာဖြစ်အောင်နေပါ
ဘေးစောင်းအိပ်ပါ။ ဒူးကြားမှာ ခေါင်းအုံးညှပ်အိပ်ပါ။ ဗိုက်တဖြည်းဖြည်း ကြီးလာပြီဆိုတာနဲ့ ဗိုက်အောက်မှာပါ ခေါင်းအုံးခံအိပ်ပါ။
ရင်ဘတ်တွေ တအားနာနေတယ်ဆိုရင်တော့ သက်သောင့်သက်သာရှိမယ့် ညအိပ်ဘရာလေးတွေ ဝတ်အိပ်ပါ။
● ရာသီဥတုအပြောင်းအလဲ
ကောင်းကောင်းအိပ်ပျော်စေဖို့ အခန်းကို အေးစက်တည်ငြိမ် တိတ်ဆိတ်နေအောင်ထားပါ။ ညဘက်တွေ ဆီးထသွားဖို့ ဓာတ်မီးလေး ထားထားပေးပါ။ ဒီအလင်းရောင်က မီးဖွင့်တာထက် ပိုမှိန်တော့ နိုးနိုးကြားကြား သိပ်မဖြစ်စေနိုင်တော့ဘူးပေါ့။
● ကိုယ့်စိတ်ကို ကိုယ်ဖြေလျော့ပါ
ညဘက်မှာ ကိုယ့်ကိုယ်ကို တတ်နိုင်သလောက် စိတ်ရောကိုယ်ပါ ဖြေလျော့ပါ။
● အာရုံပြောင်းပါ
မျက်လုံးကြီးပြူးပြီး အိပ်မပျော်ဘူးဆိုရင် အိပ်ပျော်တဲ့အထိကို ထပြီး တစ်ခုခုလုပ်နေလိုက်ပါ။ အိပ်ရာထဲလှဲပြီး နာရီကို ထိုင်ကြည့်နေတာထက်စာရင် ပိုကောင်းပါသေးတယ်။
● စိတ်ဖြေလျော့ပါ
တရားထိုင်တာ၊ စိတ်ဖြေလျော့တဲ့နည်းလမ်းလေးတွေ လုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့ နည်းလမ်းလေးတွေ လုပ်ကြည့်ပါ။
● နောက်ဆုံးပြောချင်တာကတော့ -
အမျိုးသမီးအများစုအတွက် ပထမကိုယ်ဝနိဆောင်ကာလ အပိုင်းအခြားအတွင်း အိပ်မပျော်တာဟာ အချိန်တန်ရင် ပြီးသွားပါလိမ့်မယ်။ နေ့လယ်ဘက်မှာ အိပ်ပေးပါ။ ဒါပေမဲ့ ဆရာဝန်နဲ့မတိုင်ပင်ဘဲ အိပ်ဆေးတွေ သောက်တာမျိုးတော့ မလုပ်ပါနဲ့။
Dr. Mya Phoo Ngon (www.drmyanmar.com)






























