/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်ချိန်-အရေပြား-ပြောင်းလဲမှုများ

ကိုယ်၀န်ဆောင်ချိန် အရေပြား ပြောင်းလဲမှုများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          သင်ဟာ ကိုယ်၀န်ဆောင်မိခင်တစ်ဦး ဖြစ်ပါသလား။ ဒါဆိုရင်တော့ သင့်ကိုယ်၀န် ရင့်လာတာနှင့်အမျှ ဆံပင်နှှင့်အရေပြားတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းကို လက်တွေ့ တွေ့မြင်ရမှာပါ။ အချို့အမျိုးသမီးများအနေနှင့် မျက်နှာပေါ်တွင် တင်းတိပ်နှင့် အမဲကွက်များ ဖြစ်ပေါ်လာခြင်းကို ကြုံတွေ့ရတတ်ပြီး ကိုယ်၀န်မဆောင်မီကထက် အသားအရေ ညိုညစ်လာတာမျိုးလည်း ဖြစ်ပေါ်နိုင်ပါတယ်။

          ကိုယ်၀န်ဆောင်ချိန်တွင် အသားအရေနှင့် ဆံသားပြောင်းလဲမှုများကို အနည်းနှင့်အများ ရင်ဆိုင်ရတတ်ပါတယ်။ ကိုယ်၀န်သက် ရင့်လာတာနှင့်အမျှ ဗိုက်ပေါ်တွင် အကြောပြတ်ရာများလည်း ဖြစ်ပေါ်လာမှာကို ကြိုတင်မျှော်လင့်ထားသင့်ပါတယ်။

 

>>    ကိုယ်၀န်ဆောင်စဉ် တင်းတိပ်များ ဖြစ်ပေါ်ခြင်း

          ကိုယ်၀န်ဆောင်အမျိုးသမီးအချို့ အနေဖြင့် ပါးအပေါ်ဖက်၊ နှာခေါင်း၊ နှဖူးနှင့် နှုတ်ခမ်းတစ်၀ိုက်တွင် chloasma တင်းတိပ်ကွက်များ (chloasma) ဖြစ်ပေါ်လာခြင်းကြောင့် စိတ်ညစ်ညူးတတ်ကြပါတယ်။ ကိုယ်၀န်ဆောင်စဉ် ဖြစ်ပေါ်လာသော တင်းတိပ်ကွက်များ ဖြစ်သောကြောင့် mask of pregnancy (melasma) ကိုယ်၀န်ဆောင် အမျိုးသမီးတို့ရဲ့ မျက်နှာဖုံးလို့တောင် တင်စားကြပါတယ်။

●        ကိုယ်၀န်ဆောင် တင်းတိပ်ဖြစ်ရခြင်း အကြောင်းရင်းကတော့ ကိုယ်၀န်ဆောင်ချိန်တွင် အမျိုးသမီး ဟော်မုန်းများ မြင့်တက်လာရာကတစ်ဆင့် မယ်လနင်ခေါ် အမည်းရောင်ခြယ်ပစ္စည်းများ ထုတ်လုပ်မှု ပိုမိုများပြားလာတာမို့ ဖြစ်ပါတယ်။ ထိုမယ်လနင်များဟာ နေရောင်ခြည်နှင့် ပိုမိုထိတွေသူများ၊ သနေ္ဓတားဆေး (OC pills) များ မှီ၀ဲသူများတွင် ပိုပြီးအဖြစ်များတာကို သိရှိရန် လိုပါတယ်။

●        နေပူဒဏ် ပိုမိုခံရသောဒေသများတွင် နေထိုင်သည့် အသားဖြူသော အမျိုးသမီးတွေမှာဆိုရင် ကိုယ်၀န်ဆောင်ချိန် တင်းတိပ်ဖြစ်ပေါ်ခြင်းကို မလွဲမသွေ ရင်ဆိုင်ရတတ်ပါတယ်။

●        တင်းတိပ်ကွက်များဟာ ကလေးမွေးပြီး လအနည်းငယ် ကြာသောအခါ အလိုလို ပျောက်ကွယ်တတ်သော်လည်း အချို့အမျိုးသမီးများမှာဆိုရင် နှစ်အတော်ကြာသည်အထိ ဆက်ရှိနေသေးတာ တွေ့ရပါတယ်။

●        အရေပြားဆရာ၀န်ရဲ့ ညွန်ကြားချက်ဖြင့် ထုတ်ထားသော တင်းတိပ်ပျောက်ဆေးများကို အသုံးပြုနိုင်သလို သဘာ၀နည်းများဖြင့်လည်း မှိန်သွားအောင် ပြုလုပ်နိုင်ပါတယ်။

●        ဒါကြောင့် သင်ဟာ ကိုယ်၀န်ဆောင်နေတဲ့ မေမေလောင်းတစ်ယောက် ဆိုပါက ကိုယ်၀န်ဆောင်ကာလ တစ်လျှောက်မှာလည်း နေ့စဉ် ဂရုတစိုက်နှင့် Sunscreen (နေလောင်ကာခရင်မ်) ကို လိမ်းပေးဖို့ မမေ့နှင့်နော်။ ကိုယ်၀န် မဆောင်သေးပေမယ့်လည်း သနေ္ဓတားဆေးများ နေ့စဉ်သောက်နေသူဖြစ်လျှင်လည်း နေပူထဲ သွားတိုင်း SPF များများပါတဲ့ sunscreen ကို လိမ်းပေးသင့်ပါတယ်။ ကလေး မွေးဖွားပြီးချိန်မှာလည်း sunscreen ကို နေ့စဉ်လိမ်းပေးခြင်းဖြင့် တင်းတိပ်ကွက်များ နောက်တစ်ကြိမ် မဖြစ်ပေါ်အောင် ကာကွယ်နိုင်ပါတယ်။

 

>>    ကို်ယ်၀န်ဆောင်စဉ် ဆံသားနှင့်အရေပြား ပြောင်းလဲမှုများ

●        ကိုယ်၀န်ဆောင်စဉ် ဟိုမုန်းအပြောင်းအလဲများကြောင့် နို့သီးခေါင်းနှင့် နို့သီးခေါင်းတစ်၀ိုက်ရှိ အရေပြား ပိုမိုမဲလာခြင်းကိုလည်း ကြုံတွေ့ရမှာပါ။ ထိုမျှမက မွေးရာပါအမှတ်များ၊ မှဲ့များနှင့် မှဲ့ခြောက်များလည်း ယခင်ကထက် အရောင် ပိုရင့်လာမှာဖြစ်သလို ချက်အောက်တည့်တည့်တွင် အမည်းရောင် လိုင်းစင်းတစ်ကြောင်းလည်း ပေါ်ပေါက်လာတတ်ပါသေးတယ်။ ဆေးပညာအရ ‘linea nigra’ လို့ ခေါ်တွင်ပါတယ်။ ဒါပေမဲ့ ကလေး မွေးဖွားပြီးတာနှင့် တစ်ပြိုင်နက် နို့သီးခေါင်းကလွဲပြီး အခြားသော ညိုမည်းသည့်နေရာများ တဖြည်းဖြည်း ပြန်လည်ဖြူလာမှာ ဖြစ်တာမို့ စိုးရိမ်ဖို့မလိုပါဘူး။

●        ကိုယ်၀န်ဆောင်အမျိုးသမီးတို့ရဲ့ အရေပြားဟာ အလွန်နုနယ်တာမို့ ထိုကာလတွင် နေပူဆာလှုံခြင်း ပြုလုပ်ပါက နေလောင်ဒဏ်ခံရဖို့ ပိုလွယ်ကူပါလိမ့်မယ်။ ဒါကြောင့် နေပူဆာမလှုံခင် sunscreen လိ်မ်းပေးသင့်ပြီး နေရောင်အောက်တွင် အချိန်ကြာစွာ မနေသင့်ပါဘူး။

●        ဆံသားများလည်း ပိုမိုထူထပ်လာတတ်ပြီး ဆံသားအဆီပြန်ခြင်းကို တွေ့ကြုံရပါလိမ့်မယ်။ ကလေး မွေးပြီးချိန်တွင် ဆံသားများ ကျွတ်ခြင်းဟာ ထိုအပိုပေါက်လာသော ဆံပင်များ ကျွတ်သွားခြင်းဖြစ်လို့ စိတ်ပူဖို့ မလိုပါဘူး။

 

>>    ကိုယ်၀န်ဆောင်စဉ် ဗိုက်ကြောပြတ်ခြင်း

          ကိုယ်၀န်ဆောင်ကာလရဲ့ နောက်ဆုံး ၃ လမှာ ဗိုက်ကြောပြတ်ရာများကို စတင် မြင်တွေ့ရတတ်ပါတယ်။ ဗိုက်သာမက ရင်သားနှင့် ပေါင်များတွင်လည်း အကြောပြတ်ရာများ ဖြစ်ပေါ်လာမှာပါ။ ဗိုက်ကြောပြတ်ခြင်း မဖြစ်ပေါ်ဖို့ သံလွင်ဆီ နေ့စဉ်လိမ်းပေးနိုင်ပါတယ်။

          ကိုယ်၀န်ဆောင်စဉ်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်ကောစိတ်ပါ ပြောင်းလဲမှုများသော ကာလဖြစ်တာမို့ အသေးစိတ်ကအစ ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။ မိခင်အနေနှင့် ကိုယ်ကောစိတ်ပါ ကျန်းမာနေမှသာ ကျန်းမာသော ရင်သွေးငယ်လေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)