ကိုယ်၀န်ဆောင်တိုင်း သတိထားသင့်တဲ့ Rh သွေးအုပ်စုဆိုတာ ဘာလဲ?
သွေးအုပ်စုပေါင်း (30) ရှိသော်လည်း လူတွေရဲ့သွေးအုပ်စုကိုဖော်ပြတဲ့နေရာမှာ များသောအားဖြင့် ABO အေ-ဘီ-အိုအုပ်စုစနစ်နဲ့ Rh သွေးအုပ်စုစနစ်နှစ်မျိုးကိုပဲအသုံးပြုကြပါတယ်။
Rh စနစ်ကို 1939 ခုနှစ်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီး အပေါင်းနဲ့အနုတ်ဆိုပြီး (2) မျိုးရှိပါတယ်။ အပေါင်း၊ အနုတ်ကိုတော့ Rh Factor လို့ခေါ်တဲ့ ပရိုတင်းနဲ့ခွဲခြားနိုင်ပြီး သွေးနီဥအပေါ်ယံမှာ ၎င်းပရိုတင်းကိုတွေ့ရင် Rh (+) အပေါင်းလို့ခေါ်ပြီး ၊ မတွေ့ရင် Rh (-) အနုတ်လို့ဆိုနိုင်ပါတယ်။ လူအများစုက Rh(+) ဖြစ်ပြီး 25% လောက်ကပဲ Rh(-) ဖြစ်ပါတယ်။ Rh(-) ပဲဖြစ်ဖြစ်၊ Rh(+) ပဲဖြစ်ဖြစ်ကျန်းမာရေးအပေါ်တွင် ဆိုးဝါးသောသက်ရောက်မှုမရှိနိုင်သော်လည်း ကိုယ်၀န်ဆောင်မိခင်များအတွက်ကတော့ အထူးသတိပြုသင့်တဲ့အရာဖြစ်ပါတယ်။
Rh(-) အမျိုးသမီးနဲ့ Rh(+) အမျိုးသားတို့ လက်ထပ်ပြီး သားဦးကိုယ်၀န်မှာ မွေးလာမယ့်ကလေးက Rh(+) အပေါင်းဖြစ်သော်လည်း ပြဿနာမရှိပါ။ သို့သော် ဒုတိယကိုယ်၀န်မှာတော့ အန္တရာယ်ရှိပါတယ်။ ပထမကလေးက Rh(+) အပေါင်းဖြစ်တာကြောင့် မီးဖွားချိန်တွင် ကလေးသွေးနဲ့အမေသွေး ရောယှက်ရာမှ အမေရဲ့ခန္ဓာကိုယ်က Rh ပရိုတင်းကိုပြင်ပပစ္စည်းအဖြစ်သတ်မှတ်ပြီး ဆန့်ကျင်ဖို့အတွက် Antibody ဆိုတာကို ထုတ်လုပ်ပါတယ်။ ဒုတိယကိုယ်၀န်ကလည်း Rh(+) အပေါင်းဖြစ်နေရင် အမေရဲ့သွေးထဲက ဒီ Antibody တွေက ကလေးရဲ့သွေးကိုဆန့်ကျင်မှာဖြစ်ပါတယ်။ အဲဒီအခါမှာကလေးငယ်ရဲ့ ကိုယ်တွင်းကသွေးနီဥများပေါက်ကွဲပြီး သွေးနီဥပမာဏလျော့နည်းလာတဲ့ ရောဂါကိုခံစားရမှာဖြစ်ပါတယ်။ အသက်အန္တရာယ်ကိုထိခိုက်နိုင်တဲ့အထိ ပြင်းထန်တဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့် မိခင်လောင်းအနေနဲ့ Rh(-) အနုတ်ဖြစ်ပါက Antibody Scrcen ပြုလုပ်ခြင်း၊ Rh Immune globulin ဆေးထိုးခြင်းတို့ကို ဆရာ၀န်နှင့်တိုင်ပင်ပြီးပြုလုပ်သင့်ပါတယ်။
Dr. Htet Htet Aung






























