ကိုယ်၀န်ဆောင်နှင့် ကလေးတိုးခြင်း
ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ ကိုယ်၀န် 4 လ ဒါမှမဟုတ် 5 လ အချိန်မှာ ၀မ်းဗိုက်ထဲက ကလေးလှုပ်ရှားမှုကို ခံစားသိရှိလာမှာဖြစ်ပါတယ်။ အစပိုင်းမှာကလေးရဲ့လှုပ်ရှားမှုဟာ မသိသာပေမယ့် ကိုယ်၀န် 6 လ ကျော်ချိန်မှာတော့ ကလေးဟာတစ်ချက်တစ်ချက် ပြင်းပြင်းထန်ထန်တိုးလိုက် လှုပ်ရှားမှုရပ်သွားလိုက်ဖြစ်နေတာကို ကောင်းကောင်း သတိပြုမိလာနိုင်ပါတယ်။ ဒီအချိန်မှာမိခင်များအနေနဲ့ ကလေးရဲ့လှုပ်ရှားမှုကို ဂရုပြုစောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ ယင်းကဲ့သို့ ၀မ်းဗိုက်ထဲမှ ကလေးလေးရဲ့လှုပ်ရှားမှုကို နေ့စဉ်နဲ့အမျှ အာရုံစိုက်နေခြင်းကြောင့် ပြောင်းလဲမှုကိုစောလျင်စွာသတိပြုမိပြီး ကလေးအတွက်အန္တရာယ် တစုံတရာကျရောက်စေခြင်းမှကာကွယ်နိုင်ကာ ကလေးအသေမွေးခြင်းမှ ကင်းဝေးစေနိုင်မှာ ဖြစ်ပါတယ်။
ကလေးလှုပ်တာကိုဘယ်အချိန် ရေတွက်မလဲ
ကလေးလှုပ်တာကိုရေတွက်ဖို့ အချိန်တိတိသတ်မှတ်သင့်ပါတယ်။ အကောင်းဆုံးကတော့ တစ်နေ့တာအတွင်း ကလေးလှုပ်ရှားမှုအများဆုံးအချိန်မှာ ရေတွက်တာဖြစ်ပါတယ်။ ဒါကြောင့် မိခင်များအနေနဲ့ မိမိလေ့ကျင့်ခန်းလုပ်ပြီးနောက်မှ လှုပ်တာလား၊ တစ်စုံတစ်ခုစားသောက်ပြီးနောက် ဒါမှမဟုတ် အေးတဲ့အစားအစာ စားပြီး၊ သောက်ပြီးနောက်မှာမှ လှုပ်တာလားဆိုတာကို သိထားသင့်ပါတယ်။ တခါတရံမိခင်ရဲ့ သွေးတွင်း သကြားဓာတ်ကျသွားချိန်မှာ (ည 9 နာရီမှ နောက်တနေ့ နေ့လည် 1 နာရီအထိ) ကလေးလှုပ်တတ်ပါတယ်။
ကလေးလှုပ်တဲ့ အကြိမ်အရေအတွက်
ကလေးလှုပ်တာရေတွက်ချိန်မှာ ခန္ဓာကိုယ်အနေအထားမှန်ဖို့ လိုအပ်ပါတယ်။ နောက်မှီပါတဲ့ ထိုင်ခုံမှာထိုင်ခြင်း ဒါမှမဟုတ် ဘေးစောင်းလှဲခြင်းအနေအထားဖြင့် ရေတွက်သင့့်ပါတယ်။ လက်၀ဲဘက်စောင်းပြီး လဲလျောင်းပါက ကလေးရဲ့သွေးလည်ပတ်မှုကောင်းစေတဲ့အတွက် ကလေးလှုပ်ရှားမှု ပိုသွက်စေနိုင်ပါတယ်။ ကိုယ်စရေတွက်သည့်အချိန်ကို ရေးမှတ်ပါ၊ မှတ်စုစာအုပ်မှာ ကလေးလှုပ်ရှားမှု အကြိမ်အရေအတွက်တိုင်းကို မှတ်သားပါ။ လှုပ်ရှားမှုဆယ်ကြိမ်ပြည့်ချိန်မှာ အချိန်ကိုမှတ်ရပါမယ်။ ကလေးလှုပ်ရှားမှုဟာ နာရီ၀က်အတွင်း 3 ကြိမ် ဒါမှမဟုတ် နှစ်နာရီအတွင်း အနည်းဆုံး 10 ကြိမ်ရှိသင့်ပါတယ်။ ကလေးလှုပ်ရှားမှုပြောင်းလဲမှု ရှိ/မရှိ သိနိုင်ရန်အတွက် ကိုယ်၀န်ဆောင်စဉ်ကာလ တစ်လျှောက်လုံး ကလေးလှုပ်တဲ့ အကြိမ်အရေအတွက်ကို နေ့စဉ်မှတ်သားသင့်ပါတယ်။
ဆရာ၀န်ပြသင့်သောအချိန်
နှစ်နာရီအတွင်းကလေးလှုပ်ရှားမှု 10 ကြိမ်မပြည့်ရင် ဒါမှမဟုတ် နာရီ၀က်အတွင်း 3 ကြိမ်မလှုပ်ရင် အချိန်ခဏစောင့်ပြီး နောက်တစ်ကြိမ်ရေတွက်ပါ။ ဒုတိယအကြိမ်ရေတွက်၍ အကြိမ်မပြည့်လျှင် ဆရာ၀န်နဲ့ ပြသသင့်ပါပြီ။ ဒါ့အပြင် တစ်နေ့နဲ့ တစ်နေ့ ကလေးလှုပ်ရှားမှုအချိန် ကွားခြားချက်ရှိပါကလည်း ဆရာ၀န်နဲ့ ပြသဖို့ လိုအပ်နေပါပြီ။
ဥပမာအားဖြင့်ကလေးလှုပ်ရှားမှု ဆယ်ကြိမ်ပြည့်ရန် -
- တနင်္လာနေ့တွင် ကြာချိန် 45 မိနစ်
- အင်္ဂါနေ့တွင် ကြာချိန် 1 နာရီ
- ဗုဒ္ဓဟူးနေ့တွင် ကြာချိန် 1 နာရီ 10 မိနစ်
- ကြာသာပတေးနေ့တွင် ကြာချိန် 2 နာရီ 30 မိနစ်် စသည်ဖြင့် ကလေးလှုပ်ရှားမှုအချိန် ကွာခြားမှုရှိပါက ဆရာ၀န်နဲ့ပြသင့်ပါတယ်။
ကိုယ်၀န်ဆောင်မိခင်တို့အနေနဲ့ မိမိကိုယ်ကိုဂရုပြုနေထိုင်ပြီး တစ်ခုခုထူးခြားမှုရှိပါက ကျန်းမာရေး၀န်ထမ်းများ နှင့် တိုင်ပင်ကာ စောင့်ရှောက်မှုခံယူသင့်ပါတယ်။
CMS (www.drmyanmar.com)






























