/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်အမျိုးသမီးများ-သတိထားသင့်တဲ့-အအေးမိတုပ်ကွေးေ၀ဒနာ

ကိုယ်၀န်ဆောင်အမျိုးသမီးများ သတိထားသင့်တဲ့ အအေးမိတုပ်ကွေးေ၀ဒနာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        အမျိုးသမီးများ ကိုယ်၀န်ဆောင်ချိန်ကာလမှာ အအေးမိတုပ်ကွေးေ၀ဒနာခံစားရပါက မိခင်အပေါ်မှာသာမက သနေ္ဓသားအပေါ်မှာပါ ဆိုးဝါးတဲ့ကျန်းမာရေး သက်ရောက်မှုများဖြစ်ပေါ်စေ ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ လမစေ့ဘဲမွေးခြင်းနဲ့ ကလေးအသေမွေးခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းများအနေနဲ့ ဗဟုသုတရရှိအောင် တုပ်ကွေးအအေးမိေ၀ဒနာနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ဖော်ပြလိုက်ပါတယ်။

       ပထမအချက်ကတော့ ကိုယ်၀န်ဆောင်ကာလမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်ခံအားစနစ်ဟာ အားနည်းနေတတ်ပါတယ်။ ဒါကြောင့် ရောဂါပိုးကူးစက်ခံရနှုန်းဟာ တခြားအချိန်ထက် ပိုမိုမြင့်မားနေပါ တယ်။ ရောဂါပိုးတစ်မျိုးကူးစက်ခံရတာနဲ့ အခြားသောရောဂါပိုးများ ၀င်ရောက်လာနိုင်ခြေဟာလည်း ပိုမိုမြင့်မားလာပါတယ်။

       ဒုတိယအချက်ကတော့ ပရိုဂျက်စတီရုန်းဟော်မုန်း (progesterone) ပါဘဲ။ ၎င်းဟော်မုန်းဟာ ဆံခြည်မျှင်သွေးကြောများကို ဖောင်းကြွစေပြီး နှာခေါင်းတွင်းရှိ အတွင်းနံရံများဖောင်းကြွစေ တာကြောင့် ရောဂါပိုးများအလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။

       တတိယအချက်ကတော့ ကိုယ်၀န်ဆောင်အမျိုးသမီးများရဲ့ အသက်ရှူတဲ့ပုံစံဖြစ်ပါတယ်။ ကိုယ်၀န်သက်ရင့်လာတာနှင့်အမျှ သနေ္ဓသားကိုနေရာပေးရတာကြောင့် အဆုတ်အတွင်းရှိ လေထု ပမာဏလည်း လျော့ကျလာပါတယ်။ အသက်ရှူလိုက်တိုင်းမှာလည်း လေကိုလုံလုံလောက်လောက် မရနိုင်ပါဘူး။ ထို့အပြင်အအေးမိတဲ့အခါ အဆုတ်အတွင်းမှာ ချွဲတွေနဲ့ပြည့်နေနိုင်တာကြောင့် အသက်ရှူဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။

       စတုတၳအချက်ကတော့ အောက်စီဂျင်ဖြစ်ပါတယ်။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေဟာ အခြားသူများထက် အောက်စီဂျင်ကိုပိုမိုလိုအပ်ပါတယ်။ အအေးမိတုပ်ကွေးရောဂါ ခံစားနေရချိန်မှာ အောက်စီဂျင်သယ်ယူမှုဖြစ်စဉ်ဟာလည်း အားနည်းသွားပါတယ်။

       အထက်ပါအချက်များကိုကြည့်လျှင် မိခင်လောင်းများအနေနဲ့ အအေးမိတုပ်ကွေးရောဂါကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။ ကိုယ်၀န်ဆောင်ချိန်မှာ တုပ်ကွေးကာကွယ်ဆေးမထိုးရသေးလျှင် မိမိ၏ဆရာ၀န်နဲ့ သေသေချာချာ တိုင်ပင်သင့််ပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com