/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/စပျစ်သီးသနေ္ဓဆိုတာ-ဘာလဲ

စပျစ်သီးသနေ္ဓဆိုတာ ဘာလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          စပျစ်သီးသနေ္ဓဆိုတာ ကြားဖူးကြပါသလား။ ကိုယ်ဝန်ဆောင်တယ်ဆိုပြီး ပျော်နေချိန်မှာ သွေးဆင်းတယ်။ သားအိမ်ခြစ်လိုက်တဲ့အခါ စပျစ်သီးလို ရေအိတ်အလုံးလေးတွေ ထွက်လာတယ်။ ဒါက ကိုယ်ဝန်ဆောင် ၁၀၀၀ မှာ တစ်ယောက်ပဲ တွေ့ရတတ်တဲ့ ရှားပါးအခြေအနေတစ်ခု ဖြစ်ပါတယ်။

          စပျစ်သီးသနေ္ဓ ၂ မျိုး ရှိပါတယ်။ အပြည့်အဝ  စပျစ်သီးသနေ္ဓမှာတော့ သနေ္ဓသားလေး လုံးဝမဖြစ်ပါဘူး။ ဒီအစား သုတ်ပိုးတစ်ကောင်က ဘာမှမရှိတဲ့ မမျိုးဥနဲ့သွားပြီးတော့ မျိုးအောင်တဲ့အတွက် အဖေဘက်က မျိုးရိုးပဲရှိပြီးတော့ သနေ္ဓအောင်ထားတဲ့ဥလေးက သားအိမ်ထဲမှာ စပျစ်သီးပုံစံ အစုလေး ဖြစ်နေပါတယ်။ တစ်ပိုင်းတစ်စ စပျစ်သီးသနေ္ဓမှာတော့ မမျိုးဥတစ်လုံးမှာ သုတ်ပိုး ၂ ခုနဲ့ သနေ္ဓအောင်တဲ့အတွက် အဖေရဲ့ ခရိုမိုဆုန်း အပိုတစ်စုံရပြီးတော့ သနေ္ဓသားလေး စဖြစ်လာပေမယ့်လည်း အသက်မရှင်နိုင်ပါဘူး။

 

>>    စပျစ်သီးသနေ္ဓ ဘာကြောင့်တည်ရတာလဲ?

          အများစုကတော့ ဘာကြောင်းကြောင့်မှ မဟုတ်သလို မျိုးရိုးဗီဇနဲ့လည်း မဆိုင်ပါဘူး။ ဖြစ်နိုင်ချေများတဲ့ အချက်တွေကတော အသက်အရွယ် (အသက် ၂၀ အောက် (သို့) ၃၅ နှစ်အထက်တွေမှာ ဖြစ်နိုင်ချေပိုများ)၊ ရောဂါရာဇဝင် (စပျစ်သီးသနေ္ဓ တစ်ကြိမ်ထက် ပိုတည်ဖူးရင်တော့ မျိုးရိုးဗီဇဆိုင်ရာ အတိုင်ပင်ခံဆွေးနွေးခြင်းနဲ့ စစ်ဆေးခြင်းတွေ လုပ်ဖို့လိုပါတယ်) တွေဖြစ်ပါတယ်။

 

>>    စပျစ်သီးသနေ္ဓလက္ခဏာများ

          ကိုယ်ဝန်ဆောင် ပထမသုံးလပတ်မှာ အနီရောင် (သို့) နီညိုရောင်သွေးများ ဆင်းခြင်း၊ သားအိမ်နေရာက အောင့်ခြင်း (သို့) ဖိထားသလို ခံစားရခြင်း၊ မွေးလမ်းကြောင်းကနေပြီးတော့ စပျစ်သီးလို အလုံးလေးတွေ ဆင်းခြင်း၊ အရမ်းပျို့အန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

 

>>    ကုထုံး

          စပျစ်သီးသနေ္ဓဆိုတာ သေချာဖို့အတွက် အာထရာဆောင်းနဲ့ hCG ဆိုတဲ့ သွေးစစ်ဆေးမှု နှစ်ခုပေါင်းပြီးတော့ လုပ်ဖို့လိုပါတယ်။ အာထရာဆောင်းမှာကြည့်ရင် ကိုယ်ဝန်က ပုံမှန်မဟုတ်ဘူးဆိုတာကို တွေ့ရပြီးတော့ သွေးစစ်ကြည့်တဲ့အခါမှာတော့ ကိုယ်ဝန်ဆောင်ဆိုင်ရာ ဟော်မုန်းတွေ မြင့်တက်နေတာကို တွေ့ရပါမယ်။ သားဖွားမီးယပ်အထူးကုက သားအိမ်ခြစ်ကာ ပုံမှန်မဟုတ်တဲ့ တစ်သျှူးတွေကို ဖယ်ထုတ်ပါလိမ့်မယ်။ ပြီးတော့ ဖယ်ထုတ်လိုက်တဲ့ တစ်သျှူးအချို့ကို အဖြေသေချာအောင် ဓာတ်ခွဲခန်းပို့ပြီး စစ်ပါတယ်။ ပြီးတော့ hCG ပမာဏကို တစ်ပတ်တစ်ခါ သွေးစစ်ပြီးတော့ စောင့်ကြည့်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ၆ လလောက်ကြာရင် hCG ကို သွေးစစ်ကြည့်လို့ မတွေ့တော့ပါဘူး။

 

>>    နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ချေရှိလား?

          သားအိမ်ခြစ်ပြီးနောက် သွေးဆက်စစ်တဲ့အခါမှာ hCG ပမာဏ မကျဘူးဆိုရင် invasive mole လို့ ခေါ်ပါတယ်။ ဒါက စပျစ်သီးတစ်သျှူးတွေက ခန္ဓာကိုယ်မှာ ဆက်ကြီးထွားနေတယ်ဆိုတဲ့ အဓိပ ္ပာယ်ပါ။ ဒါက တစ်ပိုင်းတစ်စ စပျစ်သီးသနေ္ဓ ရဲ့ 5% နဲ့ အပြည့်အဝ  စပျစ်သီးသနေ္ဓရဲ့ 15-20% လောက်မှာ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ဒုတိယအကြိမ် ခွဲစိတ်မှုဝင်ပြီးတော့ တစ်သျှူးတွေကို ထပ်ဖယ်ထုတ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဆဲလ်တွေ ဆက်ပွားနေတုန်းဆိုရင်တော့ ကင်ဆာလို့ သတ်မှတ်ပါတယ်။ ဖြစ်နိုင်ချေနည်းတဲ့သူတွေမှာတော့ ကင်ဆာဆေး တစ်ကြိမ်လောက်သွင်းပြီးရင် ပျောက်ကင်းနိုင်ပါတယ်။

 

>>    ကိုယ်ဝန် ထပ်ရနိုင်ချေရှိလား?

          အများစုကတော့ စပျစ်သီးသနေ္ဓတည်ပြီးလည်း ကိုယ်ဝန်ဆောင်ပြီးတော့ ကျန်းမာတဲ့ကလေးတွေ မွေးဖွားနိုင်ချေ ရှိပါတယ်။ ပြီးတော့ စပျစ်သီးသနေ္ဓတည်ဖူးလို့ နောက်ထပ် ထပ်တည်နိုင်ချေ များတယ်လို့လည်း မရှိပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)