/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဗိုက်ခွဲမွေးပြီးရင်-ရိုးရိုးပြန်မွေးလို့-ရမရ

ဗိုက်ခွဲမွေးပြီးရင် ရိုးရိုးပြန်မွေးလို့ ရ/မရ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

         ပထမကလေးကို ဗိုက်ခွဲမွေးပြီး နောက်ထပ်ကလေးမွေးတဲ့အခါမှာ ရိုးရိုးပြန်မွေးလို့ ရလားဆိုတာကို သိချင်ကြမှာပါ။ ရိုးရိုးပြန်မွေးလို့ရပေမယ့် ဖြစ်နိုင်ခြေရှိတာလေးတွေနဲ့ ဆိုးကျိုးလေးတွေကိုတော့ သိထားဖို့လိုပါတယ်။ အောက်ပါအချက်တွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။

1. ကလေးမွေးဖူးသော ရာဇဝင်

          ပထမတစ်ခေါက်က ခွဲမွေးဖူးပေမယ့် ခွဲမွေးရတဲ့အကြောင်းအရင်းကလည်း နောက်ထပ်ထပ်ပြီး မဖြစ်နိုင်တဲ့အကြောင်း (ကလေးတင်ပါးဆုံရှေ့ရောက်ခြင်း၊ ကလေးမွန်းခြင်း) စတာတွေကြောင့် ဆိုရင်တော့ နောက်တစ်ကြိမ်မှာ ရိုးရိုးမွေးဖို့ကြိုးစားကြည့်နိုင်ပါတယ်။

          ဒါပေမယ့် တင်ပါးဆုံအရိုးကွင်းကျဉ်းခြင်းကြောင့် ရိုးရိုးမမွေးနိုင်တာလိုမျိုးကဲ့သို့ အကြောင်းအရင်းကြောင့် ဆိုရင်တော့ နောက်တစ်ကြိမ်မှာလည်း ဒီလိုပဲထပ်ပြီးကြုံတွေ့ရနိုင်တဲ့အတွက် ထပ်ပြီးရိုးရိုးမမွေးသင့်တော့ပါဘူး။ ခွဲပဲမွေးရပါမယ်။

2. သားအိမ်ပေါ်ကခွဲကြောင်းအမျိုးအစား

          ယေဘူယျအားဖြင့် ခွဲမွေးရာမှာ ကန့်လန့်ဖြတ်ခွဲကြောင်းနဲ့ ဒေါင်လိုက်ခွဲကြောင်းဆိုပြီး ခွဲကြောင်း အမျိုးအစား 2 မျိုးရှိပါတယ်။ ဒီခွဲကြောင်းအမျိုးအစားအပေါ်မူတည်ပြီးတော့လည်း နောက်တစ်ကြိမ်မှာ ဘယ်လိုမွေးသင့်တယ်ဆိုတာကို စဉ်းစားပါတယ်။

          ယနေ့ခေတ်မှာ အသုံးများတဲ့ သားအိမ်ရဲ့အောက်ပိုင်းမှာ ကန့်လန့်ခွဲကြောင်းနဲ့ခွဲတာ ဆိုရင်တော့ နောက်တစ်ကြိမ်မှာ ရိုးရိုးမွေးဖို့ အဆင်ပြေပါတယ်။ ဒါပေမယ့် ပထမခွဲကြောင်းက သားအိမ်ကို ဒေါင်လိုက်ခွဲကြောင်းနဲ့ခွဲထားတာဆိုရင်တော့ နောက်တစ်ကြိမ်ရိုးရိုးမွေးမယ်ဆိုရင် သားအိမ်ကွဲထွက်ဖို့ ဖြစ်နိုင်ချေများပါတယ်။

3. အခြားရောဂါတွေရှိ/မရှိ

          အောက်ပါအခြေအနေတွေရှိရင်တော့ ရိုးရိုးမွေးဖို့မကြိုးစားသင့်ပါဘူး။

- အဝလွန်ခြင်း

- ကိုယ်၀န်ဆောင် မိခင်အသက်ကြီးခြင်း

- အခြား ကျန်းမာရေးပြဿနာများရှိခြင်း

- ကိုယ်ဝန်လကျော်ခြင်း (အပတ် 40 အထက်)

- ကလေးထွားလွန်းခြင်း

          ကိုယ်ဝန်ရှိစကတည်းက ကိုယ့်ရဲ့စိတ်ဆန္ဒ၊ သက်သောင့်သက်သာရှိ/မရှိ၊ ကုန်ကျစရိတ်၊ အရင်က ရောဂါရာဇဝင်၊ ကလေးမွေးဖူးတဲ့ရာဇဝင် စတဲ့အချက်တွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီး ဘယ်လိုမွေးသင့်တယ်ဆိုတာကို ကြိုတင်ပြင်ဆင်ဆုံးဖြတ်ထားသင့်ပါတယ်လို့ အကြံပေးလိုပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com