ဘာကြောင့်ချက်ကြိုးကို ဖြတ်သင့်တာလဲ? - ကလေးငယ်ကို ထိခိုက်ဒဏ်ရာမရစေဖို့ ရည်ရွယ်ပြီး မိခင်တွေဟာ ကလေးအချင်းကို မဖြတ်ပစ်ဘဲ နှစ်ပတ်ခန့်ကြာအောင်ထားခြင်းဟာ အလွန်ပင်အန္တရာယ်ရှိတဲ့ အပြုအမူဖြစ်ကြောင်း သတိပေးပြောကြား
ချက်ကြိုးကို မဖြတ်ပစ်ဘဲ ဒီအတိုင်း ကြွေကျမယ့်အချိန်ကို စောင့်ဆိုင်းတဲ့ မိခင်တွေ အနောက်နိုင်ငံတွေမှာ များပြားလာပါတယ်။ အချင်းနဲ့အတူ ကလေးကို မွေးဖွားပြီးပါက အချင်းကို container ဘူးထဲ ထည့်ပြီး ကလေးငယ်နဲ့အတူ ထားထားတာ ဖြစ်ပါတယ်။ သဘာ၀အလျောက် ချက်ကြိုးကြွေဖို့ 10 ရက်ခန့် ကြာမြင့်လေ့ရှိပြီး မကြွေကျမချင်း ကလေးငယ်ရဲ့ချက်နဲ့ ဆက်ထားတဲ့အနေအထားနဲ့ပဲ ရှိနေစေတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို ယုံကြည်သူတွေက ကလေးငယ်ကို ထိခိုက်မှုနည်းပါးစွာနဲ့ ကမ်ဘာမြေပေါ်သို့ သယ်ဆောင်လာနိုင်မှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် အချင်းရှိနေသေးတဲ့အတွက် ကလေးငယ်ဟာ အာဟာရဓာတ်တွေ ပိုမိုကြွယ်၀စွာ ရရှိစေမယ်လို့လဲ လက်ခံထားကြပါတယ်။
ဒါပေမယ့် ဆရာ၀န်တွေကတော့ ထိုကဲ့သို့ မွေးဖွားခြင်းနည်းလမ်းဟာ ကလေးငယ်ဆီသို့ ရောဂါပိုး၀င်ရောက်ဖို့ အခွင့်အလမ်း ပိုမိုများပြားနိုင်တယ်လို့ သတိပေးထားပါတယ်။ ထိုကဲ့သို့ ကလေးမွေးခြင်းမျိုးကို 2008 ခုနှစ်မှ စတင်တာဖြစ်ပြီး ဆေးပညာရှင်တွေကတော့ ထိုနည်းဖြင့် ထပ်မံမမွေးဖွားစေဖို့ အလျင်အမြန် တားဆီးကြပါတယ်။
အချင်းဟာ သွေးတွေနဲ့ ပြည့်နှက်နေတာကြောင့် ရောဂါပိုး၀င်နိုင်ခြေ များပါတယ်။ မွေးဖွားပြီး ခဏဆိုတာနဲ့ ချက်ကြိုးရဲ့ သွေးခုန်နှုန်းဟာ ရပ်တန့်သွားတာကြောင့် အချင်းမှာ သွေးလည်ပတ်မှုမရှိတော့ဘဲ တစ်သျှူးအသေတစ်ခုသာ ဖြစ်သွားပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























