/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မီးတွင်း-သွေးဆင်းရင်-သတိထားကြဖို့-ဖတ်ထားကြပါ

မီးတွင်း သွေးဆင်းရင် သတိထားကြဖို့ ဖတ်ထားကြပါ ...

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          " သူမ လူနာတင်ကားပေါ်မှာ ဆက်တိုက် ပျို့အန်နေပါတယ်။ အောက်ကနေ ပူနွေးတဲ့ သွေးတွေကတော့ ဒလဟောစီးဆင်းလို့။ လက်ကပြွန်ကနေ အရည်တွေ ဆက်တိုက်ဝင်နေတယ်။ လောကကြီးတစ်ခုလုံး ချာချာလည်နေပါပြီ။ ရုတ်တရက် မှောင်အတိကျသွားတာကို သိလိုက်ရပါတယ်။ နောက်ဆုံး သူမ အသိဝင်ပြီး ပြန်လည်နိုးထလာချိန်မှာတော့ ဆေးရုံမျက်နှာကြက်ကို မြင်ရပါတယ်။ တွယ်ရာမဲ့စွာ ဖြူလွလွအိပ်ရာခင်းကို ဆုတ်ကိုင်ထားလိုက်ပါတယ်။  သူမရဲ့ မိနိးမကိုယ်ကနေ သွေးတွေ အများကြီး ရေပိုက်ခေါင်းကနေ လွှတ်သလို တဟောဟော စီးဆင်းလာစေတဲ့ တရားခံက ဘာပါလဲဆိုတာ သူမ သိရပါပြီ …"

=====================================================

          မေရီတစ်ယောက် ကိုးလလွယ် ဆယ်လဖွားခဲ့ရတဲ့ သားလေးကို ထွေးပွေ့ရင်း အတိုင်းမသိ ကြည်နူးနေမိပါတယ်။ မွေးပြီး နှစ်ပတ်တောင် ကျော်ခဲ့ပြီဆိုတော့ အစားအအိပ် ကောင်းကောင်းနဲ့ အားပြည့်ဖြိုးလာပြီး ချစ်စရာသားလေးနဲ့ မိသားစုနဲ့ ပျော်နေပီပေါ့။

          ကြောက်စရာအတွေ့အကြုံကို မကြုံခင် ညနေခင်းလေးကတော့ သာသာယာယာပါပဲ။

          သူမဟာ အိမ်သာထဲမှာ အောက်အခံကို လဲလှယ်ရင်း သွေးအရောင်နဲ့ ပမာဏ နည်းနည်းများနေတယ်လို့ တွေးနေမိပါတယ်။ ခါးထဲမှာ သရိုးသရီနဲ့ ကိုက်သလို ရှိနေတတ်တာတော့ လေးငါးရက်ရှိပြီ။ သွေးကျန်တွေ ဆင်းတာနေမှာပါ။ နီရဲရဲသွေးတွေဟာ သူမ မွေးပြီးကာစကအတိုင်း အောက်ခံနှစ်ခုကို ရွှဲနစ်နေစေပါတယ်။

          သူမဟာ ပက်လက်ကုလားထိုင်ပေါ် ပြန်ထိုင်နေလိုက်ပြီး နောက်မှီကို မှီချလိုက်ပါတယ်။ ဆယ်မိနစ်အတွင်း မသိုးမသန့် ခံစားလာရတာနဲ့ သူမ အိမ်သာကို ထပ်ဝင်ပြီး အောက်ခံကို စစ်ပါတယ်။

          " ရွှဲနေတာပဲ ... များလိုက်တာ "

          သူမ ရပ်နေရင်း အထဲက အခုအခံတွေ တဖြည်းဖြည်းချင်း စိုလာတာကို ခံစားနေရပါတယ်။ မိန်းမကိုယ်ကနေ သွေးခဲတွေ လေးငါးခဲ ထွက်လာပါပြီ။

          ရင်တွေတုန်လာပြီး လှပ်လှပ်လှပ်လှပ် ဖြစ်လာတာကြောင့် မိခင်နဲ့ အမျိုးသားကို အော်ခေါ်မိပါတယ်။ သူမအမျိုးသားက ဓာတ်ခွဲမှူးဖြစ်ပါတယ်၊ ချက်ချင်းပြန်လာပြီး သူမကို ကြည့်ပါတယ်။ စိုးရိမ်မျက်နှာကိုယ်စီနဲ့  ဆရာဝန်ဆီသွားဖို့ ကားမောင်းထွက်ခဲ့ကြပါတယ်။

          ဆေးခန်းရောက်တော့ သူမကို ခွဲပေးတဲ့ဆရာဝန်ကို မတွေ့ပါဘူး။ အဲဒီအချိန်မှာ သူမ ခေါင်းတွေ ရိပ်ရိပ်ရိပ်ရိပ်နဲ့ မူးနောက်နေပါပြီ။ ဆရာဝန်အခန်းကို ဝင်လိုက်တဲ့အချိန်မှာ သူမရဲ့ ပေါင်ကြားတွေကနေ သွေးတွေ ယိုစီးကျလာတာကို ခံစားလာရပါတယ်။ ကြမ်းပြင်ပေါ်မှာ အစက်စက်တွေ။ ဒီလောက်များတဲ့သွေးတွေ ဘယ်ကဆင်းလာတာလဲ။ သူမကလေးလည်း မွေးပြီးပြီ။ သူမ ဆေးရုံ ထပ်မသွားချင်တော့ဘူး၊ သိပ်ကို ပင်ပန်းနေပြီ။

          ဆရာဝန်နဲ့ ခင်ပွန်းနဲ့ အပြန်အလှန် ပြောနေတာကို မကြားတစ်ချက်၊ ကြားတစ်ချက်ဖြစ်နေတုန်း သူမ ထိုင်ခုံပေါ်ကနေ ဝုန်းခနဲ လဲကျသွားပါတော့တယ်။ လောကကြီးတစ်ခုလုံး အမှောင်ဖုံးလို့။ ရင်တွေ တုန်နေတယ်။ မောနေတယ်။ ခြေထောက်တွေ ထုံနေတယ်။ ချွေးတွေ ရွှဲနေတယ်။ ကြောက်လိုက်တာ အမေရေ ... မောင်ရေ ... အို ... ဘုရားသခင် ... သားလေးနဲ့ မခွဲပါရစေနဲ့။

          သူမ လူနာတင်ကားပေါ်မှာ ဆက်တိုက် အန်နေပါတယ်။ အောက်ကနေ ပူနွေးတဲ့ သွေးတွေကတော့ ဒလဟောစီးဆင်းလို့။ လက်က ပြွန်ကနေ အရည်တွေ ဆက်တိုက်ဝင်နေတယ်။ လောကကြီး ချာချာလည်နေပါပြီ။ သူမ အသိဝင်ပြီး ပြန်လည်နိုးထလာချိန်မှာတော့ ဆေးရုံမျက်နှာကြက်ကို မြင်ရပါတယ်။ သူမ တွယ်ရာမဲ့စွာ ဖြူလွလွအိပ်ရာခင်းကို ဆုတ်ကိုင်ထားလိုက်ပါတယ်။

          သူမရဲ့ မိန်းမကိုယ်ကနေ သွေးတွေ ပြွန်ကနေ လွှတ်သလို တဟောဟော စီးဆင်းလာစေတဲ့ တရားခံက ဘာပါလဲဆိုတာ သူမ သိရပါပြီ။

          " သမီး ... သားလေးကို မွေးတုန်းက သမီးရဲ့သားအိမ်ထဲမှာ အချင်းစအသေးလေး ကပ်ကျန်ခဲ့တယ်။ တကယ့်သေးသေးလေး၊ အဲဒီအချင်းလေးက သားအိမ်နံရံမှာ ကပ်နေတာ။ သူက စကွာလာတဲ့အချိန်မှာ သူ ကပ်နေတဲ့နေရာက  သားအိမ်နံရံနဲ့ ချိတ်ဆက်နေတဲ့ သွေးကြောတွေ ပွင့်သွားပြီး အဲဒီသွေးကြောအပွင့်တွေကနေ သွေးတွေ အများကြီး ဆင်းလာတာ။ ရေပိုက်ခေါင်းကို ဖွင့်ချလိုက်သလိုပေါ့။ ဆေးရုံကို အချိန်မီလေးပဲ၊ အခုတော့ အဲဒီဒုက္ခပေးတဲ့ အချင်းစလေးကို ဖယ်လိုက်ပြီ။ သမီး သိပ်မကြာခင် နေကောင်းလာမှာပါ ..."

          သူမရဲ့ သားဖွားမီးယပ်ဆရာဝန်ရဲ့ နွေးထွေးစွာ ရှင်းပြမှုကို နားဆင်ရင်း သူမ သေတွင်းကနေ သီသီလေး လွတ်ခဲ့တာကို ကြောက်အားပိုရင်း တအံ့တသြ ဖြစ်နေမိပါတယ်။

          ဒီလောက်အများကြီး ဆင်းလာတဲ့သွေးခဲတွေ သူမပေါင်ကြားကနေ တရစပ် ယိုကျလာတဲ့ သွေးပူပူနွေးနွေးတွေ သူမကို ခဏလေးအတွင်းမှာ ဇီဝိန်ချွေသွားနိုင်တဲ့ သွေးထွက်လွန်ကဲမှုရဲ့ တရားခံက ကလေးမွေးတုန်းက သားအိမ်နံရံမှာ ကပ်ကျန်ခဲ့တဲ့ သေးကွေးတဲ့အချင်းစလေးပါတဲ့။

=====================================================

          ကလေးမွေးပြီး သွေးပြန်ဆင်းတဲ့အခါ များသောအားဖြင့် မွေးပြီး ၂၄ နာရီအတွင်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့  မွေးပြီး တစ်လအတွင်းလည်း ရုတ်တရက် သွေးဆင်းလာနိုင်ပါသေးတယ်။ သွေးဆင်းတဲ့အခါ အကျိုးအကြောင်းတွေကတော့ အမျိုးမျိုးပါပဲ။ ဥပမာ - အခုနက အမျိုးသမီးလေးလို သားအိမ်နံရံမှာ အချင်းစလေး ကပ်ကျန်ခဲ့တာမျိုးပေါ့။ သွေးဆင်းတဲ့ ပမာဏပေါ် မူတည်ပြီး နောက်ဆက်တွဲပြဿနာတွေ များနိုင်တာပေါ့။ ဒီတော့ အသစ်စက်စက် မေမေတို့အနေနဲ့ မီးဖွားပြီး သွေးဆင်းတာကို ဂရုတစိုက် စောင့်ကြည့်ဖို့ များရင်များသလို ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးပြသ တိုင်ပင်ကြဖို့ သတိနဲ့ အသိပညာ မျှဝေလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


=====================================================















=====================================================

