/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မီးဖွားပြီးစမေမေတို့အတွက်-နာကျင်မှုကို-သက်သာစေမယ့်-နည်းလမ်းများ

မီးဖွားပြီးစမေမေတို့အတွက် နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကလေးမွေးပြီးနောက်မှာ အမျိုးသမီးတိုင်းလိုလိုဟာ အနည်းနှင့်အများ နာကျင်ကိုက်ခဲမှုတွေနှင့် ရင်ဆိုင်ရပါတယ်။ ရိုးရိုးမွေးသောမိခင်များမှာဆိုရင် မွေးလမ်းကြောင်းတစ်ဝိုက်နား သွေးခြေဥခြင်းနှင့် ရောင်ကိုင်းခြင်းနှင့် မွေးလမ်းကြောင်းချဲ့ထားသောချုပ်ရိုးမှ နာကျင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဗိုက်ခွဲမွေးထားသောမိခင်တွေမှာလည်း ချုပ်ရိုးနာကျင်ခြင်းကြောင့် လှုပ်ရှားရခက်ခဲတာတွေ တွေ့ကြုံနိုင်ပါတယ်။

ဆေးရုံတက်နေစဉ် တောက်လျှောက်မှာတော့ နာကျင်မှုကို နံပါတ် ၁ ကနေ ၁၀ အတွင်း သတ်မှတ်ပြီး မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။ လုံးဝမနာကျင်ပါက ၀ ဖြစ်ပြီး အရမ်းဆိုးရွားစွာ နာကျင်ပါက ၁၀ အဖြစ် သတ်မှတ်မှာပါ။

နာကျင်ကိုက်ခဲခြင်းများကို သက်သာစေဖို့ ဆရာဝန် ညွှန်ကြားချက်ဖြင့် အကိုက်အခဲပျောက်ဆေးသောက်ခြင်း သို့မဟုတ် ဆေးထိုးခြင်း ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် စတင်ကိုက်ခဲပြီဆိုတာနှင့် ဆရာ/ဆရာမများကို အသိပေးသင့်ပါတယ်။

ဆေးသောက်ခြင်းအပြင် ချုပ်ရိုးပေါ်သို့ ရေခဲကပ်ခြင်းနှင့် ချုပ်ရိုး မနာအောင်ထိုင်တဲ့နည်း/ လဲလျောင်းတဲ့နည်းကို အသုံးပြုနိုင်ပါတယ်။

Obimin 1

>>  မွေးပြီးနောက်ပိုင်း သွေးဆင်းခြင်းနှင့် နာကျင်ခြင်း
ရင်သွေးလေး မွေးဖွားပြီးချိန်မှာလည်း သားအိမ်ကနေသွေးနှင့် တစ်သျှူးစများကို ညှစ်ထုတ်ပေးနေဆဲမို့ နာကျင်တတ်ပါတယ်။ ဒီလိုမျိုး မိန်းမကိုယ်ကနေ သွေးဆင်းခြင်းဟာ မွေးပြီး ၂ ပတ်ကနေ ၆ ပတ်လောက်ထိ ဆက်လက်ဖြစ်နိုင်ပါတယ်။

မွေးပြီးပြီးချင်းရက်များမှာဆိုရင် သွေးဆင်းတာများတတ်ပြီး သွေးဟာလည်း အနီတောက်တောက်တွေ ဆင်းလေ့ရှိနိုင်ပါတယ်။ မန်ကျည်းစေ့အရွယ်လောက် သွေးခဲတွေဆင်းတာလည်း ရှိတတ်ပါတယ်။ ဒီထက်ပိုကြီးတဲ့သွေးခဲတွေ ဆင်းတာမျိုး၊ တစ်နာရီအတွင်း အောက်ခံ လဲရလောက်အောင် သွေးဆင်းများတာမျိုးရှိပါက ဆရာဝန်ကို အသိပေးသင့်ပါတယ်။

မွေးပြီး ဒုတိယပတ်လောက်မှာတော့ သွေးဆင်းနည်းသွားတတ်ပြီး သွေးအရောင်ဟာလည်း အနီတောက်တောက်နေ ပန်းရောင် (သို့) အညိုရောင် ဖြစ်သွားနိုင်ပါတယ်။

သွေးဆင်းနည်းသွားပြီးနောက်ပိုင်းမှာ များများပြန်လည်ဆင်းခြင်း (သို့) သွေးခဲများ ပြန်ဆင်းတာမျိုးရှိပါက အနားယူဖို့ လိုအပ်ကြောင်း ပြသနေပါတယ်။ အလှုပ်အရှားနည်းအောင်ဆင်ခြင်ပြီး ငြိမ်ငြိမ်သက်သက် အနားယူသင့်ပါတယ်။

Obimin 2

မီးဖွားပြီးနောက်ပိုင်းမှာ သားအိမ်လှုပ်ရှားမှုများ ဆက်လက်ရှိနေသေးတဲ့အတွက် ဗိုက်နှင့်ဆီးစပ် နာကျင်ခြင်းများကို ခံစားရတာ ပုံမှန်ဖြစ်ပါတယ်။ ဒီလိုနာကျင်ခြင်းဟာ မွေးပြီး ၂ ရက်နှင့် ၃ ရက်မြောက်တွင် အဆိုးဆုံးဖြစ်လေ့ရှိပြီး ဒုတိယနှင့် တတိယရင်သွေးလေး မီးဖွားသူတွေမှာ ပိုမိုနာကျင်တတ်ပါတယ်။

>>  မီးဖွားပြီးနောက် နာကျင်ခြင်းတွေကို သက်သာဖို့ အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။
●  မကြာခဏ မိခင်နို့တိုက်ခြင်း
●  အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း
●  မွေးပြီး သိပ်မကြာခင် လမ်းလျှောက်ခြင်း
●  ဆီး မကြာခဏသွားခြင်း
●  အကိုက်အခဲပျောက်ဆေးသောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် နာကျင်မှုသက်သာအောင် ကြိုးစားနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)