/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မေမေဗိုက်တို့-သိထားသင့်တဲ့-ကိုယ်ဝန်ဆောင်ချိန်မှာ

မေမေဗိုက်တို့ သိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်ကာလဟာ အထူးဂရုတစိုက် ဖြတ်သန်းရတဲ့အချိန်ဆိုရင် မမှားပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာလည်း အချို့သောကျန်းမာရေးပြဿနာတွေနှင့် ရင်ဆိုင်ရတတ်ပြီး ဂရုမပြုမိပါက ဆိုးရွားတဲ့အခြေအနေအဖြစ် ရောက်ရှိနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အထူးဂရုပြုသင့်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)  မိန်းမကိုယ် သွေးဆင်းခြင်း
ကိုယ်ဝန်ဆောင်ကာလမှာ သွေးဆင်းပြီဆိုတာနှင့် ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။ မကြာခဏ သွေးဆင်းတာမျိုး၊ သွေးဆင်းပြီးနောက် ခါးကိုက်ခြင်း ဖြစ်ပေါ်နေပါက  ဆရာဝန်ကို ချက်ချင်း အသိပေးသင့်ပါတယ်။

(၂)  အချင်းရှေ့ရောက်ခြင်း
အချင်းဟာ သားအိမ်အောက်ဘက်နားမှာ ရှိနေပြီး သားအိမ်ခေါင်းကို ဖုံးထားတဲ့အနေအထား ဖြစ်ပါတယ်။ ဒီအနေအထားမှာဆိုရင် သွေးဆင်းခြင်းဖြစ်ပေါ်ဖို့ အလားအလာများပြီး အထူးစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

Obimin 1

(၃)  ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်း
ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ သွေးပေါင်ပုံမှန်တိုင်းတာနေဖို့ လိုအပ်ပါတယ်။ သွေးပေါင်မြင့်တက်နေပါက သွေးတိုးခြင်းနှင့် ဆိုးရွားပါက ကိုယ်ဝန်ဆိပ်တက်ခြင်းအထိ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ပေါ်ရင်တော့ ကလေးကော မိခင်မှာပါ ဆိုးကျိုးများနှင့် ရင်ဆိုင်ရတတ်ပါတယ်။

(၄)  ကိုယ်ဝန်ဆိပ်တက်ခြင်း
ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ချိန် အဆမတန်မြင့်တက်ခြင်းကြောင့် ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်ပေါ်နိုင်ပြီး ဆိုးရွားပါက ကလေးကော မိခင်ပါ အသက်ထိခိုက်တတ်ပါတယ်။

Obimin 2

(၅)  ခြေသလုံးအတွင်းဘက် သွေးပြန်ကြော သွေးခဲခြင်း (Deep Vein Thrombosis)
ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ၄ နာရီထက် ပိုပြီးထိုင်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အချိန်ကြာကြာ လေယာဉ်စီးခြင်းနှင့် ဆေးရုံပေါ်တွင် ငြိမ်သက်စွာ လှဲနေရခြင်းတို့ကြောင့် ခြေထောက်နှင့်ခြေသလုံးတွင်းရှိ သွေးပြန်ကြော သွေးခဲခြင်း ဖြစ်ပေါ်စေပါတယ်။

(၆)  ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်ခြင်း
အကြမ်းဖျဉ်းအားဖြင့် အမျိုးသမီးအယောက် ၁၀၀ တွင် ၄ ယောက်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါ ဖြစ်ပေါ်လေ့ရှိပါတယ်။ များသောအားဖြင့် ကလေးမွေးပြီးချိန်မှာတော့ သွေးတွင်းအချိုဓာတ်ဟာ ပုံမှန်သို့ ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။ ဒါပေမဲ့ သွေးတွင်းအချိုဓာတ် အလွန်မြင့်မားရင်တော့ နောက်ဆက်တွဲဆိုးကျိုးများကို ကြုံတွေ့နိုင်ပါတယ်။ မွေးလာသော ကလေးမှာလည်း သွေးတွင်းအချိုဓာတ်ကို စစ်ဆေးဖို့ လိုအပ်ပါတယ်။

မေမေဗိုက်တို့အနေနှင့် အခုဖော်ပြသွားတဲ့ ကျန်းမာရေးပြဿနာတွေနှင့် ရင်ဆိုင်ရပါက မပေါ့ဆဘဲ ဆရာဝန် ညွှန်ကြားချက်များကို နေ့စဉ်လိုက်နာပြီး မိမိကိုယ်ကို ကောင်းစွာ ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)