/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မွေးခါနီးလပိုင်းအလိုမှာ-ကလေးက-ခြေထောက်သို့-တင်ပဆုံပိုင်း

မွေးခါနီးလပိုင်းအလိုမှာ ကလေးက ခြေထောက်(သို့) တင်ပဆုံပိုင်း အနေအထားဖြင့် မွေးလမ်းကြောင်းကို ဦးတည်နေတယ်ဆိုရင် ဘာတွေသိထားသင့်သလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

            ကိုယ်၀န်ဆောင်စအချိန်မှာ သနေ္ဓသားလောင်းဟာ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ကိုယ်၀န် 36 ပတ်၀န်းကျင်နား ရောက်လာတာနဲ့ တစ်ပြိုင်နက် မွေးလမ်းကြောင်းဘက်ကို ခေါင်းတည်ထားပြီး မွေးဖွားဖို့အတွက် အကောင်းဆုံးအနေအထားဖြစ်အောင် ပြင်ဆင်နေထိုင်ပါတယ်။ ဒါပေမဲ့ 3% ကနေ 4% ခန့် ကလေးတွေမှာတော့ နေစေ့လစေ့ ဖြစ်သည့်တိုင်အောင် ခေါင်းကို အောက်သို့မစိုက်ဘဲ တင်ပဆုံဖြင့်သာ မွေးလမ်းကြောင်းဘက်ကို ဦးတည်ထားလေ့ရှိပါတယ်။

•           ခြေထောက်နှစ်ချောင်းစလုံး အပေါ်သို့ ထောင်ထားသောပုံစံဖြင့် တင်ပဆုံပိုင်းဖြစ်နေခြင်း (အတွေ့ရအများဆုံးပုံစံ)

•           ခြေချောင်းချိတ်ထားသောပုံစံဖြင့် တင်ပဆုံပိုင်းဖြစ်နေခြင်း

•           ခြေထောက်တစ်ချောင်း (သို့) နှစ်ချောင်းလုံး တွဲလောင်းချထားသောပုံစံဖြင့် တင်ပဆုံပိုင်းဖြစ်နေခြင်း (ဆိုလိုသည်မှာ မွေးဖွားတဲ့အချိန်မှာ ခြေထောက်မှာ အရင်ဆုံး အပြင်သို့ ရောက်လာပါတယ်။)

            မွေးဖွားမယ့်ရက် မတိုင်မီ ရက်သတ္တပေါင်းများစွာက တင်ပဆုံပိုင်းအနေအထားဖြင့် ရှိသည့်တိုင် မွေးဖွားတဲ့အချိန်မှာ တင်ပဆုံဖြင့် မွေးမယ်လို့ မပြောနိုင်ပါဘူး။ အချို့သနေ္ဓသားလောင်းတွေမှာ မမွေးဖွားမီ ရက်အနည်းငယ်ခန့်ထိပင် တင်ပဆုံပိုင်းအနေအထားနဲ့ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ နေ့စေ့လစေ့ ဖြစ်တဲ့အချိန်ထိ တင်ပဆုံအနေအထားနဲ့ ရှိနေပါက မွေးလမ်းကြောင်းမှ မွေးဖွားရန် အခက်အခဲရှိနိုင်ပါတယ်။ ကံကောင်းတာကတော့ မွေးဖွားရက်မတိုင်မီ ကလေးအနေအထားကို ဆရာ၀န်မှ ပြောင်းပေးနိုင်ပါတယ်။

 

♦ တင်ပဆုံပို်င်းအနေအထားဖြစ်ကြောင်း အတည်ပြုခြင်း

            မွေးရက်မတိုင်မီ ဆရာ၀န် (သို့) သားဖွားဆရာမမှ မိခင်ရဲ့၀မ်းဗိုက်နဲ့ သားအိမ်ကို အပြင်ဘက်မှ စမ်းသပ်ကြည့်ခြင်းဖြင့် သနေ္ဓသားလောင်းရဲ့ အနေအထားကို သိရှိနိုင်ပါတယ်။ တင်ပဆုံပိုင်းအနေအထားဆိုပါက လုံး၀န်းမာကျောတဲ့ခေါင်းဟာ သားအိမ်နားမှာရှိနေပြီး ပျော့ပျောင်း၍ လုံး၀န်းမှုမရှိတဲ့ တင်ပဆုံကိုမူ သားအိမ်အောက်နားမှာ စမ်းသပ်မိနိုင်ပါတယ်။ တင်ပဆုံပို်င်းအနေအထားဟု သံသယရှိပါက အတည်ပြုရန် ဆရာ၀န်မှ တယ်လီဗီးရှင်းဓာတ်မှန် ရိုက်ပါလိမ့်မယ်။

 

♦ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

            တစ်ခါတစ်ရံမှာ သနေ္ဓသားလောင်းဟာ ဘာကြောင့်တင်ပဆုံပိုင်း အနေအထားဖြစ်လဲဆိုတာ သေချာမပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကတော့ -

•           သားအိမ် ပုံမှန်မဟုတ်ခြင်း - သားအိမ်ပုံမမှန်မှုများဟာ မွေးဖွားစဉ်ကတည်းက ပါလာတတ်သလို ခွဲစိတ်ကုသရာမှ အမာရွတ်ကျန်ခြင်း၊ သားအိမ်ပိုး၀င်ခြင်း၊ သားအိမ်၌ အလုံးတည်ခြင်းများကြောင့်လည်း ဖြစ်တတ်ပါတယ်။  အကျိုးဆက်အနေနဲ့ကတော့ ကလေးငယ်ဟာ ကြီးထွားဖို့နေရာ အလုံအလောက်မရရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကို တယ်လီဗီးရှင်းဓာတ်မှန် ရိုက်ခြင်းဖြင့် သိနိုင်ပါတယ်။

•           အချင်းအနေအထား - အချင်းဟာ အောက်ဘက်ရောက်နေပါက သားအိမ်၀ကို ပိတ်ထားခြင်း၊ သားအိမ်နံရံအပေါ်ဘက် ရောက်နေပါက ကလေးငယ်ရဲ့ဦးခေါင်း လှည့်ရာတွင် အတားအဆီးဖြစ်ခြင်းတို့ကြောင့် တင်ပဆုံပို်င်း အနေအထားဖြစ်ရခြင်း ဖြစ်ပါတယ်။

•           ရေမြွှာပမာဏနည်းခြင်း (သို့) များခြင်း - ရေမြွှာရေ မလုံလောက်ပါက ကလေးငယ်သည် ဦးခေါင်းမလှည့်နိုင်သလို ရေမြွှာများလွန်းပါကလည်း နေရာအလွန်ကျယ်တာကြောင့် မမွေးဖွားမီအချိန်ထိ ပုံသဏ္ဌာန်အနေအထား အမျိုးမျိုး ပြောင်းနေနိုင်ပါတယ်။

•           သနေ္ဓသားလောင်း မူမမှန်ခြင်း - ရှားရှားပါးပါးအနေနဲ့ သနေ္ဓသားလောင်းရဲ့ကြွက်သား (သို့) ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေကြောင့် တင်ပဆုံပို်င်းအနေအထား ဖြစ်နိုင်ပါတယ်။ ချက်ကြိုးတိုခြင်းဟာလည်း ကလေးငယ်ရဲ့ လှုပ်ရှားမှုကို ကန့်သတ်နိုင်ပါတယ်။

•           အမြွှာကိုယ်၀န်ဖြစ်ခြင်း - အမြွှာကိုယ်၀န်ဖြစ်ပါက လှုပ်ရှားဖို့နေရာ ကျဉ်းလွန်းတာကြောင့် သနေ္ဓသားလောင်းတွေဟာ ခေါင်းအနေအထားနဲ့ မွေးဖို့ ခက်ခဲတတ်ပါတယ်။

 

♦ ဖြစ်ပွားမှုနှုန်း မြင့်တက်စေတဲ့အချက်များ

•           တင်ပဆုံပို်င်း ကလေးမွေးဖွားဖူးခြင်း - ယခင်က တင်ပဆုံပိုင်းအနေအထားနဲ့ သနေ္ဓသားလောင်းကို ကိုယ်၀န်ဆောင်ဖူးပါက နောက်အကြိမ် ကိုယ်၀န်ဆောင်ရာမှာ တင်ပဆုံပို်င်းအနေအထားဖြစ်ဖို့ အခွင့်အလမ်း ပိုမိုများပြားပါတယ်။

•           နေ့မစေ့ဘဲ ကလေးမွေးခြင်း - ကလေးစောစောမွေးလေလေ တင်ပဆုံပိုင်းအနေအထားနဲ့ မွေးရဖို့ အခွင့်အလမ်းများလေလေ ဖြစ်ပါတယ်။ 25% သော တင်ပဆုံပိုင်း ကလေးငယ်တွေဟာ ကိုယ်၀န်အပတ် 28 ပတ်မှာ မွေးဖွားတတ်ကြပြီး 34 ပတ် ရောက်တဲ့အချိန်မှာတော့ 7% ခန့်သာ တင်ပဆုံအနေအထားနဲ့ မွေးနိုင်ပါတော့တယ်။

•           မိဘနှစ်ဦးစလုံးဟာ တင်ပဆုံပိုင်းအနေအထားဖြင့် မွေးဖွားခဲ့ကြခြင်း

•           ဆေးလိပ်သောက်ခြင်း

•           ကိုယ်အလေးချိန် - နေ့စေ့လစေ့အချိန်မှာ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် ကျော်လွန်နေတဲ့ မိခင်လောင်းတွေဟာ တင်ပဆုံအနေအထား ကလေးငယ်တွေကို မွေးဖွားဖို့ အခွင့်အလမ်း ပိုမိုများပြားပါတယ်။

            ဒါပေမယ့် အထက်မှာဖော်ပြထားတဲ့ အကြောင်းအရင်းတွေမရှိဘဲနဲ့လည်း တင်ပဆုံပို်င်း ကလေးမွေးဖွားနိုင်ပါတယ်။

♦ မမွေးဖွားခင် ကလေးအနေအထားမှန်အောင် ဘယ်လိုလုပ်မလဲ?

            ကိုယ်၀န် 37 ပတ် ရောက်သည့်တိုင်အောင် သနေ္ဓသားလောင်းဟာ သဘာ၀အတိုင်း ပြန်မလှည့်ဘဲ တင်ပဆုံအနေအထားနဲ့ ဆက်လက်တည်ရှိနေပါက ဆရာ၀န်မှ သားအိမ်ပြေလျော့ဆေးပေးကာ ကလေးကို အနေအထားမှန်အောင် ဗိုက်ပေါ်မှ ပြန်လှည့်ပေးကြပါတယ်။ ဒီလိုလှည့်ခြင်းကြောင့် နာကျင်မှုေ၀ဒနာ မခံစားရသော်လည်း မသက်မသာတော့ ဖြစ်တတ်ပါတယ်။ ပုံမှန်အနေအထားရောက်အောင် ပြင်ပမှ လှည့်ပေးခြင်းရဲ့ တစ်၀က်ခန့်လောက်ဟာ အောင်မြင်လေ့ရှိသော်လည်း အချို့မှာမူ လှည့်ပေးပြီးသည့်တိုင် တင်ပဆုံပိုင်းအနေအထား ပြန်ရောက်သွားတတ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပွားပါက ဆရာ၀န်မှ နောက်တစ်ကြိမ် ထပ်မံကြိုးစားနိုင်သော်လည်း မွေးဖွားရက်နှင့် အလွန်နီးကပ်လာတာကြောင့် ကလေးလှည့်ဖို့နေရာ ကျဉ်းလာတဲ့အတွက် ပိုမိုခက်ခဲနိုင်ပါတယ်။

 

♦ မွေးဖွားမည့်ရက် ရောက်သည့်အချိန်ထိ တင်ပဆုံပိုင်း အနေအထားအတိုင်း ဆက်လက်တည်ရှိနေပါက ဘာတွေဖြစ်နိုင်ပါသလဲ?

            ရေမြွှာမပေါက်သေးဘဲ ဆေးရုံရောက်လာပါက ဆရာ၀န်မှ အနေအထားမှန်အောင်လှည့်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ နေ့စေ့လစေ့ ဖြစ်နေပါက (သို့) ရေမြွှာပေါက်ပြီးပါက (သို့) ဗိုက်စနာနေပြီဆိုပါက အနေအထားမှန်အောင် လှည့်ဖို့အတွက် နောက်ကျသွားပြီ ဖြစ်ပါတယ်။

            သုတေသန ပြုလုပ်ချက်တွေအရ တင်ပဆုံပိုင်းကိုယ်၀န်တွေရဲ့ 90% ခန့်ကို ခွဲမွေးတယ်ဆိုပေမယ့် ဆရာ၀န်တွေကတော့ ရိုးရိုးမွေးလမ်းကြောင်းမှ မွေးနိုင်အောင် ဦးစွာကြိုးစားကြပေလိမ့်မယ်။ ရိုးရိုးမွေးဖွားရာတွင် အောင်မြင်နိုင်ခြေများတဲ့ အကြောင်းအရင်းတွေကတော့ -

•           နေ့စေ့လစေ့ဖြစ်ခြင်း၊ ခြေထောက်နှစ်ချောင်းစလုံး အပေါ်သို့ ထောင်ထား၍ တင်ပဆုံပိုင်းခြင်း၊ ကလေး အလွန်မဖွံ့ခြင်း

•           မွေးလမ်းကြောင်းကျယ်ခြင်း (ယခင်က ရိုးရိုးမွေးလမ်းကြောင်းမှ ကလေးမွေးဖူးခြင်း)

•           ကိုယ်၀န်ဆောင်ကာလတစ်လျှောက် မည်သည့်ပြဿနာမျှမရှိခြင်း (ဥပမာ - ဆီးချိုတက်ခြင်း၊ သွေးတိုးခြင်း)

•           သနေ္ဓသားလောင်းတွင် အသက်ရှူပြဿနာမရှိခြင်း

•           အမြွှာကိုယ်၀န်ဖြစ်ပါက ပထမကလေးမှာ ခေါင်းနှင့်ဆင်း၍ အခြားကလေးမှာ တင်ပဆုံဖြစ်ခြင်း

(ပထမကလေး၏ခေါင်းသည် သားအိမ်၀ကိုပွင့်စေ၍ တင်ပဆုံပိုင်းကလေးအတွက် လမ်းကြောင်းဖန်တီးပေးခြင်း)

•           တင်ပဆုံကလေးကို ရိုးရိုးမွေးလမ်းကြောင်းမှ မွေးဖွားဖူးတဲ့အတွေ့အကြုံရှိဆရာ၀န်မှ မွေးဖွားပေးခြင်း

            နောက်ဆက်တွဲဆိုးကျိုးအများစု (ချက်ကြိုးကျွံကျခြင်း၊ ကလေးဦးခေါင်း၊ ဦးနှောက်နဲ့ ခြေလက်များ ထိခိုက်မိခြင်း၊ မွေးလမ်းကြောင်း၌ ကလေးဦးခေါင်းညပ်ခြင်း၊ မွေးဖွားချိန် ကြာမြင့်၍ ခက်ခဲခြင်း၊ မွေးလမ်းကြောင်း ဒဏ်ရာရခြင်း) သည် ရိုးရိုးမွေးလမ်းကြောင်းမှမွေး၍ ကြိုးစားတဲ့အခါမှာ ဖြစ်တတ်တာကြောင့် ဆရာ၀န်မှ ခွဲမွေးရန် အကြံပြုတဲ့အခါမှာ လက်ခံသင့်ပါတယ်။

            နေ့စေ့လစေ့အချိန်မှာ ကလေးငယ်ဟာ မွေးလမ်းကြောင်းကို ဦးခေါင်းဖြင့် တည်ထားပါက၊ စိတ်ပူပန်စရာမလိုပေမယ့် တင်ပဆုံပိုင်းအနေအထားဆိုပါက၊ ဘယ်လိုမွေးမလဲဆိုတာ ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။ ဆရာ၀န်မှ ရိုးရိုးမွေးရန် ကြိုးစားပေးမည်ဆိုသည့်တိုင်အောင် သားအိမ်ပွင့်နှုန်း နှေးကွေးခြင်း၊ ကလေးမဆင်းခြင်းနှင့် အခြားပြဿနာများ ဖြစ်ပေါ်လာပါက ခွဲမွေးရနိုင်ပါတယ်။ ဒါကြောင့် မွေးဖွားရက်မတိုင်မီ ဆရာ၀န်နှင့် တိုင်ပင်၍ ကြိုတင်ပြင်ဆင်သင့်သည်များအားလုံးကို ပြင်ဆင်ထားသင့်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)