မွေးဖွားခါနီးရင် ဘယ်လိုလက္ခဏာတွေပြလဲ
မွေးရမယ့်ရက်နီးလာပြီဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မွေးတော့မယ့်လက္ခဏာတွေကို သေချာလေ့လာထားမှ အဆင်သင့်ဖြစ်နေမှာပါ။ အထူးသဖြင့် သားဦးမိခင်တွေမှာ မွေးခါနီးလို့ ဗိုက်နာတာလား ဆိုတာကို သေချာသိထားဖို့ လိုပါတယ်။ မွေးတော့မယ့်လက္ခဏာတွေပြပြီဆိုရင် အထုပ်ဆွဲပြီးတော့ ဆေးရုံသွားရပါတော့မယ်။
>> ကလေးမွေးတော့မယ်ဆိုရင် ဘာလက္ခဏာတွေပြလဲ?
● သားအိမ်က ပုံမှန်ညှစ်နေမယ်။ သားအိမ်ညှစ်တဲ့အခါမှာ ဗိုက်နာ၊ ခါးနာပါလိမ့်မယ်။ တစ်ခါနာရင် ၃၀-၇၀ စက္ကန့်လောက် ကြာတတ်ပြီးတော့ ၅-၁၀ မိနစ်ခြားတစ်ကြိမ်လောက် ဗိုက်နာပါလိမ့်မယ်။ ဗိုက်အရမ်းနာလွန်းလို့ နာနေတဲ့အချိန်ဆို လမ်းလည်းမလျှောက်နိုင် စကားလည်းမပြောနိုင်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ဗိုက်ပိုနာပြီးတော့ အနာလည်း စိပ်လာပါလိမ့်မယ်။
● ဗိုက်နဲ့ ခါးတွေနာမယ်။ နာတာက လှုပ်ရှားမှုလုပ်လို့ (သို့) ပုံစံပြောင်းလိုက်လို့ မပျောက်သွားဘူး။
● မွေးလမ်းကြောင်းကနေပြီးတော့ နီညိုရောင် အရည်ချွဲချွဲတွေ ထွက်တတ်တယ်။
● ရေမွှာရေ ပေါက်ထွက်မယ်။ (ဆီးသွားတာမဟုတ်ဘဲနဲ့ မွေးလမ်းကြောင်းကနေ ရေတွေ ဗွက်ခနဲ ထွက်ကျလာမယ်။)
မွေးခါနီးပြီလို့ ထင်ရင်တော့ မွေးထုပ်ကိုပြင်ပြီးတော့ ဆေးရုံသွားရင် သွား၊ သားဖွားဆရာမ ခေါ်ရင်ခေါ်ပါ။
>> ဒီအချက်တွေကလည်း မွေးခါနီးတဲ့လက္ခဏာတွေပါ။
● ကလေး အောက်စိုက်လာရမယ်။ ဒါက မမွေးခင် နာရီအနည်းငယ် (သို့) အပတ်အနည်းငယ်မှာ ဖြစ်ပါတယ်။
● မိန်းမကိုယ်က ပန်းရောင်အရည်ကြည်ကြည်တွေ (သို့) သွေးရောင်သန်းတဲ့အရည်တွေ ဆင်းတာ များလာပါလိမ့်မယ်။
● ဆရာဝန်၊ ဆရာမက စမ်းကြည့်တဲ့အခါမှာ သားအိမ်ခေါင်းက ပါးပြီးတော့ ပွင့်လာပြီလို့ ပြောပါလိမ့်မယ်။ ကလေးမမွေးခင်မှာ သားအိမ်ခေါင်းက 3.5-4 cm လောက် ရှည်ပါတယ်။ မွေးဖွားတော့မယ်ဆိုရင် သားအိမ်ခေါင်းအဝက 10 cm လောက် ပွင့်လာပါတယ်။
● ပြီးတော့ မိခင်တွေမှာ သဘာဝခံစားချက် ရှိပါတယ်။ ကိုယ့်ဟာကို အထုတ်တွေပြင်ထားချင်တာမျိုး၊ ကလေးအဝတ်အစားလေးတွေ၊ အခန်းလေးတွေ အသင့်ပြင်ချင်လာတာတွေ ရှိပါတယ်။ ဒါတွေက ပုံမှန်ပါပဲ။ အလွန်အကျွံမဖြစ်ဖို့တော့ လိုတာပေါ့။ ကလေးမွေးဖွားတဲ့အချိန်မှာ သုံးဖို့ အားအင်မွေးထားဖို့လည်း လိုတယ်လေ။
>> မွေးခါနီးလို့ဗိုက်နာတာနဲ့ မှားတတ်တဲ့ ဗိုက်နာခြင်း
ဗိုက်နာတိုင်းလည်း မွေးတော့မှာတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ တကယ်ဗိုက်နာတာမဟုတ်ဘဲ သရိုးသရီဖြစ်တာမျိုး ရှိတတ်ပါတယ်။ ဗိုက် တကယ်နာတာလား သရိုးသရိဖြစ်တာလားဆိုတာက အမှန်တော့ ခွဲရခက်ပါတယ်။ ဒီတော့ ဗိုက်နာလာပြီဆိုရင် နာတဲ့အချိန်ကို မှတ်ထားပြီး ဘယ်လောက်ကြာရင် နောက်တစ်ကြိမ် နာလည်းဆိုတာကို ရေးမှတ်ထားပါ။ ဗိုက်နာတာကို ၁ နာရီလောက်ကြာအောင် သေချာမှတ်ထားပါ။ ဗိုက်နာလာရင် လမ်းလျှောက်၊ လှုပ်ရှားမှုလုပ်ကြည့်ပြီးတော့ ဒီလိုလုပ်လိုက်ရင် ဗိုက်နာတာ ပျောက်သွားလားဆိုတာကို သတိထားကြည့်ပါ။ လှုပ်ရှားမှုကြောင့် ဗိုက်နာတာ ပျောက်သွားရင် ဒါက တကယ်ဗိုက်နာတာ မဟုတ်ပါဘူး။
>> လမစေ့ဘဲ မွေးတယ်ဆိုတာ ဘာလဲ?
ကိုယ်ဝန်ဆောင် ၃၇ ပတ်မတိုင်ခင်မှာ မွေးတာကို လမစေ့ဘူးလို့ သတ်မှတ်ပါတယ်။ လမစေ့ဘဲ မွေးလာတဲ့ကလေးတွေက ပိုပြီးဂရုစိုက်ဖို့လိုတဲ့အတွက် ကိုယ်ဝန် ၃၇ ပတ်မပြည့်သေးဘဲနဲ့ မွေးမယ့်လက္ခဏာတွေပြနေရင် ဆေးရုံချက်ချင်းသွားဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























