မွေးလာတဲ့ကလေးလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ပါမလာဖို့
ကိုယ်မွေးလာတဲ့ကလေး ဘယ်လိုပဲဖြစ်နေနေ ချစ်ရတာပဲဆိုပေမယ့်လည်း ဖြစ်နိုင်ရင် မွေးရာပါချို့ယွင်းချက်တွေ ပါမလာအောင် မေမေတိုင်း ကိုယ်တတ်နိုင်တဲ့ဘက်က ကာကွယ်ဖို့ လိုပါတယ်။
၄ မိနစ်ခွဲခြားတစ်ခါလောက်မှာ မွေးရာပါချို့ယွင်းချက်ပါတဲ့ ကလေးတစ်ယောက်စီ မွေးပါသတဲ့။ ရောဂါကာကွယ်ရေးဌာနချုပ် အဆိုအရဆိုရင် ကလေး ၃၃ ယောက်တိုင်းမှာ ၁ ယောက်နှုန်းပါ။
စိတ်မကောင်းစရာကောင်းတာက ၇၀% သော မွေးရာပါချို့ယွင်းချက်ရဲ့ အကြောင်းရင်းကို မသိရပါဘူး။ မွေးရာပါချို့ယွင်းချက်တွေရဲ့ အဓိကအကြောင်းရင်းကိုတော့မသိပေမယ့် ဖြစ်စေနိုင်တဲ့ အကြောင်းချက်ကလေးတွေတော့ ရှိနေပါတယ်။ မွေးရာပါချို့ယွင်းချက်အများစုဟာ ကိုယ်ဝန်အစောပိုင်းကာလမှာ ဖြစ်လေ့ရှိပါတယ်။ ကိုယ်ဝန်ရှိမှန်းတောင် မသိသေးခင်အချိန်ပေါ့။ ကိုယ်ဝန်ဆောင်နေစဉ် အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ဖောလစ်အက်ဆစ် အသောက်နည်းတာ၊ ဆီးချိုမေမေတွေမှာ အချိုဓာတ်အထိန်းနည်းတာ၊ ပိုးဝင်တာ စတဲ့ အချက်တွေအားလုံးက မွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။
ဆေးလိပ်သောက်တဲ့မေမေတွေမှာ လမပြည့်ဘဲကလေးမွေးတာ၊ ပေါင်မပြည့်တာတွေ ဖြစ်တတ်ပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလေးတွေလည်း မွေးလာနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ လက်မနှေးသင့်ပါဘူးနော်။
ကိုယ်ဝန်ဆောင်တစ်ယောက် အရက်သောက်မယ်ဆိုရင်လည်း အချင်းကနေတစ်ဆင့် ကလေးဆီကိုပါ ရောက်သွားနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေလေး မွေးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် မွေးရာပါအရက်နာရောဂါစုနဲ့ မွေးဖွားလာပြီး ကြီးထွားမှုပုံမမှန်တာ၊ မျက်နှာသွင်ပြင်ပုံမမှန်တာ၊ ဦးနှောက်ဖွံ့ဖြိုးမှု ယိုယွင်းတာ၊ အသိဉာဏ်ပညာ ချို့တဲ့တာတွေ ဖြစ်လာတတ်ပါတယ်။
ဆီးချိုရောဂါဆိုတာဟာလည်း ကိုယ်ဝန်ဆောင်မေမေ အတော်များများမှာ တွေ့လာရပါပြီ။ ဆီးချိုအမျိုးအစား ၁ ဒါမှမဟုတ် ၂ ရှိတဲ့မေမေတွေမှာ သွေးအချိုဓာတ်ကိုသာ ကောင်းကောင်းမထိန်းနိုင်ရင် မွေးရာပါချို့ယွင်းမှုတွေ၊ ကလေးအသေလေး မွေးတာ၊ လမစေ့ဘဲမွေးတာတွေ ဖြစ်လာတတ်ပါတယ်။
မွေးရာပါ ချို့ယွင်းမှုတိုင်းကိုတော့ မကာကွယ်နိုင်ပေမယ့် တတ်နိုင်သမျှ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းမွေးလာဖို့ မိခင်တိုင်းမှာ တာဝန်ရှိပါတယ်နော်။ ဒီလိုကျန်းမာတဲ့ကလေးလေးတွေ မွေးလာဖို့ ကိုယ်ဝန်မဆောင်မီကတည်းက ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။
ကလေးလေးရဲ့ အဓိကအရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ ကိုယ်ဝန်အစောဆုံးပထမ ၄ ပတ်ကနေ ၈ ပတ်အတွင်းမှာ ဖွံ့ဖြိုးလာပါတယ်။ ဒါကြောင့်လည်း ဒီအချိန်အတောအတွင်းမှာ မွေးရာပါချို့ယွင်းချက် အများစု ဖြစ်တတ်ကြပါတယ်။ ဒါကို ကာကွယ်ချင်တဲ့ မေမေတို့အတွက် အရေးကြီးတဲ့ အလုပ် ၅ မျိုးကတော့ -
၁။ နေ့တိုင်းနေ့တိုင်း ဖောလစ်အက်စစ် ၄၀၀ မိုင်ခရိုဂရမ် သောက်ပေးပါ။
ဖောလစ်အက်စစ်ဆိုတာ ကလေးဦးနှောက်နဲ့ အာရုံကြော ချို့ယွင်းချက် အတော်များများကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်တစ်မျိုးပါပဲ။ ဒါကြောင့် ကလေးယူတော့မယ်ဆိုရင် ကိုယ်ဝန်မဆောင်မီ ၁ လလောက်ကတည်းကကြိုပြီး ကိုယ်ဝန်တောက်လျှောက်မှာ ဖောလစ်အက်စစ်ကို သောက်ပေးသင့်ပါတယ်။
၂။ ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ဆရာဝန်၊ ဆရာမ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသဖို့ အရေးကြီးပါတယ်။ ဆရာဝန်၊ ဆရာမတွေ ညွှန်ကြားတဲ့အတိုင်း ကိုယ်ဝန်ဆောင်အားဆေးတွေ မှန်မှန်သောက်ပါ။
၃။ ကိုယ်ဝန်မဆောင်မီကစပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေ မွေးမြူပါ။
၄။ အရက်၊ ဆေးလိပ်၊ ဆေးခြောက်၊ တရားမဝင်ဆေးဝါးတွေ၊ တချို့ဆေးဝါးတွေကို ရှောင်ဖို့လိုပါတယ်။
၅။ သောက်ဆေးတွေ၊ ကိုယ်ဝန်မဆောင်မီနဲ့ ကိုယ်ဝန်အတွင်း ထိုးရမယ့်ကာကွယ်ဆေးတွေ၊ ရောဂါပိုးမွှားတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Zawgyi)
ကိုယ္ေမြးလာတဲ့ကေလး ဘယ္လိုပဲျဖစ္ေနေန ခ်စ္ရတာပဲဆိုေပမယ့္လည္း ျဖစ္ႏိုင္ရင္ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြ ပါမလာေအာင္ ေမေမတိုင္း ကိုယ္တတ္ႏိုင္တဲ့ဘက္က ကာကြယ္ဖို႔ လိုပါတယ္။
၄ မိနစ္ခြဲျခားတစ္ခါေလာက္မွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ပါတဲ့ ကေလးတစ္ေယာက္စီ ေမြးပါသတဲ့။ ေရာဂါကာကြယ္ေရးဌာနခ်ဳပ္ အဆိုအရဆိုရင္ ကေလး ၃၃ ေယာက္တိုင္းမွာ ၁ ေယာက္ႏႈန္းပါ။
စိတ္မေကာင္းစရာေကာင္းတာက ၇၀% ေသာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ရဲ႕ အေၾကာင္းရင္းကို မသိရပါဘူး။ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြရဲ႕ အဓိကအေၾကာင္းရင္းကိုေတာ့မသိေပမယ့္ ျဖစ္ေစႏိုင္တဲ့ အေၾကာင္းခ်က္ကေလးေတြေတာ့ ရွိေနပါတယ္။ ေမြးရာပါခ်ိဳ႕ယြင္းခ်က္အမ်ားစုဟာ ကိုယ္ဝန္အေစာပိုင္းကာလမွာ ျဖစ္ေလ့ရွိပါတယ္။ ကိုယ္ဝန္ရွိမွန္းေတာင္ မသိေသးခင္အခ်ိန္ေပါ့။ ကိုယ္ဝန္ေဆာင္ေနစဥ္ အရက္ေသာက္တာ၊ ေဆးလိပ္ေသာက္တာ၊ ေဖာလစ္အက္ဆစ္ အေသာက္နည္းတာ၊ ဆီးခ်ိဳေမေမေတြမွာ အခ်ိဳဓာတ္အထိန္းနည္းတာ၊ ပိုးဝင္တာ စတဲ့ အခ်က္ေတြအားလုံးက ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြ ျဖစ္ေစႏိုင္ပါတယ္။
ေဆးလိပ္ေသာက္တဲ့ေမေမေတြမွာ လမျပည့္ဘဲကေလးေမြးတာ၊ ေပါင္မျပည့္တာေတြ ျဖစ္တတ္ပါတယ္။ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲေလးေတြလည္း ေမြးလာႏိုင္ပါတယ္။ ဒါေၾကာင့္ ေဆးလိပ္ျဖတ္ဖို႔ လက္မေႏွးသင့္ပါဘူးေနာ္။
ကိုယ္ဝန္ေဆာင္တစ္ေယာက္ အရက္ေသာက္မယ္ဆိုရင္လည္း အခ်င္းကေနတစ္ဆင့္ ကေလးဆီကိုပါ ေရာက္သြားႏိုင္ပါတယ္။ ကိုယ္ဝန္ပ်က္က်တာ၊ ကေလးအေသေလး ေမြးတာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါ့အျပင္ ေမြးရာပါအရက္နာေရာဂါစုနဲ႔ ေမြးဖြားလာၿပီး ႀကီးထြားမႈပုံမမွန္တာ၊ မ်က္ႏွာသြင္ျပင္ပုံမမွန္တာ၊ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ ယိုယြင္းတာ၊ အသိဉာဏ္ပညာ ခ်ိဳ႕တဲ့တာေတြ ျဖစ္လာတတ္ပါတယ္။
ဆီးခ်ိဳေရာဂါဆိုတာဟာလည္း ကိုယ္ဝန္ေဆာင္ေမေမ အေတာ္မ်ားမ်ားမွာ ေတြ႕လာရပါၿပီ။ ဆီးခ်ိဳအမ်ိဳးအစား ၁ ဒါမွမဟုတ္ ၂ ရွိတဲ့ေမေမေတြမွာ ေသြးအခ်ိဳဓာတ္ကိုသာ ေကာင္းေကာင္းမထိန္းႏိုင္ရင္ ေမြးရာပါခ်ိဳ႕ယြင္းမႈေတြ၊ ကေလးအေသေလး ေမြးတာ၊ လမေစ့ဘဲေမြးတာေတြ ျဖစ္လာတတ္ပါတယ္။
ေမြးရာပါ ခ်ိဳ႕ယြင္းမႈတိုင္းကိုေတာ့ မကာကြယ္ႏိုင္ေပမယ့္ တတ္ႏိုင္သမွ် က်န္းက်န္းမာမာ သန္သန္စြမ္းစြမ္းေမြးလာဖို႔ မိခင္တိုင္းမွာ တာဝန္ရွိပါတယ္ေနာ္။ ဒီလိုက်န္းမာတဲ့ကေလးေလးေတြ ေမြးလာဖို႔ ကိုယ္ဝန္မေဆာင္မီကတည္းက ႀကိဳတင္ျပင္ဆင္ဖို႔ လိုပါတယ္။
ကေလးေလးရဲ႕ အဓိကအေရးပါတဲ့ အဂၤါအစိတ္အပိုင္းေတြဟာ ကိုယ္ဝန္အေစာဆုံးပထမ ၄ ပတ္ကေန ၈ ပတ္အတြင္းမွာ ဖြံ႕ၿဖိဳးလာပါတယ္။ ဒါေၾကာင့္လည္း ဒီအခ်ိန္အေတာအတြင္းမွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ အမ်ားစု ျဖစ္တတ္ၾကပါတယ္။ ဒါကို ကာကြယ္ခ်င္တဲ့ ေမေမတို႔အတြက္ အေရးႀကီးတဲ့ အလုပ္ ၅ မ်ိဳးကေတာ့ -
၁။ ေန႔တိုင္းေန႔တိုင္း ေဖာလစ္အက္စစ္ ၄၀၀ မိုင္ခ႐ိုဂရမ္ ေသာက္ေပးပါ။
ေဖာလစ္အက္စစ္ဆိုတာ ကေလးဦးေႏွာက္နဲ႔ အာ႐ုံေၾကာ ခ်ိဳ႕ယြင္းခ်က္ အေတာ္မ်ားမ်ားကို ကာကြယ္ေပးႏိုင္တဲ့ ဗီတာမင္တစ္မ်ိဳးပါပဲ။ ဒါေၾကာင့္ ကေလးယူေတာ့မယ္ဆိုရင္ ကိုယ္ဝန္မေဆာင္မီ ၁ လေလာက္ကတည္းကႀကိဳၿပီး ကိုယ္ဝန္ေတာက္ေလွ်ာက္မွာ ေဖာလစ္အက္စစ္ကို ေသာက္ေပးသင့္ပါတယ္။
၂။ ကိုယ္ဝန္ေဆာင္ေတာ့မယ္ဆိုရင္ ဆရာဝန္၊ ဆရာမ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ျပသဖို႔ အေရးႀကီးပါတယ္။ ဆရာဝန္၊ ဆရာမေတြ ၫႊန္ၾကားတဲ့အတိုင္း ကိုယ္ဝန္ေဆာင္အားေဆးေတြ မွန္မွန္ေသာက္ပါ။
၃။ ကိုယ္ဝန္မေဆာင္မီကစၿပီး က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အမူအက်င့္ေတြ ေမြးျမဴပါ။
၄။ အရက္၊ ေဆးလိပ္၊ ေဆးေျခာက္၊ တရားမဝင္ေဆးဝါးေတြ၊ တခ်ိဳ႕ေဆးဝါးေတြကို ေရွာင္ဖို႔လိုပါတယ္။
၅။ ေသာက္ေဆးေတြ၊ ကိုယ္ဝန္မေဆာင္မီနဲ႔ ကိုယ္ဝန္အတြင္း ထိုးရမယ့္ကာကြယ္ေဆးေတြ၊ ေရာဂါပိုးမႊားေတြကို ဘယ္လိုကာကြယ္ရမယ္ဆိုတာေတြကို ဆရာဝန္နဲ႔ ျပသတိုင္ပင္ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























