လေထုညစ်ညမ်းမှုများကြောင့် ကိုယ်ဝန်ပျက်ကျနှုန်းကို မြင့်မားစေနိုင်တယ်လို့ ပညာရှင်များက ပြောကြား
ယခုအခါ ကမ္ဘာတစ်ဝန်းလုံးတွင်သာမကပဲ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း လေထုညစ်ညမ်းမှုဟာ အရှိန်အဟုန် မြင့်မားစွာ ဆိုးရွားနေလျက်ရှိပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ကိုယ်ဝန်ပျက်ကျနိုင်တဲ့အန္တရာယ်ကို ၅၀ရာနှုန်း မြင့်တက်လာစေပါတယ်
မကြာသေးမီက လေ့လာချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ လေထုညစ်ညမ်းမှုနဲ့ ထိတွေ့မှုများပါက ကိုယ်ဝန်ပျက်ကျနိုင်ချေ ၅၀ ရာနှုန်း မြင့်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလေ့လာမှုကို တရုတ်တိုင်ငံမြို့တော်ကြီးမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်သန်းရဲ့ ၄ ပုံ ၁ ပုံလောက်ကို ၂၀၀၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း လေ့လာခဲ့တာ ဖြစ်ပါတယ်။
● အပင်ကြီးတွေနဲ့ ကားအိတ်ဇောတွေမှ ထွက်လာသော ဆာလဖာဒိုင်အောက်ဆိုဒ်တွေကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ချေကို ၄၁ ရာနှုန်း ပိုမိုမြင့်တက်စေပြီး ယာဉ်တွေနဲ့ စက်မှုဇုန်များကနေ ထွက်လာတဲ့ အိုဇုန်း၊ pm2.5s၊ ကာဗွန်မိုနောက်ဆိုဒ်တွေကြောင့် ပျက်ကျနိုင်ချေ ၅၂ ရာနှုန်း မြင့်တက်စေပါတယ်။
● ကိုယ်ဝန်သည်များအနေနဲ့ မိမိကျန်းမာရေးအတွက်သာမက သန္ဓေသားရဲ့ကျန်းမာရေးအတွက်ပါ လေထုညစ်ညမ်းခြင်းနဲ့ ထိတွေ့ခြင်းကနေ ကာကွယ်ဖို့ တရုတ်နိုင်ငံမှ ခဲသုတေသနပညာရှင်တစ်ဦးကလည်း အကြံပြုထားပါတယ်။
● လေထုညစ်ညမ်းစေတဲ့ဓာတ်တွေဟာ မိခင်ရဲ့အချင်းကနေ ဖြတ်သန်းကာ သန္ဓေသားဆီ ရောက်ရှိပြီး ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုရှိစေတယ်လို့ အဆိုပါလေ့လာမှုက တင်ပြထားပါသေးတယ်။
● ကလေးပျက်ကျခြင်းအပြင် ပေါင်မပြည့်သောကလေးမွေးခြင်း၊ DNA ပျက်စီးခြင်းနဲ့ ကိုယ်ခံအားဆဲလ်တွေ ပြောင်းလဲစေခြင်းတို့ကိုပါ ဖြစ်စေပါတယ်။
● ပညာရှင်များရဲ့အဆိုအရ မိခင်အနေနဲ့ နေ့စဉ်ဆိုသလို လေထုညစ်ညမ်းမှုများနဲ့ ထိတွေ့ရပါက ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ ဖြစ်စေနိုင်ပြီး ကလေး ပေါင်မပြည့် လမစေ့မွေးဖို့လည်း အလားအလာ များစေပါတယ်။
● ကလေးပျက်ကျခြင်းအပြင် လေထုညစ်ညမ်းမှုကြောင့် ရရှိစေမယ့် အခြားကျန်းမာရေးပြဿနာတွေကတော့ အသက်ရှူလမ်းကြောင်းနဲ့ နှလုံးရောဂါများ၊ ပန်းနာရင်ကြပ်၊ ပင်ပန်းနွမ်းလျခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း စတာတွေဖြစ်ပါတယ်။
အခုဆိုရင် စာဖတ်သူများအနေနဲ့ လေထုညစ်ညမ်းမှုကြောင့် မိမိနဲ့မိမိချစ်ခင်သူတွေအတွက် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာကို သတိပြုမိပြီမို့ မိမိပတ်ဝန်းကျင်က လေထုညစ်ညမ်းမှုတွေကို လျှော့ချဖို့ တတ်နိုင်သလောက် ကြိုးစားကြည့်ကြဖို့ အကြံပြုပါရစေ။ ဖြစ်နိုင်ရင် လေထုညစ်ညမ်းစေသော နေရာများကိုရှောင်ခြင်း ဆေးလိပ်ငွေ့နဲ့ ကားအိတ်ဇောငွေ့တွေနဲ့ ဝေးဝေးနေဖို့ အကြံပြုလိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























