/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/သန္ဓေသားသွေးစစ်ဆေးခြင်းရဲ့-ကောင်းကျိုးဆိုးကျိုးများ

သန္ဓေသားသွေးစစ်ဆေးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

>>  သန္ဓေသားသွေးစစ်ဆေးခြင်းဆိုတာ ဘာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားဆီက သွေးအနည်းငယ်ယူပြီး စစ်ဆေးခြင်းကို ဆိုလိုပါတယ်။ အရင်တုန်းကတော့ အမေ ဗိုက်နာနေချိန်မှာ ပွင့်နေတဲ့သားအိမ်ခေါင်းကနေတစ်ဆင့် သန္ဓေသားရဲ့ဦးခေါင်းကနေ သွေးကိုယူပြီး အောက်စီဂျင်ပမာဏကို စစ်ဆေးပါတယ်။ ဒီလို သန္ဓေသားသွေးယူပြီးစစ်ဆေးခြင်းကို သန္ဓေသားအထူးပြုဆရာဝန်ကနေ ယူလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ သန္ဓေသားရဲ့ပြဿနာတွေကို ရောဂါရှာဖွေဖို့၊ ကုသဖို့၊ စောင့်ကြည့်ဖို့အတွက် အသုံးပြုလေ့ရှိပါတယ်။

●  မျိုးရိုးဗီဇနဲ့ ခရိုမိုဆုန်းမူမမှန်တာတွေကို ရောဂါရှာဖွေဖို့

●  ပြင်းထန်သန္ဓေသားသွေးအားနည်းခြင်း၊ RH သွေးအမျိုးအစားမတူညီခြင်း စတဲ့ သွေးပြဿနာတွေကို ရှာဖွေကုသဖို့

●  သန္ဓေသားရဲ့အောက်စီဂျင်ပမာဏကို တိုင်းတာဖို့

●  သန္ဓေသားပိုးဝင်ခြင်းကို စစ်ဆေးဖို့

●  သန္ဓေသားကို ဆေးတချို့ပေးဖို့ စတာတွေအတွက် သုံးပါတယ်။

 

>>  သန္ဓေသားသွေးစစ်ဆေးမှုကို ဘယ်လိုလုပ်လေ့ရှိပါသလဲ?

သန္ဓေသားဆီကသွေးယူနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ မိခင်ရဲ့ဝမ်းဗိုက်ကို သေချာပိုးသတ်ဆေးရည်နဲ့ဆေးကြောပြီး အာထရာစောင်းရဲ့အကူအညီကိုယူကာ အပ်အရှည်တစ်ချောင်းနဲ့ မိခင်ရဲ့သားအိမ်ထဲကို ထိုးသွင်းလိုက်ပါတယ်။ သွေးကို အောက်ပါနေရာတွေကနေ ယူနိုင်ပါတယ်။

●  အချင်းကြိုးကနေ

●  အသည်း သို့မဟုတ် နှလုံးတစ်ခုခုက သွေးကြောကနေ ယူနိုင်ပါတယ်။

 

သန္ဓေသားသွေးသွင်းခြင်းကိုလည်း ဒီနည်းလမ်းတွေအတိုင်းပဲ လုပ်ဆောင်နိုင်ပါတယ်။ သန္ဓေသားကို သွေးသွင်းတာပဲဖြစ်ဖြစ်၊ သန္ဓေသားထဲက မကောင်းတဲ့သွေးကို ကောင်းတဲ့သွေးနဲ့ လှယ်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာဆိုရင်တော့ ကလေး မလှုပ်ရလေအောင် အိပ်ဆေးတစ်မျိုးမျိုး ပေးထားဖို့ လိုပါတယ်။

ဒီလိုသန္ဓေသားသွေးယူစစ်ဆေးပြီးရင်တော့ မိခင်ဟာ ဆေးရုံမှာ ခဏတဖြုတ် အနားယူဖို့လိုပြီး ကလေးရဲ့နှလုံးခုန်သံကို နာရီပိုင်းမျှ စောင့်ကြည့်စစ်ဆေးရပါမယ်။

 

>>  သန္ဓေသားသွေးစစ်ဆေးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

သန္ဓေသားသွေးစစ်ဆေးခြင်းဟာ ရှုပ်ထွေးတဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး အထူးပြုလေ့လာထားတဲ့ဆရာဝန်မှသာ ဆောင်ရွက်နိုင်ပါတယ်။ တခြားစစ်ဆေးမှုတွေနဲ့ မဖြစ်နိုင်တော့မှသာ၊ အသုံးမဝင်တော့မှသာ ဒီစစ်ဆေးမှုကို ပြုလုပ်ပါတယ်။ ၁၈ ပတ်နဲ့အထက် ကိုယ်ဝန်တွေမှာသာ လုပ်နိုင်ပါတယ်။

 

**  ဆိုးကျိုးများ

●  သန္ဓေသားသွေးယူတဲ့နေရာကနေ သွေးထွက်ခြင်း

●  သန္ဓေသားရဲ့နှလုံးခုန်သံ ပြောင်းလဲခြင်း

●  ပိုးဝင်ခြင်း

●  ရေမြွာရည်များ စိမ့်ထွက်ခြင်း

●  သန္ဓေသားသေဆုံးခြင်း

 

**  ကောင်းကျိုးများ

●  သန္ဓေသားလေးရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး အချက်အလက်ကောင်းတွေကို ရရှိနိုင်ခြင်း

●  သွေးကိုပျက်စီးစေတဲ့ ရောဂါအပြင်းစားတွေကို စောစောစီးစီး ကုသနိုင်ခြင်း

 

Dr. Mya Phoo Ngon (www.drmyanmar.com)