/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/သားအိမ်အသားလုံးရှိသူတွေ-ကိုယ်ဝန်ဆောင်တဲ့အခါ

သားအိမ်အသားလုံးရှိသူတွေ ကိုယ်ဝန်ဆောင်တဲ့အခါ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          တကယ်တော့သားအိမ်ထဲမှာ သနေ္ဓသားနဲ့အချင်းအပြင် တခြားအသားလုံးတခုရှိနေတာတွေးကြည့်ရုံနဲ့ စိတ်အနှောက်အယှက်ဖြစ်ချင်စရာပါပဲ။ သားအိမ်အသားလုံးကို Uterine Fibroid လို့ခေါ်ပြီး တည်နေရာလေးတွေပေါ်မူတည်ပြီး ခံစားရတာနဲ့ရောဂါအန္တရာယ်ရှိမရှိ ကွာသွားတတ်ပါတယ်။

 

>> သားအိမ်အတွင်းမှာအသားလုံးတည်တဲ့အခါ…………….

 

• ရာသီလာများတာသွေးဆင်းတာတွေကြုံရပါတယ်။ 

သားအိမ်နံရံအတွင်းနဲ့ သားအိမ်အပြင်နံရံမှာ အသားလုံးတည်တဲ့အခါ နာကျင်ကိုက်ခဲတာတွေ ကြုံရပါတယ်။

 

• အပြင်ကို တွဲလျားထွက်နေတဲ့ ချိန်သီးပုံစံတွေကတော့ အညှာလိမ်သွားတတ်တာ၊  မကြာခဏလှုပ်ရှားတိုင်းဆီးခုံနေရာကိုက်တာ၊ ခါးနာတာတွေ ကြုံရပါတယ်။

 

• နာတာကတော့ အင်ဒိုမီထရိုးဆစ်ရောဂါ (သားအိမ်မူမမှန်တစ်ရှုးရောဂါ) လိုမျိုးမခံမရပ်နိုင်အောင်ထိနာတာမျိုး မရှိတတ်ပေမယ့် အဓိက ကသွေးဆင်းတာကြောင့် အားယုတ်စေတာက ပြသနာပါ။ 

>> သားအိမ်တွင်းအသားလုံးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေ ပြသနာပေးတတ်သလဲကြည့်ကြရအောင်…………..

 

• ကလေးပျက်တတ်ပါတယ်။ သားအိမ်တွင်းတည်နေပြီး သနေ္ဓအိတ်တည်နေရာကိုမမြဲမြံစေတာကြောင့် အခန့်မသင့်တဲ့အခါ ကလေးပျက်ကျစေပါတယ်။

 

• အချင်းရှေ့ရောက်ခြင်း၊ အချင်းကွာခြင်းတွေ ဖြစ်တတ်ပါတယ်။ အချင်းတည်နေရာကို သားအိမ်အသားလုံးက ထိုးဖောက်နေရာယူလာတတ်တဲ့အခါ အချိန်မတိုင်ခင် အချင်းကွာတာ၊ သွေးဆင်းတာတွေ ကြုံရပါတယ်။

 

• ကလေးမွေးရခက်တာ၊ ခွဲမွေးရတာတွေ ဖြစ်နိုင်ပါတယ်။ သားအိမ်အသားလုံးတွေဟာ မွေးလမ်းကြောင်းမှာခံနေတဲ့အခါ သားအိမ်ကောင်းကောင်းပွင့်မလာဘဲ အနေအထားမမှန်တာ၊ ခွဲမွေးရတာတွေ ဖြစ်နိုင်ပါတယ်။

 

ယေဘုယျအားဖြင့် ပြောရရင်သားအိမ်အသားလုံးရှိသူတွေ ကိုယ်ဝန်ဆောင်တဲ့အခါ အန္တရာယ်ရှိတာ လူတိုင်းတော့ မဖြစ်တတ်ပါဘူး။ အပေါ်ကတင်ပြခဲ့တာတွေဟာ ဖြစ်နိုင်ချေရှိတဲ့အရာတွေသာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေတွေကို သိရှိနားလည်ထားရင် အန္တရာယ်ကိုရှောင်နိုင်မှာ ဖြစ်ပါတယ်။

          သားအိမ်အသားလုံးလေးတွေဟာ ကိုယ်ဝန်ရှိချိန်မှာဟော်မုန်းအပြောင်းအလဲကြောင့် ပိုပိုကြီးသွားတတ်ပါသေးတယ်။        ဒါပေမယ့်သွေးဆုံးသွားတဲ့အခါ အလိုလိုရှုံ့ပြီး သေးကွေးပျောက်ကွယ်သွားတတ်တာမို့ အားမငယ်ပါနဲ့လို့ အသိပေးပါရစေ။

 

          ကိုယ်ဝန်ရှိတဲ့အခါ  သားအိမ်တွင်းမှာ အဖုအကျိတ်ရှိနေခဲ့ရင် အချိန်မီ အာထရာဆောင်းဓာတ်မှန်ရိုက်ကူးပြီး သားဖွားဆရာမအထူးကုဆရာဝန်တွေနဲ့ ပြသစစ်ဆေးပြီး အန္တရာယ်အနေအထား ဟုတ်၊ မဟုတ် အချိန်မှန်မှန် စောင့်ကြပ်စစ်ဆေးနေသင့်ပါတယ်။ သားအိမ်အသားလုံးရှိသူတွေ ကိုယ်ဝန်ဆောင်တဲ့အခါ မိမိကိုယ်ကို သေချာစောင့်ရှောက်ခြင်းဖြင့် နောက်ဆက်တွဲ ပြဿနာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်နိုင်ပါတယ်လို့လည်း အားပေးလိုက်ပါတယ်နော်။

 

ဂျီပီငှက် (ဆေး/ မန်း) (www.drmyanmar.com)