အသက် ၃၅ နှစ်ကျော် ဗိုက်ဗိုက်တို့ သိမှတ်စရာများ
အခုခေတ်မှာ အသက်ကြီးမှ ကလေးယူတာ ထုံးစံလို ဖြစ်လာတယ်။ ဒီတော့ အသက်ကြီးမှ ကလေးယူတာ ဘာတွေဖြစ်နိုင်သလဲဆိုတာ သိဖို့ လိုလာပြီပေါ့။
>> အသက် ၃၅ နှစ်ကျော်တဲ့အခါ ...
အသက် ၃၀ ကျော်ပေမယ့် ကလေးကို ကျန်းကျန်းမာမာ မွေးနိုင်တဲ့အမေတွေ အများကြီးပါ။ ဒါပေမဲ့ အသက် ၃၅ နှစ် ကျော်လာရင်တော့ အန္တရာယ်နည်းနည်း ရှိလာတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။
1. မျိုးပွားနိုင်စွမ်း ကျလာခြင်း
အမျိုးသမီးတွေမှာ မွေးကတည်းက တစ်သက်တာရှိရမယ့် သားဥတွေ ပါလာပြီးသားပါ။ အသက် တဖြည်းဖြည်း ကြီးလာတဲ့အခါ သားဥတွေ ကုန်ကုန်လာတာကြောင့် ကလေးရနိုင်ခြေ နည်းလာတယ်။ အမျိုးသားတွေမှာလည်း အလားတူပါပဲ။
2. မျိုးရိုးဗီဇ မှားယွင်းမှုများ
အသက်ကြီးလာရင် မွေးလာမယ့်ကလေးမှာ မျိုးရိုးဗီဇ ပုံမမှန်တာတွေ ပိုဖြစ်လာနိုင်တယ်။ ဥပမာ - ဒေါင်းရောဂါစုလိုမျိုးပေါ့။ ဒါဟာ ခရိုမိုစုန်းလို့ခေါ်တဲ့ မျိုးရိုးဗီဇနံပါတ်တွေ ပုံမမှန်ဖြစ်လာလို့ပါပဲ။
မျိုးရိုးဗီဇတွေ ပေါင်းစပ်ရာမှာ မှားယွင်းသွားတာကြောင့် ဖြစ်တတ်ပါတယ်။
3. ကိုယ်ဝန်ပျက်ကျခြင်း
အမေ အသက်ကြီးလာလေလေ ကိုယ်ဝန်ပျက်ကျနိုင်ခြေ များလေလေပါ။ အမျိုးသမီးရဲ့ သားဥအရည်အသွေး တဖြည်းဖြည်း ကျလာလို့ပါ။
4. ကလေး အသေမွေးခြင်း
အသက်ငယ်တဲ့ ကိုယ်ဝန်ဆောင်တွေထက်စာရင် ကလေး အသေမွေးနှုန်း ပိုများလာတယ်။ အထူးသဖြင့် အသက် ၃၅ နှစ်ကျော် သားဦးသနေ္ဓတွေမှာ ပိုတွေ့ရတတ်တယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာတေ့ာ မသိသေးပါဘူး။
5. တခြားဖြစ်နိုင်တာတွေကတော့ -
● ကိုယ်ဝန်ဆောင်ဆီးချို
● အချင်း ရှေ့ရောက်ခြင်း
● ကလေးတင်ပါးဆုံပိုင်း ဖြစ်နေခြင်း
● အရေးပေါ် ခွဲမွေးရခြင်း
● မွေးပြီး သွေးသွန်ခြင်း
● ကလေး လမစေ့ခြင်း
● ကလေး ပေါင်မပြည့်ခြင်း
ပြီးတော့ အသက် ၄၀ နဲ့အထက်မှာ ကိုယ်ဝန်ဆောင်သူ အမျိုသမီးတွေဟာ လေဖြတ်လေဖြန်း၊ နှလုံးသွေးကြောပိတ်ရောဂါတွေ ပိုဖြစ်နိုင်တာကို တွေ့ရတယ်။ သက်ကြီးကိုယ်ဝန်ဆောင်တွေနဲ့ ဆက်နွယ်နေတဲ့ သွေးတိုး၊ ဆီးချို၊ သွေးတွင်းကိုလက်စထရော များတာတွေနဲ့ သက်ဆိုင်နေတယ်။
ဒီလိုနောက်ဆက်တွဲတွေ ရှိတတ်ပေမယ့် အသက် ၃၅ နှစ်ကျော်တဲ့ မေမေ တော်တော်များများဟာ ပုံမှန်ကိုယ်ဝန်ဆောင်နိုင်ပြီး ကျန်းမာကြံ့ခိုင်တဲ့ သားသားမီးမီးလေးတွေ မွေးဖွားနိုင်ကြတာကြောင့် သူများတွေထက် ဂရုစိုက်ဖို့ လိုပေမယ့် စိတ်မပူပါနဲ့လို့ ပြောပါရစေနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)






























