/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကယ်လိုရီများများ-လောင်ကျွမ်းစေဖို့

ကယ်လိုရီများများ လောင်ကျွမ်းစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Stay Home ကာလမှာ တစ်နေ့တစ်နေ့ ထိုင်ရာကမထ မုန့်ထုပ်တွေစားပြီး တီဗီထိုင်ကြည့်မိနေပါသလား။
ဒီလို အထိုင်များတဲ့လူနေမှုပုံစံဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်ဆိုတာ သိကြပြီးသား ဖြစ်ကြမှာပါ။ ဒီလို ဆိုးကျိုးတွေမဖြစ်စေဖို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးလောက် လုပ်ပေးရင်ကို မဆိုးပါဘူး။ ဒါပေမဲ့လည်း ရုံးအလုပ်ထိုင်လုပ်နေရသူတွေမှာ ဒီလိုလေ့ကျင့်ခန်းတွေလုပ်နေဖို့ အချိန်မရှိဘူးဆိုတာလည်း ရုံးသမားချင်းသာ စာနာနိုင်မှာပါ။
ဒါပေမဲ့လည်း ဒီအချက် ၅ ချက်လောက်ကို လိုက်နာကြည့်ရင်တောင် တော်တော်အကျိုးရှိမှာပါ။
၁။  ဓာတ်လှေကားကိုမသုံးပါနဲ့။
နောက်တစ်ခါ အစည်းအဝေးတက်ဖို့လိုတာပဲဖြစ်ဖြစ်၊ မုန့်ဆိုင်မှာမုန့်ဆင်းဝယ်တာပဲဖြစ်ဖြစ် ဓာတ်လှေကားနဲ့မတက်ဘဲ ရိုးရိုးလှေကားနဲ့ တက်ပေးပါ။ အထပ်အရမ်းမြင့်ရင်တော့ တစ်ဝက်ကို လှေကားနဲ့တက်ပြီး နောက်တစ်ဝက်ကိုသာ ဓာတ်လှေကားနဲ့တက်ပါ။

၂။  ဖုန်းအစည်းအဝေးတွေမှာ လမ်းလျှောက်ပါ။
ဖုန်းအစည်းအဝေးလုပ်တဲ့အခါ ခုံမှာပဲထိုင်ပြီး ခွေမနေဘဲ အပြင်မှာ လမ်းလေးဘာလေး လျှောက်ပေးပါ။ အေးအေးဆေးဆေး တစ်နေရာကနေ အစည်းအဝေးတက်ပါ။ ပြင်ပက ဆူညံသံတွေမဝင်အောင် ကိုယ့်ဘက်ကအသံကို ပိတ်ထားပြီး သေသေချာချာကြားရစေဖို့ နားကြပ်ကောင်းကောင်းနဲ့ နားထောင်ပါ။

၃။  တစ်မှတ်တိုင် ကြိုဆင်းပါ။
အလုပ်သွားအလုပ်ပြန် တစ်မှတ်တိုင်ကြိုဆင်းပြီး လမ်းလျှောက်သွားပါ။ ကားကြပ်နေတတ်တဲ့အချိန်မျိုးဆို ရုံးတောင် ပိုစောစောရောက်နိုင်ပါသေးတယ်။

၄။  အိမ်မွေးခွေးလေး မွေးပါ။
လေ့လာမှုတစ်ခုအရ ခွေးမွေးသူတွေဟာ ၃၄% လေ့ကျင့်ခန်း ပိုလုပ်ဖြစ်ပါတယ်တဲ့။ ခွေးကို လမ်းလျှောက်ထွက်ပေးရင်းနဲ့ လမ်းလျှောက်ဖြစ်တာကြောင့်ပါ။

၅။  တီဗီကို လှုပ်လှုပ်ရှားရှားလုပ်ရင်းကြည့်ပါ။
ခုံမှာချည်းထိုင်မနေဘဲ လေ့ကျင့်ခန်း စက်ဘီးနင်းနေတာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းတစ်ခုခုလုပ်တာပဲဖြစ်ဖြစ် လုပ်ရင်း တီဗီကြည့်ပါ။
ဒီနည်းလမ်းတွေ အသုံးပြုပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို မြှင့်တင်ကာ ပိုမို ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

Dr. Mya Phoo Ngon (www.drmyanmar.com)