ကလေးငယ်တွေ ဘာကြောင့် ကိုယ့်ခေါင်း ကိုယ်ထုကြသလဲ?
ကလေးတွေ ကိုယ့်ခေါင်းကိုယ်ထုတတ်တဲ့ အမူအကျင့်က အံ့အားသင့်ဖွယ်ကောင်းအောင် အဖြစ်များပါတယ်။ ဒီအလေ့အကျင့်က ကလေးနဲ့ တွားသွားအရွယ်ကလေးငယ်တွေရဲ့ 20% လောက်မှာ ရှိကြပြီး ယောကျာ်းလေးတွေက မိန်းကလေးတွေထက် 3 ဆ ပိုများပါတယ်။ ဒီအမူအကျင့်က ကလေး 6-12 လအရွယ်မှာ အစပြုပြီး အသက် 18-24 လအရွယ်တွေမှာ အမြင့်ဆုံး တွေ့ရတတ်ပါတယ်။ ကလေးအများစုက အသက် 3 နှစ်အရွယ်လောက်မှာ ပျောက်သွားတတ်ပေမယ့် ဒီအမူအကျင့်က လအတော်ကြာ၊ နှစ်အတော်ကြာအောင် ကလေးမှာ ကျန်နေတတ်ပါတယ်။
ကလေးတွေ ကိုယ့်ခေါင်းကို ထုတတ်တဲ့ ဖြစ်နိုင်တဲ့အကြောင်းအရင်းတွေကတော့ -
• စိတ်သက်သာမှု ရစေဖို့ - ဒါက ထူးဆန်းနေပေမယ့် ကလေးအများစုက စိတ်သက်သာရာရဖို့ ဒီအမူအကျင့်ကို ပြုမူကြပါတယ်။ အိပ်ငိုက်လာရင်ဖြစ်စေ၊ ညလယ်ခေါင်တွေမှာ ရုတ်တရက် နိုးလာရင်ဖြစ်စေ သူတို့ရဲ့ခေါင်းကို အချက်ကျကျ ထုနေတတ်ပါတယ်။ အိပ်နေချိန်တွေမှာတောင် ထုနေတတ်ပါတယ်။ ကလေးဖွံ့ဖြိုးမှုဆိုရင် ကျွမ်းကျင်သူတွေက ထိုင်ခုံကို လှုပ်ထိုင်ခြင်းကဲ့သို့သော စည်းချက်ညီ လှုပ်ရှားမှုတွေက ကလေးတွေကို သက်သောင့်သက်သာ ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။
• အနာသက်သာစေဖို့ - ကလေးက နာကျင်မှု ခံစားရရင်လည်း သူ့ခေါင်းသူ ထုတတ်ပါတယ်။ ဥပမာ - သွားပေါက်လို့ဖြစ်စေ၊ နားပိုးဝင်ပြီး ကိုက်လို့ဖြစ်စေ နာကျင်တဲ့အခါမှာ ပြုမူတတ်ပါတယ်။ ခေါင်းကိုထုတာက သူတို့ကို နာတာကို မေ့ပြီး သက်သာစေပုံ ပေါ်ပါတယ်။
• အားမလို အားမရ ဖြစ်တဲ့အခါ - ကလေးတွေက သူတို့ခံစားရတာတွေကို စကားလုံးနဲ့ မပြောပြတတ်သေးတဲ့အတွက် အပြုအမူနဲ့ ထုတ်ဖော်ပြတတ်ပါတယ်။ ဒါကြောင့် ဒေါသထွက်နေချိန်၊ အားမလို အားမရ ဖြစ်နေချိန်တွေမှာ ကိုယ့်ခေါင်းကို ထုတတ်ပြီး ဒါက သူတို့ကို စိတ်သက်သာရာ ရစေနိုင်ပါတယ်။
• သူတို့ကို ဂရုစိုက်စေချင်တဲ့အခါ - ဒီလိုအခါတွေမှာလည်း ကိုယ့်ခေါင်းကိုယ် အဆက်မပြတ် ထုနေတတ်ပါတယ်။ မိဘတွေက ကလေး ကိုယ့်ကိုယ်ကို ထိခိုက်စေတဲ့အပြုအမူ လုပ်နေတာတွေ့ရင် ကလေးကို ဂရုစိုက်လေ့ ရှိပါတယ်။ ဒါကြောင့် ကလေးတွေကလည်း ဂရုစိုက်ခံရဖို့အတွက် ခေါင်းကို ထုလေ့ရှိပါတယ်။
• ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာပြဿနာ - အော်တစ်ဇင်နဲ့ အခြားဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါတွေကြောင့်လည်း ဒီလိုအပြုအမူတွေ လုပ်လေ့ရှိပါတယ်။ ဒီအပြုအမူက ရောဂါလက္ခဏာတွေထဲက တစ်ခုသာဖြစ်ပြီး ဒီတစ်ခုတည်းနဲ့တော့ ရောဂါဖြစ်နေတယ်လို့ ပြောလို့မရပါဘူး။
>> ကလေးမှာ ဒီလိုအကျင့် ရှိတယ်ဆိုရင် မိဘတွေအနေနဲ့ ဘယ်လိုလုပ်နိုင်သလဲ?
• ကလေးကို အလေးထား ဂရုစိုက်ပါ - သူ့ခေါင်းသူ ထုနေတဲ့အချိန်မှ မဟုတ်ဘဲ တခြားအချိန်တွေမှာ ဂရုစိုက်ပါ။
ကလေး ခေါင်းထုနေတဲ့အချိန်တွေမှာ မဟုတ်ဘဲ အခြားအချိန်တွေမှာပါ မိဘတွေက သေချာဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ကလေးက ဒီလိုအမူအကျင့် ဆက်ရှိနေသေးတယ် ဆိုရင်လည်း ကလေးကို အရမ်းဆူတာ၊ အပြစ်ပေးတာမျိုး မလုပ်ပါနဲ့။ ကလေးက ဒီအပြုအမူကို ဘာကြောင့်ဆူတယ်ဆိုတာကို နားလည်နိုင်ဖို့အတွက် ငယ်လွန်းပါသေးတယ်။
• ကလေးကို ဒဏ်ရာမရအောင် ဂရုစိုက်ပြီး ကာကွယ်ပါ။
ကလေးအိပ်ရာထဲမှာ ဝက်အူ၊ သံချောင်းစတဲ့ ထိခိုက်စေနိုင်တဲ့အရာတွေ မရှိပါစေနဲ့။ ကလေးအိပ်ရာ ခြေထောက်တွေမှာ ရာဘာကွင်းများ ချည်ပေးထားခြင်း၊ နံရံနဲ့ အိပ်ရာအကြား ချည်သားပျော့ပျော့လေးတွေ ခံပေးထားခြင်းဖြင့် ဆူညံမှုနည်းစေပြီး ကြမ်းပြင်နဲ့နံရံတွေ ပျက်စီးမှုနည်းစေနိုင်ပါတယ်။ ကလေးပတ်ဝန်းကျင်မှာ ပျော့ပျောင်းနေအောင်ဆိုပြီး ခေါင်းအုံးတွေ၊ စောင်တွေထားရင်လည်း ကလေးအသက်ရှူပိတ်မှာ စိုးရိမ်ရပါတယ်။
• အရမ်းစိတ်မပူပါနဲ့။
ခေါင်းကို ထုနေတဲ့အတွက် ဒဏ်ရာရပြီး ညိုမည်းစွဲတာမျိုး ရှိလာတဲ့အခါမှာ အရမ်းစိတ်မပူပါနဲ့။ ကလေးက သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပါတယ်။ ဆိုလိုတာက ကလေးက သူ့ကိုယ်သူ အရမ်းထိခိုက်မှု ဖြစ်စေတဲ့အထိ မလုပ်ပါဘူး။ သူ ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာကို သူ သိပါတယ်။ ကလေးကို တခြားနည်းလမ်းနဲ့ စည်းချက်ညီ လှုပ်ရှားမှုတွေကို နှစ်သက်အောင် တိုက်တွန်းပေးပါ။ ကလေးကို နေ့ဘက်မှာ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။
• ညအိပ်ရာဝင်ချိန်မှာ စိတ်သက်သာရစေတဲ့ အမူအကျင့်လေးတွေ လုပ်ပေးပါ။
စိတ်ရှုပ်တဲ့နေ့တွေမှာ စိတ်သက်သာရာရဖို့အတွက် ကလေးက ခေါင်းကိုထုနေတာ ဆိုရင်တော့ အိပ်ရာမဝင်မီမှာ ရေနွေးနွေးနဲ့ ချိုးပေးတာ၊ ကိုယ်လုံးပေါ်မှာ ချော့သိပ်တာ၊ ပုံပြင်လေးတွေ ပြောပြတာ၊ သီချင်းအေးအေးလေးတွေနဲ့ ချော့သိပ်တာတွေက အထောက်အကူ ပြုနိုင်ပါတယ်။ ကလေးကို ကျောပွတ်ပေး၊ သီချင်းလေး ဆိုပြပြီး သိပ်ပေးပါ။
• ကလေးရဲ့အပြုအမူတွေက ပြင်းထန်ပြီး စိတ်ပူစရာ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
ကလေးက နေ့ဘက်တွေမှာလည်း ခေါင်းကိုထုနေပြီး နာကျင်လာတဲ့အထိ မရပ်ဘူးဆိုရင်တော့ စိတ်ပူရတဲ့ အခြေအနေပါ။ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် ခေါင်းထုခြင်းက အော်တစ်ဇင်ရောဂါနဲ့ အခြားဖွံ့ဖြိုးမှုဆိုင်ရာရောဂါတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။
အော်တစ်ဇင်ကလေးတွေက လူတွေနဲ့ ကောင်းကောင်း မဆက်ဆံနိုင်ပါဘူး။ မိဘတွေနဲ့ ထိတွေ့မှုကို စိတ်မဝင်စားဘဲ အခြားသူတွေကိုပဲ လိုက်ကြည့်နေတတ်ပါတယ်။ ကလေးက လှုပ်ရှားနိုင်စွမ်း၊ ဘာသာစကားနဲ့ အခြားရှိသင့်တဲ့စွမ်းရည်တွေ မရှိရင် (သို့) ပုံမှန်မရှိတာကို သတိထားမိတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူရပါမယ်။
Dr. Mya Myo Myo Swe (www.drmyanmra.com)






























