ကိုဗစ် ကာကွယ်ဆေးထိုးတဲ့အခါ အရက်ဖြတ်ထားဖို့ လိုအပ်သလား
ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့နောက် အရက်သောက်ရင် ကိုယ်ခံအားတုံ့ပြန်မှုကို နည်းစေလို့ ကာကွယ်ဆေးဟာ မထိရောက်တော့ဘူးလို့ ဆိုကြပါတယ်။ ရုရှားနိုင်ငံမှာ Sputnik V ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ မော်စကိုမြို့ရှိ Gamaleya National Centre of Epidemiolody and Microbiology မှ တာဝန်ရှိသူတစ်ဦးက ကာကွယ်ဆေးထိုးပြီးသုံးရက်လောက် အရက်မသောက်သင့်ဘူးလို့ အကြုံပြုထားပါတယ်။ ဒီလိုအကြံပြုချက်ဟာ Sputnik V ကာကွယ်ဆေးထိုးမှ မဟုတ်ပါဘူး။ ဘယ် ကိုဗစ် ကာကွယ်ဆေးထိုးထိုး လုပ်သင့်တာပါလို့လည်း ပြောထားတာကို တွေ့ရပါတယ်။ တစ်နေ့ကို အရက် ၁၂၀ ဂရမ်ထက် ပိုသောက်ခြင်းဟာ ခန္ဓာကိုယ်က antibody ထုတ်တာကို နည်းစေတယ်။ ဒါပေမဲ့ တစ်နေ့ကို ရှန်ပိန်တစ်ခွက်လောက် သောက်တာက ပြဿနာမရှိပါဘူး လို့လည်း ပြောထားပါတယ်။
၂၀၁၂ ခုနှစ်မှာ ဆွီဒင်သုတေသနပညာရှင်တွေ လေ့လာချက်တွေအရတော့ အရက်ကို ပမာဏ အသင့်အတင့်လောက်သောက်ခြင်းဟာ ကာကွယ်ဆေးထိုးတဲ့အခါ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုဖြစ်တဲ့ Inflammatory response ကို အနည်းငယ်ကျစေတာဖြစ်ပြီး ကိုယ်ခံအား လုံးဝကျသွားတာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ ပမာဏအသင့်အတင့်ဆိုတာက တစ်နေ့ကို အရက် ၃၀ ဂရမ်အောက်ပဲ သောက်တာကို ဆိုလိုတာပါ။ ဒါဟာ ဗော်ကာ သုံးခွက်သောက်တာနဲ့ ညီမျှပါတယ်။
Sputnik V ကာကွယ်ဆေး စမ်းသပ်မှုရလဒ်မှာ ၁၀ ရာခိုင်နှုန်းလောက်က ကိုယ်ခံအားမရဘူးလို့ ပြောထားတာကို တွေ့ရပါတယ်။ ဘာကြောင့် ကိုယ်ခံအားမရတာလဲဆိုတာတော့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် အရက်သောက်တာနဲ့ ဆက်စပ်မှုရှိနေသလားဆိုတာကိုတော့ ဆက်လက်လေ့လာမှုတွေ ပြုလုပ်မှသာ သိနိုင်မှာပါ။
အရက်သောက်ခြင်းရဲ ကိုယ်ခံအားစနစ်အပေါ် အကျိုးသက်ရောက်မှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေအရတော့ အရက်ကို အလွန်အကျွံ နှစ်ပေါင်းများစွာ စွဲသောက်ခြင်းဟာ ကိုယ်ခံအားနည်းစေပြီး ရောဂါဖြစ်လွယ်တာကို တွေ့ရပါတယ်။ အရက်သောက်သူတွေမှာ ကျန်းမာရေးပြဿနာများစွာ ရှိနိုင်တဲ့အနက် ကိုယ်ခံအားနည်းတာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အရက်ကို အလွန်အကျွံ နှစ်ရှည်လများ စွဲသောက်ခြင်းဟာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတယ်လို့ လက်ခံကြပေမယ့် အနည်းငယ် သောက်သုံးခြင်းဟာ ကိုယ်ခံအားရဲ့တုံ့ပြန်မှုကိုကျစေပြီး ကာကွယ်ဆေး ထိရောက်မှုကိုကျစေသလား ဆိုတာကတော့ အငြင်းပွားဖွယ် ဖြစ်နေကြပါတယ်။
ရုရှားနိုင်ငံမှ တာဝန်ရှိသူတစ်ဦးကလည်း Sputnik V ကာကွယ်ဆေးဟာ သုံးပတ်ခြား နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး ပထမအကြိမ်မထိုးခင် နှစ်ပတ်အလိုတည်းကနဲ့ ဒုတိယအကြိမ်ထိုးပြီး သုံးပတ်အထိ အရက်မသောက်သင့်ကြောင်း အကြံပြုထားပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးရင် စုစုပေါင်း ၈ ပတ် အရက်ဖြတ်ထားသင့်ပါတယ်။
ရုရှားနိုင်ငံကတော့ ကာကွယ်ဆေးထိုးစဉ်ကာလမှာ အရက်သောက်ရင် ပမာဏ လျှော့သောက်ဖို့၊ တတ်နိုင်ရင် ခဏရှောင်ထားဖို့ ညွှန်ကြာထားပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ညွှန်ကြားချက်တွေကတော့ မတူကြပါဘူး။ ရုရှားနိုင်ငံမှာ ကာကွယ်ဆေးထိုးတဲ့ကာလအတွင်း အရက်ခဏဖြတ်ထားဖို့ အကြံပြုထားပေမယ့် ယူကေမှာတော့ Oxford vaccine နဲ့ Imperial College London vaccine စတဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်သူတွေမှာ အရက်မသောက်ဖို့ ပြောထားတာမျိုး မရှိဘူးလို့ သိရပါတယ်။ Pfizer ရဲ့ ကာကွယ်ဆေးဟာလည်း အရက်သောက်တာနဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားတာမျိုး မရှိပါဘူး။
Dr. Aye Hsu Mon (www.drmyanmar.com)






























