/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုဗစ်-သက်သာခါစမှာ-လုပ်လို့ရတဲ့-လေ့ကျင့်ခန်းများ

ကိုဗစ် သက်သာခါစမှာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ရောဂါ ကူးစက်ခံရသူတစ်ယောက်ဟာ ပြန်ကောင်းစအချိန်မှာ အားနည်းနေနိုင်ပြီး စိတ်ကျန်းမာရေးလည်း အရင်ကလောက် ပြန်ကောင်းဦးမှာ မဟုတ်သေးပါဘူး။ အရင်လိုပြန်ဖြစ်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းရုံသာမက စိတ်ပိုင်းဆိုင်ရာ နုပျိုဖို့လည်း အရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းဟာ မိမိကိုယ်ကို လူကောင်းပကတိတစ်ယောက်လို ခံစားရစေပြီး ကိုဗစ်မှ ပြန်လည်သက်သာစဉ်ကာလမှာ အရေးကြီးဆုံးဖြစ်တဲ့ စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
ကိုဗစ်ရောဂါရှိသူတွေအနေနဲ့ အပြင်းအထန် လေ့ကျင့်ခန်းလုပ်တဲ့အခါ အမောဖောက်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း စတဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုဗစ် သက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းဆင်းချင်းမှာတော့ လေ့ကျင့်ခန်းကို ချက်ချင်းတန်းမလုပ်ပါနဲ့။ အိမ်မှာပဲ ကွာရန်တင်းဆက်ဝင်နေပြီး ပြည့်ပြည့်ဝဝ အနားယူပါ။ ရက်အနည်းကြာလို့ နေလို့ထိုင်လို့ကောင်းလာပြီ၊ မောတာလည်း သက်သာပြီဆိုရင်တော့ အိမ်မှာပဲလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ စစလုပ်ချင်းမှာ အဆုတ်နဲ့နှလုံးကို ဒဏ်ဖြစ်စေနိုင်တဲ့ အပြင်းအထန် လေ့ကျင့်ခန်းလုပ်တာမျိုးကို ရှောင်ပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေပဲ လုပ်ပေးပါ။

>>  လမ်းလျှောက်ခြင်း
အိမ်မှာပဲ အလွယ်တကူလုပ်နိုင်တဲ့ အသက်သာဆုံးနဲ့ အန္တရာယ်အကင်းဆုံး လေ့ကျင့်ခန်းပါ။ လမ်းလျှောက်ခြင်းဟာ ကိုဗစ်ပြန်ကောင်းခါစ အားနည်းနေတဲ့ ခန္ဓာကိုယ်ကို ပြန်လည်သန်စွမ်းစေပြီးတော့ ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါပေမဲ့ အလွန်အကျွံတော့ မလုပ်ပါနဲ့။ တစ်ခါလမ်းလျှောက်ရင် (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ပဲ လျှောက်ပေးပါ။

>>  လှေကားကိုအသုံးပြုပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းများ
အိမ်မှာ လှေကားဆင့်တစ်ဆင့်လောက်ရှိတာနဲ့ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ လှေကားအဆင့်တစ်ဆင့်ကို ဖြည်းဖြည်းချင်း တက်လိုက်ဆင်းလိုက်လုပ်ခြင်း၊ လှေကားကို ကျောပေးပြီး လှေကားအဆင့်ပေါ် ခြေထောက်တစ်ဖက်တင်ကာ Lunge လုပ်ခြင်း စတဲ့ အားသိပ်သုံးစရာမလိုတဲ့ လေ့ကျင့်ခန်းတွေကို ရွေးလုပ်ပါ။ ဒီလိုမျိုး လှေကားကိုအသုံးပြုပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ ခြေထောက်ကြွက်သားတွေကို သန်မာစေပါတယ်။

>>  မတ်မတ်ထိုင်ပြီး ခြေထောက်ကြွခြင်း
ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။ ထိုင်နေရင်းနဲ့ပဲ လမ်းလျှောက်သလို ခြေထောက်တွေကိုကြွပြီး လှုပ်ရှားပေးပါ။ ကိုဗစ်သက်သာခါစမှာ ကိုယ်လက်လှုပ်ရှားမှုလုပ်တိုင်း မောနေသေးတယ်ဆိုရင် ဒီလေ့ကျင့်ခန်း လုပ်ပေးလို့ရပါတယ်။ ခြေထောက်ကြွက်သားတွေကို သန်မာစေသလို ကိုယ်နေဟန်ထားမှန်အောင်နဲ့ ခန္ဓာကိုယ်ဟန်ချက်ညီအောင်လည်း ကူညီပေးပါတယ်။

>>  ခြေထောက်မြှောက်ခြင်း၊ ခြေချောင်းကြွခြင်း
တန်းတစ်ခုခုကိုကိုင်ပြီး ဒါမှမဟုတ် နံရံကိုမျက်နှာမူကာလက်နဲ့ထောက်ပြီး ခြေထောက်တစ်ဖက်ကို ဘေးတိုက်မြောက်ပေးပါ။ ပြီးရင် ပြန်ချပါ။ ဒီအတိုင်း ဆက်တိုက်လုပ်ပေးပါ။ နောက်တစ်ဖက်ကိုလည်း အဲ့ဒီအတိုင်းပဲ လုပ်ပေးပါ။ ခြေထောက်သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ကြွက်သားတွေကို သန်မာစေပါတယ်။
ခြေချောင်းတွေကြွပြီး ခြေဖနောင့်ကို ဖိချပေးပါ။ ဒီလိုလုပ်ခြင်းဟာ ခြေသလုံးကြွက်သားနဲ့ ခြေကျင်းဝတ်ကို သန်မာစေပါတယ်။

>>  ယောဂကျင့်ခြင်း
ကိုဗစ်သက်သာပျောက်ကင်းသွားသူတွေကို ဆရာဝန်တွေက ယောဂကျင့်ဖို့၊ တရားထိုင်ဖို့ အကြံပြုထားပါတယ်။ ယောဂကျင့်ခြင်းဟာ စိတ်အပန်းပြေစေရုံသာမက အခုလိုကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ အရေးကြီးဆုံးဖြစ်တဲ့ စိတ်ကျန်းရေးကောင်းမွန်စေအောင်လည်း ကူညီပေးပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)