/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ခံအားမကောင်းသူတွေ-ပိုသတိထားရမယ့်-ကိုရိုနာဗိုင်းရပ်စ်

ကိုယ်ခံအားမကောင်းသူတွေ ပိုသတိထားရမယ့် ကိုရိုနာဗိုင်းရပ်စ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သင်ကိုယ်ခံအားမကောင်းရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။ ဘာ့ကြောင့်ပါလဲ။
အခုအချိန်မှာဆိုရင် ကမ္ဘာတစ်ဝန်းလုံးမှာ လူတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရဖို့အရေး ကိုယ့်ကိုကိုယ် တတ်နိုင်သလောက် ကာကွယ်နေကြပါပြီ။ ဒါပေမဲ့ တချို့လူတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ခံစားရမယ့် နောက်ဆက်တွဲဆိုးကျိုးတွေက တခြားသူတွေထက်ပိုဆိုးနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ်များနဲ့ ခန္ဓာကိုယ် ခုခံအားကျဆင်းနေသူတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရရင် တခြားသူတွေထက် ပိုဆိုးနိုင်ပါတယ်။ ဒီနေရာမှာ ခန္ဓာကိုယ် ခုခံအားကျဆင်းနေသူတွေဆိုတာ ဘယ်လိုလူမျိုးတွေလဲဆိုတာ သိဖို့လိုလာပါတယ်။
ခန္ဓကိုယ်ခုခံအားကျဆင်းနေသူတွေ ဆိုတာကတော့ သူတို့ရဲ့ခုခံအားစနစ်က အားနည်းနေတာ၊ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တာ စတာတွေကို ခံစားနေတဲ့သူတွေ ဖြစ်ပါတယ်။ ခုခံအားစနစ်ဆိုတာကတော့ ခန္ဓာကိုယ်မှာ ရှိတဲ့ တချို့သောဆဲလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်ရဲ့ ခံတပ်ပဲဖြစ်ပြီး ခန္ဓာကိုယ်ကို ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်တိုက်ခိုက်ခြင်းကနေ ကာကွယ်ပေးနေတဲ့စနစ် ဖြစ်ပါတယ်။ ဒီလိုကာကွယ်ပေးနေတဲ့စနစ် အားနည်းသွားပြီဆိုတာနဲ့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ချေ ပိုများသွားပြီဖြစ်ပါတယ်။ ဒီလိုအားနည်းသွားတာက သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး ခဏတဖြုတ်ပဲ အားနည်းတာဖြစ်နိုင်သလို ဘဝတစ်လျှောက်လုံး ခုခံအားနည်းတာလည်း ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်ခုခံအားစနစ်ကို အားနည်းစေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ -
နာတာရှည်ရောဂါဝေဒနာ တစ်ခုခု ခံစားနေရခြင်း (နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောဂါ စသည်ဖြင့်) ကင်ဆာရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါ၊ အာဟာရချို့တဲ့ခြင်းနဲ့ တချို့သော မျိုးရိုးဗီဇချို့ယွင်းတဲ့ရောဂါများ၊ ကင်ဆာဆေးသွင်းကုသနေရသူများ၊ စတီးရွိုက်ဆေးစွဲသောက်နေရသူများ စတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းရာမှာလည်း တချို့သူတွေထက် ရောဂါပိုးဝင်နိုင်ချေပိုများတာ၊ ရောဂါ လက္ခဏာ ပိုပြင်းထန်တာ၊ ရောဂါပျောက်ဖို့ အချိန်ပိုကြာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခုခံအားနည်တဲ့သူတွေမှာ ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အခြေအနေတွေကို အထူးသတိထားပြီး ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လိုအပ်သလဲဆိုတော့ ဒီလိုလူတွေမှာ ရောဂါကူးစက်ခံရရင် တခြားသူတွေထက် ပိုပြင်းထန်တတ်တာကြောင့် ဖြစ်ပါတယ်။ ဒီလိုလူတွေမှာ ရိုးရိုးအဆုတ်ရောင်ရောဂါဖြစ်ရင်တောင် ရောဂါလက္ခဏာ ပိုပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ခုခံအားစနစ်မကောင်းတဲ့ တချို့လူတွေမှာတော့ ရောဂါပိုးကူးစက်ခံရတဲ့ အစောပိုင်းကာလတွေမှာ ခန္ဓာကိုယ်က ပြန်တိုက်လို့ ဖြစ်ပေါ်လာတဲ့လက္ခဏာတွေဖြစ်တဲ့ ကိုယ်ပူတာ၊ ရောင်ရမ်းတာ၊ နာကျင်ကိုက်ခဲတာ စတဲ့ လက္ခဏာတွေပြဖို့တောင် ခုခံအားမလုံလောက်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုလူတွေမှာဆိုရင် ရောဂါပိုးကူးစက်ခံရတဲ့အခါ စောစောမသိနိုင်ဘဲ နောက်ပိုင်းအခြေအနေ ပြင်းထန်တဲ့အချိန်မှသာ သိနိုင်တဲ့အတွက် ကုသမှုနောက်ကျနိုင်ပါတယ်။
ဒါတွေအပြင် ခုခံအားစနစ်အားနည်းတဲ့သူတွေဟာ ကာကွယ်ဆေးတွေကိုလည်း တုန့်ပြန်မှုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကိုမသိဘဲ ကာကွယ်ဆေးထိုးထားပြီးရင် ရောဂါကို ကာကွယ်နိုင်မယ်လို့ အထင်မှားတတ်ကြပါတယ်။ ဒါ့ကြောင့် ခုခံအားစနစ်မကောင်းတဲ့သူတွေဟာ ကိုယ်ခံအားပိုပိုမကျအောင် အထူးဂရုစိုက်ရပါမယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ကိုယ်လက်လှုပ်ရှားမှု အလွန်များတာ စတဲ့ ကိုယ်ခံအားကျစေတဲ့အပြုအမူတွေကို သတိထားပြီး ရှောင်ကျဉ်ရပါမယ်။ အိပ်ရေးဝအောင် အိပ်တာ၊ ရေများများသောက်တာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားတာ စတာတွေကို ပြုလုပ်ပေးရပါမယ်။
တကယ်လို့ သင်က ကိုယ်ခံအားမကောင်းတဲ့လူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ သံသယရှိခဲ့ရင် အိမ်မှာပဲနေပါ။ ဆရာဝန်နဲ့ပြသစစ်ဆေးမှုခံယူပါ။ အရေးပေါ်အခြေအနေတွေဖြစ်တဲ့ အသက်ရှူကြပ်ခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ပေါ် တစ်ခုခုဖိထားသလို လေးလံနေခြငး စတာတွေ ခံစားရပြီဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ်သွားရောက်ပြသပါ။ အရေးပေါ်အခြေအနေမရှိရင်တော့ သက်ဆိုင်ရာနိုင်ငံ၊ ဒေသအလိုက် ထုတ်ပြန်ထားသော လိုက်နာရန်အချက်များကို သေသေချာချာ လိုက်နာပြီး တတ်နိုင်သမျှ အိမ်မှာပဲနေပါ။ ဖျားနာနေသူများနဲ့ မထိတွေ့မိအောင်နေပါ။ COVID-19 သံသယရှိလူနာများ တွေ့ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကို ဆက်သွယ်သတင်းပေးဖို့ လက်မနှေးကြဖို့လည်း အသိပေးလိုက်ရပါတယ်။
Reference : www.health.com

ဒေါက်တာအောင် (www.drmyanmar.com)