ကိုယ်နေဟန်ထား မမှန်ကန်တာကြောင့် ကျန်းမာရေးကို အင်မတန် ထိခိုက်နိုင်ပါတယ်နော်
ငယ်ငယ်တုန်းက အမေ၊ အဖေ၊ ဘိုးဘိုး၊ ဘွားဘွားတွေ မကြာမကြာ ဆူငေါက်ပြောဆိုတာကို ကြားဖူးမှာပေါ့။
“ခါးကို မတ်မတ်ထိုင်၊ ကုန်းကုန်းကြီးမနေနဲ့” ဆိုပြီးတော့ပေါ့။
ကလေးဘဝတုန်းကတော့ အဖေတို့၊ အမေတို့ကလည်း ကောင်းကောင်းကို မနေရဘူး။ အားလုံး လိုက်ပြောနေတာပဲလို့ ထင်မိကြတာပေါ့။ တကယ်ကတော့ ဒါဟာ ကျန်းမာရေးအတွက် အင်မတန်အရေးကြီးတဲ့ ဆုံးမစကားပါနော်။ မတ်မတ် မထိုင်တတ်ဘဲ ကုန်းထိုင်တတ်သူတွေဟာ လည်ပင်းနာတာ၊ ပခုံးနာတာ၊ တောင့်တင်းတာ၊ ခါးနာတာတွေ ဖြစ်တတ်တာပေါ့။
ကိုယ်ဟန်နေထား မမှန်တဲ့အခါ နာကျင်ကိုက်ခဲတာတွေအပြင် ကြာလာတဲ့အခါ တကယ်ထိခိုက်မှုတွေ ဖြစ်လာပါတော့တယ်။
အားကစားရုံကိုသွားပြီး တစ်ပတ်ကို ငါးရက် ခြေထောက်လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်မယ်ဆိုရင် ခြေထောက်ဒဏ်ဖြစ်ပြီး နာကျင်တော့တာပေါ့။ ဒီလိုပါပဲ။ နေ့တိုင်းနေ့တိုင်း စားပွဲမှာ ကိုယ်ဟန်အနေအထားမမှန်ဘဲ ထိုင်နေတဲ့အခါ လည်ပင်းတွေ၊ ခါးတွေ ဒဏ်ဖြစ်တော့တာပေါ့။ ဒီလို ကြွက်သားတွေ ဒဏ်ဖြစ်တဲ့အခါ ခုခံအားစနစ်က ပြန်မကုစားနိုင်တော့ဘဲ အဆစ်အမြစ် နာကျင်တဲ့အထိ ဖြစ်လာပါတော့တယ်။
၁။ ထိုင်ခုံ၊ စားပွဲ အခင်းအကျင်းကို သတိပြုပါ။
စားပွဲမှာထိုင်ပြီး အလုပ်လုပ်တဲ့အခါ ပခုံးနဲ့ လက်ကို ၉၀° အနေအထားမှာ ထားဖို့လိုပါတယ်။ ကွန်ပျူတာမျက်နှာပြင်ကို မျက်စိနဲ့တစ်တန်းတည်း ထားဖို့အရေးကြီးပါတယ်။ (အများစုက ကွန်ပျူတာမျက်နှာပြင်ကို ငုံ့ကြည့်ရတဲ့အနေအထားမှာ ထားတတ်ကြတာကြောင့် လည်ပင်းက ဒဏ်ဖြစ်တတ်ပါတယ်။
နောက်ထပ် ခေတ်သစ်ပြဿနာတစ်ခုက ဖုန်းတွေ၊ တက်ဘလက်၊ အိုင်ပတ်တွေကို တောက်လျှောက် ငုံ့ကြည့်ရာကနေဖြစ်တဲ့ လည်ပင်းပြဿနာပါ။ နည်းပညာ လည်ပင်းပြဿနာလို့လည်း ခေါ်နိုင်ပါတယ်။ ဒီလို နည်းပညာ လည်ပင်းပြဿနာကို လေ့လာရာမှာ ခေါင်းကို ပခုံးနဲ့ တစ်တန်းထဲထားခြင်းဖြင့် ဦးခေါင်းအလေးချိန်ဟာ ၁၀ ပေါင်လောက်သာ လေးတော့တာကို တွေ့ရပါတယ်။
ရှေ့ကိုကုန်းလေလေ ကုန်းလိုက်တဲ့ တစ်လက်မချင်းစီဟာ ခါးရိုးပေါ်ကို အလေးချိန် ၂ ဆလောက် သက်ရောက်ပါတယ်တဲ့။
မတ်တတ် မတ်မတ်မရပ်တာကြောင့်လည်း ဒီလိုပြဿနာမျိုး ကြုံရတတ်ပါတယ်။
ခါးရိုးကို မတ်မတ်ထားဖို့ လိုပါတယ်။ ရှေ့လည်း ငိုက်မနေသင့်သလို၊ နောက်ကိုလည်း ကော့မနေသင့်ဘူးနော်။ ခါးနာစေတတ်လို့ပါ။
၂။ တတ်နိုင်သလောက် လှုပ်ရှားပေးပါ။
အလုပ်မှာ ထိုင်ပဲနေရရ၊ မတ်တတ်ပဲရပ်ရရ၊ မှန်မှန်လှုပ်ရှားပေးဖို့ လိုပါတယ်။
ဖြစ်နိုင်ရင် နာရီပိုင်း တစ်ခါလောက်ကို လမ်းထထလျှောက်ပေးဖို့ လိုပါတယ်။
ခန္ဓာကိုယ်ဟာ အမျိုးမျိုးပြောင်းလဲမှုကို ပိုကြိုက်နှစ်သက်ပါတယ်။ ဒါမှ ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်မှာပါ။
၃။ ကိုယ်ဟန်အနေအထားကိုကောင်းစေဖို့ ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။
နေ့စဉ် လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲလိုက်တာက ခန္ဓာကိုယ်ကို နေထိုင်ကောင်းစေပါတယ်။ ဒါပေမဲ့ ဒီလိုကိုယ်ဟန်အနေအထားကောင်းကို အကျင့်ဖြစ်အောင်လုပ်ဖို့ဆိုတာ အချိန်လိုသလို တကယ့်အပြောင်းအလဲကို တွေ့ရဖို့ကလည်း ၄ ပတ်ကနေ ၆ ပတ်လောက်အထိ ကြာနိုင်ပါတယ်။
အောက်မှာ ဖော်ပြမယ့်လေ့ကျင့်ခန်းတွေဟာ ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ဟန်နေထားကို ကောင်းမွန်စေနိုင်ပါတယ်။
● စူပါမန်းလေ့ကျင့်ခန်း : မှောက်လျက် လှဲလိုက်ပြီး လက်ရော၊ ခြေထောက်ရောကိုတန်းပြီး မြှောက်လိုက်ပါ။ ဒီအနေအထားမှာ ခဏတောင့်ထားပြီးနောက် အနားယူပြီး ထပ်လုပ်ပေးပါ။
● ပင်မကြွက်သားလေ့ကျင့်ခန်း : အိပ်ထမတင်၊ ဒိုက်ထိုး စတဲ့ လေ့ကျင့်ခန်းတွေဟာ ပင်မကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။
● လည်ပင်းဆန့်လေ့ကျင့်ခန်း : ခုံမှာ သက်သောင့်သက်သာထိုင်ပြီး ခေါင်းကိုခုံနောက် သို့မဟုတ် လက်ထဲကို လှန်ချလိုက်ပါ။ ၃၀ စက္ကန့်လောက်စီနဲ့ အကြိမ်ကြိမ် လုပ်ပေးခြင်းဖြင့် လည်ပင်းကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။
● ကျောပြင်လေ့ကျင့်ခန်း : ကျောပြင်ကုန်းမနေဘဲ ဆန့်နေစေဖို့ ကျောပြင်မှာရှိတဲ့ ကြွက်သားတွေကို လေ့ကျင့်ပေးဖို့ လိုပါတယ်။ ပခုံးအမြင့်လောက်မှာ သားရေကြိုးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဘေးနှစ်ဖက်ကို တစ်ဆုံး ဆွဲဆန့်လိုက်ပါ။ ဒီအတိုင်းကို ထပ်ခါထပ်ခါ လုပ်ပေးပါ။
ဒါကြောင့် တကယ်လို့ ကိုယ်နေဟန်ထား မမှန်ခြင်းကြောင့် လည်ပင်းတွေ၊ ပုခုံးတွေနဲ့ ခါးနာနေတယ်ဆိုရင် အပေါ်ကနည်းလမ်းလေးတွေကို ကြိုးစားကြည့်ပါ။ ဒါနဲ့မှ မသက်သာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























