ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသမီးတစ်ဦး ပြောပြတဲ့ Covid-19 ရဲ့ တစ်နေ့ချင်း ခံစားရသော ရောဂါလက္ခဏာများ
ကိုရိုနာဗိုင်းရပ်စ်ဟာ အရှိန်အဟုန်မြင့်စွာ ခြောက်လှန့်နေတာဖြစ်ပြီး ယူကေနိုင်ငံမှာဆိုရင် အနည်းဆုံးလူ ကိုးထောင်ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးပြီးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးက နေ့စဉ်ခံစားရတဲ့ လက္ခဏာတွေကို အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။
● Jessica Cain လို့ခေါ်တဲ့ အမျိုးသမီးဟာ အမေရိကန်နိုင်ငံ Texas ပြည်နယ်ရှိ Austin မြို့တွင် နေထိုင်သူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ဖြစ်ပါတယ်။
● သူမဟာ မတ်လအလယ်လောက်မှာ ရောဂါလက္ခဏာတွေကို စတင်ခံစားနေရပြီ ဖြစ်ပါတယ်။ ကိုယ်ပူရှိန်ပြင်းခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ချိန် ဗိုက်အောင့်ခြင်းတွေဟာ သူမရဲ့ ကနဦးလက္ခဏာတွေ ဖြစ်ခဲ့ပါတယ်။
● ကိုးရက်လောက်အကြာမှာတော့ Jessica အနေနဲ့ Covid-19 ရဲ့ လက္ခဏာတိုင်းကို စတင်ခံစားနေရပြီ ဖြစ်ပါတယ်။ အဖျားကြီးခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အနံ့အရသာများ အာရုံမခံနိုင်ခြင်း စတာတွေအပြင် သုံးရက်ကျော်တဲ့အခါမှာတော့ အလွန်အမင်း ပျို့အန်ခြင်းနဲ့ ဗိုက်နာခြင်းကိုပါ ခံစားရပါတယ်။
● ရက်အနည်းငယ် ကြာပြီးချိန်မှာတော့ သူမှာဟာ အားအင်ကုန်ခမ်းနေပြီဖြစ်တဲ့အပြင် ချောင်းဆိုးခြင်းနဲ့အတူ ရင်ဘတ်အောင့်ခြင်းကိုပါ ခံစားနေရပါပြီ။
● အစပိုင်းမှာတော့ ချောင်းဆိုးခြင်းဟာ စိတ်ကသိကအောင့် ဖြစ်စေရုံလောက်သာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ရင်ညွန့်ဆီမှာပါ လေးပင်နေခြင်းနဲ့ ပူလောင်ခြင်းတွေကို ခံစားလာရတယ်လို့ ဆိုပါတယ်။
● ၁၀ ရက်မြောက်နေ့မှာတော့ သူမဟာ အလွန်အမင်း ခေါင်းကိုက်ခဲဝေဒနာကိုပါ ခံစားနေရပြီး wasabi တွေကို ဇွန်းနဲ့ အများကြီးစားလိုက်ရင် ခံစားရသလို နှာခေါင်းအတွင်းခန်း နာကျင်ခြင်းကိုပါ ခံစားနေရတယ်လို့ ပြောကြားပါတယ်။
● ၁၂ ရက်မြောက်နေ့မှာတော့ အဖျားကျသွားပြီဖြစ်ပြီး အနည်းငယ် သက်သောင့်သက်သာပြန်ဖြစ်နေပြီလို့ ဆိုပါတယ်။
● သူမကတော့ ဒီလိုကူးစက်ခံခဲ့ရတာဟာ အပြင်တွေမထွက်ဖို့ တားမြစ်ချက်တွေကို မလိုက်နာခဲ့တာကြောင့်လို့ ဝန်ခံပါတယ်။ တစ်လက်စတည်းမှာလည်း လူတွေကို အိမ်မှာသာနေကြဖို့ အကြံပေးချင်ပါတယ်လို့ ဆိုပါတယ်။
● သူမကတော့ အခြားကိုရိုနာကူးစက်ခံရပြီး သေဆုံးသွားသူများထက်စာရင် သူမရဲ့ အခြေအနေက တိုးတက်ကောင်းမွန်လာတဲ့အတွက် မိမိကိုယ်ကို ကံကောင်းတယ်လို့ ယူဆနေပါတယ်။
Jessica လို ကိုရိုနာဗိုင်းရပ်စ်ကို အောင်နိုင်ခဲ့သူတွေရှိသလိုပဲ အသက်ပေးလိုက်ရတဲ့အထိ ရောဂါပြင်းထန်သူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ အိမ်မှာပဲနေခြင်း၊ မဖြစ်မနေ အချိန်မှသာ အပြင်ထွက်ခြင်း၊ mask တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























