ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပေါ်နေချိန်အတွင်းမှာ ဈေးဝယ်ထွက်ခြင်းနဲ့ ခရီးသွားခြင်းတို့ကို အန္တရာယ်ကင်းစွာ ဘယ်လိုပြုလုပ်မလဲ
အခုဆိုရင် Corona Virus ပိုး တွေ့ရှိသူ ၂၀ ယောက်ထိ ရှိလာပြီဖြစ်လို့ လူတိုင်းလိုလိုမှာ သတိကြီးစွာ ထားရမယ့် အနေအထား ရောက်ရှိလာပါပြီ။ ဒီကာလမှာ မဖြစ်မနေ အပြင်ထွက်ရသူတွေ အလုပ်သွားနေရသူတွေ ဈေးဝယ်ရသူတွေလည်း ရှိနေဆဲ ဖြစ်တာမို့ ရှောင်ရန်ဆောင်ရန်လေးတွေကို မျှဝေလိုက်ပါတယ်။
● ရောဂါပိုးကူးစက်ထားသူနဲ့ ထိတွေ့ခဲ့တဲ့ အရာဝတ္ထုတွေကနေတစ်ဆင့် ပိုးကူးစက်မှုဖြစ်စေနိုင်တဲ့အတွက် လူအများ ထိတွေ့တဲ့နေရာတွေဖြစ်တဲ့ တံခါးလက်ကိုင်ဘုများ၊ လက်ကိုင်ကွင်းများ၊ ခရက်ဒစ်ကတ်များစတဲ့ ပစ္စည်းတွေကို တတ်နိုင်သမျှ မထိတွေ့တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
● WHO ရဲ့ ပြောကြားချက်အရ ဘဏ်မှထုတ်လာသော ပိုက်ဆံနဲ့ စာရွက်တွေဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကို ပျံ့နှံ့အောင် ပြုလုပ်နိုင်တဲ့အတွက် ကတ်စနစ်ကို ပြောင်းလဲအသုံးပြုဖို့ ကြိုးစားသင့်ပါတယ်။
>> ဈေးဝယ်တဲ့အခါ
● ဈေးဝယ်ထွက်တဲ့အခါ ပိုးကူးစက်ခြင်းမခံရအောင် ဘယ်လိုကာကွယ်မလဲ တွေးစရာဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝန်းမှာကော ရန်ကုန်မြို့ရဲ့ စူပါမားကတ်တွေမှာကော “social distancing”နည်းစဉ်များအရ တစ်ဦးနဲ့တစ်ဦး အနည်းဆုံး သုံးပေအကွာမှာ ရပ်ပြီး ဈေးဝယ်တာမျိုး၊ ဝင်ပေါက်မှာ အဖျားတိုင်းပေးခြင်း၊ Hand sanitizer များဖြင့် လက်ဆေးခိုင်းခြင်းတို့ကို ပြုလုပ်လာကြပြီလေ။
● အားလုံးသိတဲ့အတိုင်း ဈေးဝယ်တဲ့အခါမှာ ခြင်းတိုင်တွေ၊ တွန်းလှည်းတွေနဲ့ ပစ္စည်းတွေကို လက်နဲ့မထိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ လက်အိပ်စွပ်ထားရင်တော့ တစ်မျိုးပေါ့လေ။ နောက်ပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း လူအများ ကိုင်တွယ်ပြီးသားဖြစ်နိုင်တဲ့အတွက် ဆိုင်တွေအနေနဲ့ ညှပ်များ၊ ဇွန်းများကို ထားပေးသင့်ပါတယ်။
● ဈေးဝယ်သွားချိန်မှာ mask တပ်ခြင်း၊ နှာချေ ချောင်းဆိုးပါက တံတောင်ဖြင့်အုပ်ခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ၃ ပေအကွာက ရပ်ခြင်း၊ ဈေးဝယ်ပြီး ပြန်ထွက်လာတာနဲ့ လက်ဆေးခြင်း Hand sanitizerသ ုံးခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ပါ။
>> ဘတ်စ်ကားနဲ့ ရထားများစီးတဲ့အခါ
● ကြပ်ညပ်နေတဲ့ YBS ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ၃ ပေအကွာနေဖို့ ခက်ခဲလှပါတယ်။
● သင့်ဘေးက ရောဂါရှိနေသူတစ်ဦး ချောင်းဆိုးလိုက်ပါက သင့်ဆီကို ကူးစက်ခံရမှာ အသေအချာပါပဲ။
● ဒီထက်ပိုဆိုးတာကတော့ ဗိုင်းရပ်စ်ပိုးဟာ လက်ကိုင်ကွင်းကဲ့သို့ မာကျောတဲ့နေရာတွေမှာ ၄၈ နာရီကနေ ၇၂ နာရီ တွယ်ကပ်နေနိုင်တာပါပဲ။ ဒါကြောင့် လက်ကိုင်များ၊ ခလုတ်များ၊ တံခါးများ စတာတွေကို လက်တစ်ဖက်နဲ့သာ ကိုင်ပြီး ဖုန်းများကို အခြားလက်နဲ့ ကိုင်ပါ။ လက်ကို hand sanitizer နဲ့ ဆေးကြောပါ။
>> ကိုယ်ပိုင်ကားမောင်းတဲ့အခါ
● ကားအတွင်းဘက်အခန်း၊ dashboard၊ စတီယာတိုင်၊ ဂီယာတွေကို Dettol၊ Isopropanol တို့နဲ့ သန့်ရှင်းပေးပါ။ သင့်ကားပေါ်တွင် ခရီးသည်များပါလာပါက သူတို့ဆင်းသွားတိုင်း အရက်ပြန်ဖြင့် ပိုးသတ်ပေးပါ။
>> အလုပ်မှာ
● အလုပ်စားပွဲ၊ ကွန်ပျူတာ၊ တံခါးလက်ကိုင်၊ ထိုင်ခုံ စတာတွေကို အရက်ပြန်ဖြင့် သန့်စင်ပါ။
● ထမင်းစားစားပွဲ၊ ပန်းကန်ခွက်ယောက်တွေကို သီးသန့်ထားပါ။ သေချာဆေးကြောပါ။
● လူအများနဲ့ မျှဝေစားသော အစားအစာများကို စားခြင်းမှ ရှောင်ကြဉ်ပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























