/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကူးစက်ရောဂါများကို-ထိရောက်စွာ-ကာကွယ်နိုင်မယ့်-နည်းလမ်းများ

ကူးစက်ရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်မယ့် နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ဒီနေ့ခေတ်မှာ လမ်းပန်းဆက်သွယ်ရေး အရင်ကထက် တိုးတက်ကောင်းမွန်လာတဲ့အတွက် လူသားတွေဟာ တစ်နေရာကတစ်နေရာ တစ်မြို့ကနေတစ်မြို့ အလွယ်တကူ ကူးသန်းသွားလာနေတဲ့အတွက် ကူးစက်ရောဂါတွေဟာ ကမ္ဘာအနှံ့မှာ အလွယ်တကူ ပြန့်ပွားကူးစက်နေပါတယ်။ ဒီလိုကူးစက်ရောဂါတွေကို မိမိကိုမကူးစက်နိုင်အောင်နဲ့  မိမိမှာရောဂါဖြစ်နေခဲ့ရင်လည်း တစ်ခြားသူတွေကိုမကူးစက်နိုင်အောင်  ကာကွယ်နိုင်တဲ့ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ပညာရှိသတိဖြစ်ခဲဆိုသလို ဒီနည်းလမ်းတွေဟာ လွယ်ကူပြီး လူတိုင်းနီးပါးသိနေကြပေမယ့် လိုက်လုပ်ဖို့ မေ့နေတတ်ကြတဲ့အတွက် ဒီဆောင်းပါးလေးမှာ ပြောပြပေးမှာဖြစ်ပါတယ်။

>>    လက်ကို သေချာဆေးပါ။
    လူတိုင်းနီးပါးကတော့ အစားအသောက်မစားခင်၊ အိမ်သာတက်အပြီးနဲ့  ညစ်ပေတဲ့အရာတွေ ကိုင်ပြီးရင်တော့ လက်ဆေးတတ်ကြပါတယ်။ ဒါပေမဲ့ လက်ဆေးတာက ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့ဆိုရင် နှပ်ညှစ်ပြီးတိုင်း၊ နှာချေ၊ ချောင်းဆိုးပြီးတိုင်း၊ ကလေးငယ်ကို သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း၊ ဖျားနာနေတဲ့သူတွေကို သတင်းသွားမမေးခင်နဲ့ သတင်းမေးပြီးပြန်လာတိုင်း၊ လူနာရဲ့ဝေယျာဝစ္စကို မလုပ်ပေးမီနဲ့ လုပ်ပေးပြီးတိုင်း လက်ကိုဆေးရပါမယ်။ ဆေးတယ်ဆိုတဲ့နေရာမှာလည်း လက်ကိုရေနဲ့ဆပ်ပြာသုံးပြီးဖြစ်ဖြစ်၊ လက်သန့်ဆေးရည်နဲ့ဖြစ်ဖြစ် ဆေးနိုင်ပါတယ်။ လက်ဆေးတဲ့အခါမှာလည်း ‘လက်ဖဝါး၊ လက်ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြားလက်မ မကျန်ရ၊ ကုတ်၍ခြစ်ပါလက္ခဏာ။ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။’ ဆိုတဲ့အတိုင်းပဲ လက်တစ်ခုလုံးကို နှံ့စပ်အောင်သေချာ စင်ကြယ်အောင်ဆေးမှသာ ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

>>    နှာချေ၊ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို ဖုံးအုပ်ပါ။
    နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ သင့်ရဲ့ နှာခေါင်း၊ ပါးစပ်တွေကို တစ်ရှူး၊ လက်ကိုင်ပုဝါ တစ်ခုခုနဲ့ဖုံးအုပ်ပါ။ တကယ်လို့ တစ်ရှူး၊ လက်ကိုင်ပုဝါတွေမရှိခဲ့ရင် တံတောင်ဆစ် ကွေးနေရာနဲ့ ဖုံးအုပ်ပေးပါ။

>>    ထိခိုက်ဒဏ်ရာတွေရခဲ့ရင် အရင်ဆုံး ရေနဲ့ဆေးကြောပြီး ပတ်တီး (သို့မဟုတ်) အဝတ်သန့်သန့်နဲ့ စည်းထားပါ။
    ဒါ့အပြင် လူကိုက်တာ၊ ခွေးကိုက်တာ၊ တခြားသောတိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရတာဆိုရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပါ။
    အနာဖေးတက်နေတဲ့ အနာတွေကို ကုတ်ဖဲ့ခြင်း၊ ဝက်ခြံများ၊ ပြည်တည်နာများကို ညှစ်ခြင်း၊ ကုတ်ဖဲ့ခြင်းများကို ရှောင်ကျဉ်ပါ။
    ပန်းကန်များ၊ ရေခွက်များ စတဲ့ ပန်းကန်ခွက်ယောက်များကို တခြားသူများနှင့် မျှဝေသုံးစွဲခြင်းကို ရှောင်ကျဉ်ပါ။
    တခြားသူ အသုံးပြုပြီးသား လက်ကိုင်ပုဝါ၊ တစ်ရှူး၊ လက်သုတ်ပုဝါ များကိုထိတွေ့ ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။

>>    အစားအသောက်မှတစ်ဆင့် ရောဂါကူးစက်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ
    အစားသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကြောင့်ဖြစ်နိုင်တဲ့ ရောဂါတွေကအများအားဖြင့် မပြင်းထန်တတ်ပေမယ့် တစ်ချို့ရောဂါတွေကတော့ ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်းစတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုအစားအသောက်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့နည်းလမ်းကောင်းတွေကတော့ ရှိနေပါပြီ။
•    အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို မချက်ပြုတ်ခင်မှာ ရေစင်စင်ဆေးပါ။
•    အသားစိမ်း၊ ငါးစိမ်းများကို မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးမှာ လက် သေချာဆေးပါ။
•    အသား၊ ငါးအစိမ်းများနှင့် ချက်ပြုတ်ပြီး အသားငါးများကို ရောထားခြင်းကို ရှောင်ကြဉ်ပါ။
•    အသားဟင်းများ ချက်ရာတွင် သေချာကျက်အောင် ချက်ပြုတ်ပါ။ အသားကင်များ၊ စတိခ်များ လုပ်ရာတွင်လည်း အသားကျက်အောင် ဂရုပြုပါ။
    ကူးစက်ရောဂါတွေကို ထိရောက်စွာကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတွေထဲက နောက်ဆုံးတစ်ခုကတော့ ကာကွယ်ဆေးထိုးနှံတာပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကို ကလေးဘဝကတည်းက အသက်အရွယ်အလိုက် မပျက်မကွက်ထိုးနှံပြီး လိုအပ်တဲ့အချိန်မှာလည်း လိုအပ်တဲ့ကာကွယ်ဆေးကို အချိန်မှီထိုးနှံခြင်းကလည်း ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းတစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။
    ကူးစက်ရောဂါကင်းစင်ပြီး ပျော်ရွှင်ကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဒေါက်တာအောင်