ကျန်းမာတဲ့စားသောက်ပုံကို ဘယ်လိုပြောင်းလဲကြမလဲ
● ပြောင်းလဲပြီး စားပါ။
စားနေကျ သရေစာတွေကို ပိုပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေနဲ့ အစားထိုးပါ။ ဥပမာ - အာလူးကြော်စားချင်ရင် ပေါက်ပေါက်၊ ဗန်ဒါစေ့လို အစေ့အဆံတွေ အစားထိုးစားပါ။ ချိုတာစားချင်ရင် သကြားတွေပါတဲ့မုန့်တွေအစား အသီးစားပါ။
● အိမ်မှာ လုပ်စားပါ။
သရေစာတွေကို အိမ်မှာ လုပ်စားတာက ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုပြင်လို့ရပါတယ်။ ဥပမာ - အားလူကို ဆီအများကြီးနဲ့ ကြော်မယ့်အစား ဖုတ်လိုက်တာမျိုး၊ ဘာဂါကို အဆီနည်းတဲ့အသားနဲ့ ကိုယ်တိုင်လုပ်စားတာမျိုးပေါ့။
● အသားတွေကို မချက်ခင် ပြုပြင်ပါ။
အနီရောင်ရှိတဲ့အသားတွေဟာ စားလို့လည်း ကောင်းသလို အဆီတွေ၊ ကိုလက်စရောတွေ အများကြီး ပါဝင်ပါတယ်။ ဒါကြောင့် ဝယ်ရင် အဆီမပါဘဲ အသားကြီးပဲရှိတဲ့အပိုင်း ရွေးဝယ်တာမျိုး၊ အဆီတွေကို ဖယ်ပစ်တာမျိုး၊ ကြက်သားလို အသားမျိုးဆိုရင် အရေခွံကို ဖယ်ပြီးချက်တာမျိုး လုပ်သင့်ပါတယ်။
● ချက်နည်းကို ပြောင်းလဲပါ။
အစားအစာတွေကို ဖုတ်တာက ကြော်တာထက် အဆီပါဝင်မှု နည်းစေပါတယ်။ ဒါ့အပြင ်ဟင်းကိုချက်တဲ့အခါမှာ ဆီအစား အရိုးပြုတ်ရည်ကို အစားထိုးတာက အရသာလည်းရှိပြီး နူးညံ့စေပါတယ်။
● ဟင်းခတ်အမွှေးအကြိုင်တွေ သုံးပါ။
သင်တို့ဟာ ဟင်းတွေကို အရသာရှိအောင် ချက်ပြုတ်တဲ့နေရာမှာ ဆားကိုပဲ သုံးနေတာလား။ သူ့အစား ကြက်သွန်၊ ငရုတ်၊ စမုံစပါး၊ Rosemary စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ပြောင်းပြီး သုံးကြည့်တာက အရသာလည်းရှိစေတဲ့အပြင် သွေးတိုးမှာကိုလည်း ကြောက်စရာမလိုတော့ပါဘူး။
● တိခနဲ မဖြတ်လိုက်ပါနဲ့။
သရေစာ လုံးဝမစားဘဲနေတာမျိုးက ပိုပြီးစားချင်စိတ်ကို ဖြစ်စေတဲ့အပြင် နောက်မထိန်းနိုင်ဘဲ စားမိတဲ့အခါ စားနေကျထက် ပိုပြီးစားမိစေပါတယ်။ ဒါကြောင့် သတ်သတ်မှတ်မှတ် နည်းနည်းပဲစားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့မုန့်တွေနဲ့ အစားထိုးပြီး ဖြည်းဖြည်းချင်းစားပါ။
● ကိုယ့်ကိုကိုယ် အရမ်းမညှင်းဆဲပါနဲ့။
တစ်ခါတလေ မထိန်းနိုင်ဘဲ များများစားမိသွားတယ်ဆိုရင် ကိုယ့်ကိုကိုယ် အပြစ်တင်နေတာမျိုးထက် နောက်ရက်မှာ ဂရုစိုက်ပြီး စားပါ။ လေ့ကျင့်ခန်းဖြစ်ဖြစ် ပိုလုပ်ပါ။
Dr. Htar (www.drmyanmar.com)






























