/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်ကျောက်တည်ခြင်းမှကင်းဝေးစေဖို့-ဘယ်လိုနေထိုင်ကြမလဲ

ကျောက်ကပ်ကျောက်တည်ခြင်းမှကင်းဝေးစေဖို့ ဘယ်လိုနေထိုင်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

           ကျောက်ကပ်မှာကျောက်ရှိနေတယ်ဆိုရင် ဒီကျောက် ခန္ဓာကိုယ်အပြင်ဘက်ကိုထွက်မသွားမချင်း မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲခြင်းတွေ ခံစားတတ်ကြရပါတယ်။ အများအားဖြင့် ကျောက်ကပ်ကျောက်တည်တာက တစ်ကြိမ်ထဲနဲ့ပြီးသွားလေ့မရှိဘဲ နေထိုင်မှုပုံစံမမှန်ရင် တစ်ဝက်ကျော်ကျော်လောက်က နောက်ထပ် 5 နှစ်အကြာမှာ ကျောက်ပြန်ဖြစ်လေ့ရှိပါတယ်။

          ကျောက်ကပ်ကျောက်မတည်အောင် ကာကွယ်တဲ့နည်းတွေက ရှုပ်ထွေးပြီးခက်ခဲလှတဲ့ နည်းလမ်းတွေတော့မဟုတ်ပေမယ့် သေချာလိုက်နာဖို့တော့လိုအပ်ပါတယ်။ ဓာတ်ပစ္စည်းအချို့က ဆီးထဲမှာစုပုံပြီး အတုံးအခဲဖြစ်လာတဲ့အခါမှာ ကျောက်ကပ်မှာ ကျောက်တည်လာပါတယ်။ ဒီအတုံးအခဲလေးကမှ တဖြည်းဖြည်းကြီးလာပြီး ဆီးလမ်းကြောင်းတစ်နေရာမှာ ပိတ်ဆို့လိုက်တဲ့အခါ နာကျင်မှုကို ခံစားရစေပါတယ်။

          ကျောက်အများစုက ကယ်ဆီယမ်နဲ့ oxalate (သို့) phosphorous ဆိုတဲ့ ဓာတ်တစ်မျိုးမျိုးပေါင်းပြီးဖြစ်လာတာပါ။ ခန္ဓာကိုယ်က ပရိုတင်းဓာတ်ကို ချေဖျက်လိုက်တဲ့အချိန်မှာထွက်လာတဲ့ uric acid ကလည်း ကျောက်ဖြစ်စေပါတယ်။ ဒီကျောက်တွေဖြစ်မလာအောင် ကာကွယ်နိုင်ရင် ကျောက်ကပ် မှာလည်းကျောက်တည်တော့မှာမဟုတ်ပါဘူး။ ကျော်တည်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေကတော့ -

1. ရေများများသောက်ပါ။

          ရေများများသောက်ခြင်းဖြင့် ကျောက်တည်စေနိုင်တဲ့အမှုန်တွေကို ရေရောပြီးပျော့သွားစေပါတယ်။ တစ်နေ့ကို ရေ 2 လီတာ ပုံမှန်သောက်ပေးရပါမယ်။ လိမေ္မာ်ရည်၊ သံပုရာရည်ကဲ့သို့သော အချဉ်ဓာတ် ပါဝင်တဲ့ဖျော်ရည်တွေမှာ citrate ဓာတ်ပါ၀င်တဲ့အတွက် ကျောက်တည်ခြင်းကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။

2. ကယ်ဆီယမ်ဓာတ်လုံလောက်ပါစေ။

          နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ ကယ်ဆီယမ်ဓာတ်နည်းမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ oxalate ပမာဏများလာစေပြီး ကျောက်တည်စေနိုင်ပါတယ်။ ဒါကိုကာကွယ်နိုင်ဖို့ဆိုရင် အသက်အရွယ်အလိုက် လိုအပ်တဲ့ ကယ်ဆီယမ်ပမာဏစားသုံးပေးရပါမယ်။ လေ့လာမှုအချို့အရ ကယ်ဆီယမ်ဆေးပြားတွေ က ကျောက်တည်စေနိုင်တဲ့အတွက် အစားအစာတွေကနေ ကယ်ဆီယမ်ဓာတ်ပြည့်ဝအောင်စားပေးတာက အကောင်းဆုံးပါပဲ။။

3. ဆားလျော့စားပါ။

          ဆားများများစားရင် ဆီးထဲမှာ ကယ်ဆီယမ်ပါဝင်မှုများစေပြီး ကျောက်ကပ်ကျောက်တည်စေပါတယ်။ လမ်းညွှန်ချက်တွေအရ တစ်နေ့ကို ဆား 2300 mg ပဲစားရမယ်လို့ဆိုပါတယ်။ အရင်က ဆားများများစား လို့ ကျောက်တည်ဖူးတယ်ဆိုရင်တော့ တစ်နေ့ကိုဆား 1500 mg ပဲစားသင့်ပါတယ်။ ဒါက သွေးတိုးနဲ့ နှလုံးရောဂါတွေအတွက်လည်း ကောင်းမွန်ပါတယ်။

4. တိရိစာန်ကရတဲ့ အသားဓာတ်ကိုလျှော့စားပါ။

          အနီရောင်အသား၊ ဝက်သား၊ ဥ၊ ပင်လယ်စာ စတဲ့တိရိစၧာန်ကနေရတဲ့ ပရိုတင်းဓာတ်တွေ အလွန်အကျွံစားသုံးရင် uric acid ပမာဏများလာစေပြီး ကျောက်ကပ်ကျောက်တည်စေနိုင်ပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်များရင် ကျောက်မတည်အောင် ကာကွယ်ပေးတဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ citrate ကိုလည်းလျော့ကျစေပါတယ်။ အသားနည်းနည်းပဲစားခြင်းက နှလုံးကျန်းမာရေးအတွက်လည်းကောင်းပါတယ်။

5. ကျောက်ဖြစ်စေတဲ့အစားအစာတွေကို ရှောင်ကျဉ်ပါ။

          မုန်လာဥနီ၊ ချောကလက်၊ ဟင်းနုနွယ်၊ လက်ဖက်ရည်နဲ့ အခွံမာသီးအများစုမှာ oxalate ကြွယ်ဝပြီးတော့ ကိုလာမှာ phosphate ဓာတ်ပါဝင်မှုများတဲ့အတွက် ဒီအစားအစာတွေက ကျောက်ကပ်မှာကျောက်တည်မှုကို အားပေးပါတယ်။ ကျောက်ကပ်ကျောက်တည်တဲ့ သူတွေဆိုရင် ဒီအစားအစာတွေကို ရှောင်ကျဉ်ပါ (သို့) နည်းနည်းပဲစားပါ။

          ပုံမှန်လူတွေအတွက်တော့ ဘယ်အရာကိုမှ အလွန်အကျွံမစားရင်ရပါတယ်။ တန်ဆေးလွန်ဘေးပါ။ လေ့လာမှုအချို့အရ ဗီတာမင် C ပါဝင်မှုများ တဲ့ဆေးပြားတွေသောက်ခြင်းဖြင့် ကျောက်တည်စေနိုင်တယ်လို့ဆိုပါတယ်။

6. လှုပ်ရှားမှုရှိပါစေ။

          လေ့ကျင့်ခန်းအနည်းငယ်လောက်လုပ်မယ်ဆိုရင်တောင် ကျောက်တည်နိုင်ချေကို 33% ထက်ပိုပြီးလျှော့ချပေးနိုင်ပါတယ်။ တစ်ပတ်ကို 3 နာရီလမ်းလျှောက်ခြင်း (သို့) တစ်နာရီလောက်အနှေးပြေးခြင်းတွေပြုလုပ်ပေးမယ်ဆိုရင်တောင် ကျောက်တည်ခြင်းကိုလျော့ကျစေပါတယ်။

7. ဆိုဒါလုံးဝမသောက်ပါနဲ့။

          လေ့လာမှုတွေအရ တစ်နေ့ကို အချိုရည်တစ်ခွက်ပဲသောက်မယ်ဆိုရင်တောင် ကျောက်ကပ်ကျောက် တည်နိုင်ချေ 23% ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိုရည်ထဲမှာပါဝင်တဲ့ သကြားဓာတ် က ကျောက်ဖြစ်စေတဲ့ calcium, oxalate နဲ့ uric acid စစ်ထုတ်မှုများစေလို့ပဲဖြစ်ပါတယ်။

8. မနက်တိုင်းကော်ဖီသောက်ပါ။

          တစ်နေ့ကို အနည်းဆုံးကော်ဖီတစ်ခွက်သောက်သူတွေက ကျောက်တည်နိုင်ချေ 26%, လက်ဖက်ရည် သမားတွေက 11% လျော့နည်းပါတယ်။

9. အောက်ပါရောဂါလက္ခဏာတွေကို အမြဲသတိထားကြည့်ပါ။

          ဇီဝကမ္မဆိုင်ရာရောဂါတွေက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ဆက်နွယ်နေပြီး အသက်ဆုံးရှုံးတဲ့ အထိတောင်ဖြစ်နိုင်ပါတယ်။ အောက်ပါ လက္ခဏာ 5 မျိုးထဲက အနည်းဆုံး 3 ချက်နဲ့ ကိုက်ညီရင်ရင် ဇီဝကမ္မဆိုင်ရာလက္ခဏာစုရှိတယ်လို့ဆိုနိုင်ပါတယ်။

- ဝမ်းဗိုက်အဆီများခြင်း

- သွေးတွင်းအဆီများခြင်း (Triglyceride)

- HDL (ကောင်းသောအဆီ) နည်းခြင်း

- သွေးတိုးခြင်း

- သွေးတွင်းသကြားဓာတ်ပမာဏ ထိန်းချုပ်မှုမကောင်းခြင်း

Dr. Mya Myo Myo Swe

www.drmyanmar.com