/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်ပျက်စီးခြင်းကြောင့်-ဆားဓာတ်-မမျှတခြင်း

ကျောက်ကပ်ပျက်စီးခြင်းကြောင့် ဆားဓာတ် မမျှတခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာများ ရုတ်တရက် ယိုယွင်းပျက်စီးလာခြင်းကို ကျောက်ကပ်ပျက်စီးမှုလို့ ခေါ်ဆိုပါတယ်။
ကျောက်ကပ်ဟာ ကိုယ်ခန္ဓာနှင့်သွေးထဲရှိ အရည်နှင့်ဆားဓာတ်များ မျှတအောင် ဆောင်ရွက်ပေးတဲ့အတွက် ကျောက်ကပ်ပျက်စီးမှုဟာ ဆားဓာတ်များကို မမျှမတဖြစ်စေပြီး နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

(၁)  ပိုတက်စီယမ် မမျှမတဖြစ်ခြင်း
ကျောက်ကပ်ပျက်စီးမှု ဖြစ်ပေါ်ပါက ပိုတက်စီယမ်တွေကို ဆီးထဲသို့ ကောင်းစွာမစွန့်ထုတ်နိုင်တော့ဘဲ သွေးထဲတွင် ပိုတက်စီယမ်များစုပုံသော အနေအထားကို ဖြစ်စေပါတယ်။ ဒီအခါမှာ -
●  ဗိုက်အောင့်ခြင်း
●  နုံးခြင်း
●  ကြွက်သားများ အားနည်းခြင်း
●  အကြောဆွဲခြင်း
●  နှလုံးခုန်ရပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

(၂)  ဆိုဒီယမ် မမျှမတဖြစ်ခြင်း
ကျောက်ကပ်ပျက်စီးမှုကြောင့် ဆိုဒီယမ်များကို ဆီးထဲသို့ မစွန့်ထုတ်နိုင်တော့ဘဲ သွေးတွင်းဆိုဒီယမ်ဓာတ် များပြားခြင်းကြောင့် -
●  စိတ်အာရုံလွင့်ပါးခြင်း
●  ကြွက်တက်ခြင်း
●  သွေးတိုးခြင်း
●  အားနည်းခြင်းတို့ ဖြစ်ပေါ်စေပါတယ်။

(၃)  မဂ္ဂနီစီယမ် မမျှမတဖြစ်ခြင်း
သွေးတွင်း မဂ္ဂနီစီယမ် များပြားခြင်းကြောင့်
●  သွေးပေါင်ကျခြင်း
●  နှလုံးခုန်နှေးခြင်း
●  နှလုံးခုန်ရပ်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။

(၄)  ကယ်လ်စီယမ် မမျှမတဖြစ်ခြင်း
ကျောက်ကပ်ပျက်စီးမှုကြောင့် သွေးထဲတွင် ဖော့ဖရပ်စ်များ စုပုံစေပါတယ်။ ဖော့စဖရပ်စ်များ စုပုံခြင်းဟာ  သွေးတွင်းမှာ ကယ်လ်စီယမ်များကို လျော့နည်းစေတဲ့အတွက် -
●  ကြွက်တက်ခြင်း
●  တက်ခြင်း
●  နှလုံးတုန်ခြင်း
●  အရိုးများပါးခြင်း
●  နှလုံးပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

ဆားဓာတ်များ မျှတမှုဟာ ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်လှပါတယ်။ ကျောက်ကပ်ပျက်စီးမှုကို အချိန်မီကုသနိုင်ပါက ဆားဓာတ်များ မမျှတမှုကိုလည်း ပြန်လည်သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)