ကြံ့ခိုင်ဖို့ အရေးကြီးတယ်
တချို့က ပိန်မှလှတယ် တချို့ကတော့ ၀မှ စသည်ဖြင့် အတွေးအမြင်အမျိုးမျိုးကွဲပြားလေ့ရှိပါတယ်။ ခန္ဓာကိုယ်အရွယ်အစားက အဓိကမဟုတ်ပါဘူး။ ပိန်ပိန် ၀၀ ခန္ဓာကိုယ်ကြံ့ခိုင်နေဖို့လိုအပ်ပါတယ်။
ခါးပတ်ပတ်လည်မှာရှိတဲ့ အဆီတွေဟာ ခန္ဓာကိုယ်အလေးချိန်ထက် လူတယောက်ရဲ့ ကျန်းမာရေးကိုအဓိက ဖော်ညွှန်းနိုင်တဲ့အရာဖြစ်ပါတယ်။ အ၀လွန်မနေသည့်တိုင်အောင် ခါးပတ်ပတ်လည်တွင် အဆီတွေစုနေပါက ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း ဖြစ်နိုင်ချေမြင့်မားနေကြောင်း သတိပေးတဲ့လက္ခဏာတရပ်ဖြစ်ပါတယ်။ ပုံသဏ္႑ာန်အားဖြင့် သစ်တော်သီးပုံစံရှိတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ ကျန်းမာရေးကောင်းမွန်းတဲ့ခန္ဓာကိုယ်အနေအထားကိ ပိုင်ဆိုင်သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
ခါးအချိုးအစားဘယ်လောက်က ကျန်းမာရေးနှင့်ညီညွတ်သလဲ
တိတိကျကျပြောရမယ်ဆိုရင် ခါးနှင့်တင်ကို အချိုးချလို့ရလာတဲ့ ရလဒ်ကိုဆိုလိုတာဖြစ်ပါတယ်။ နံရိုးအောက်နှင့် တင်ပဆုံးကြားက အလည်တည့်တည့်နေရာမှာ ပေးကြိုးထားပြီးခါးအရွယ်အစားကိုတိုင်းတာပါ။ ထို့နောက် တင်ပါးဆုံရဲ့ အကျယ်ပြန့်ဆုံးအပိုင်းကို တိုင်းတာပြီးအချိုးချပါ။ ယောကျာ်းလေးတွေအတွက် အချိုးကတစ်နှင့်အထက်၊ မိန်းကလေးတွေအတွက် အချိုးက 0.85 နှင့်အထက်မှာရှိနေပါက ဆီးချိုရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ချေမြင့်မားနေပါပြီ။
ဘာကြောင့် ၀မ်းဗိုက်မှာအဆီစုရတာလဲ
ခန္ဓာကိုယ်အတွင်းအဆီပျံ့နှံ့စုဆောင်းပုံနှင့် ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိရအောင် လေ့လာနေဆဲဖြစ်ပြီး မျိုးရိုးဗီဇ၊ လိင်၊ စိတ်ဖိစီးမှု၊ စတီရွိုက် (Steroid) ကဲ့သို့သောဆေးဝါးများ စတဲ့အချက်အလက်တွေပေါ်မှာမူတည်နေပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုနေထိုင်သင့်သလဲ
သင့်တင့်တဲ့ ကိုယ်အလေးချိန်မှာထားရှိနိုင်အောင် ကြိုးစားပါ။ တနေရာတည်းက အဆီတွေကိုတော့ ကွက်ပြီးချချင်လို့မရပေမယ့် ကိုယ်အလေးချိန်အနည်းငယ်ကျဆင်းအောင်ပြုလုပ်ခြင်းက ကိုယ်တွင်းအင်္ဂါနှင့်ခါးတ၀ိုက်ရှိ အဆီတွေလျော့ကျစေပါတယ်။
သကြားစားသုံးမှုနှုန်းကိုလျော့ချပါ။ သကြားစားသုံးနှုန်းကိုတနေ့လျှင် လက်ဖက်ရည်ဇွန်း 6 ဇွန်းထက်မပိုအောင်ဂရုစိုက်ပါ။
သဘာ၀မှရရှိတဲ့ အင်ဆူလင်ဟော်မုန်းကိုအားထားပါ။ အင်ဆူလင်ဟာ သွေးတွင်းရှိသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အရေးပါတဲ့ဟော်မုန်းဖြစ်ရုံသာမက ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ဘက်တီးရီးယားတွေကို အားကောင်းစေပြီး ကိုယ်အလေးချိန်ကျဆင်းအောင်ပြုလုပ်ရာမှာ ကူညီပေးနိုင်တယ်လို့ လေ့လာမှုအချို့မှာဆိုထားပါတယ်။ လှုပ်လှုပ်ရှားရှားနေပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကျန်းမာစွာနေထိုင်ခြင်းရဲ့ အဓိကကျတဲ့အစိတ်အပိုင်းဖြစ်ကြောင်း ကျွနု်ပ်တို့ အားလုံးသိပြီးသားဖြစ်ပါတယ်။
စိတ်ဖိစီးမှုလျော့ချပါ။ ပေါ့ပေါ့ပါးပါးနေပါ။ အဆီလောင်ကျွမ်းမှုနှုန်းကိုအားကောင်းစေတဲ့ အစာတွေကိုမှီ၀ဲပါ။
1. ဘလူးဘယ်ရီသီး
ခန္ဓာကိုယ်အတွင်းမှာ ဖရီးရယ်ဒီကယ် (Free Radicals) တွေများပြားလာတာနဲ့အမျှ ဆဲလ်တွေပိုမိုပျက်ဆီးလာပြီး ကြွက်သားများကြီးထွားနှုန်းကို နှောင့်နှေးစေကာ အဆီလောင်ကျွမ်းမှုနှုန်းကို လျော့ကျစေခြင်း၊ အ၀လွန်ခြင်းအပါအ၀င် အခြားသောရောဂါတွေကို ဖြစ်စေပါတယ်။ ဘလူးဘယ်ရီမှာ Free Radicals တွေကို တိုက်ထုတ်နိုင်တဲ့ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေအများအပြားပါ၀င်နေပါတယ်။
2. ဗာဒံစေ့
ဗာဒံစေ့ဟာ သဘာ၀တရားက ပေးစွမ်းတဲ့အံ့သြဖွယ်အစားအစာတခုဖြစ်ပါတယ်။ ပမာဏအနည်းငယ်စားသုံးရုံမျှဖြင့် ကျန်းမာရေးနှင့်ညီညွတ်တဲ့ ကယ်လိုရီနှင့် အာဟာရဓာတ်တွေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ပရိုတင်း၊ အမျှင်ဓာတ်များကြွယ်၀ပြီး သွေးတွင်းရှိ ကိုလက်စထရောပမာဏကို လျော့ကျစေတာကြောင့် ဗာဒံစေ့လက်တစုပ်စာကို ကျန်းမာရေးအထောက်အကူပြု အဆာပြေအနေနဲ့ စားသုံးနိုင်ပါတယ်။
3. ဆောလ်မွန်ငါး
ဆောလ်မွန်ငါးမှာပါ၀င်တဲ့ အိုမီဂါ 3 ဟာ သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။
4. ရေ
ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ခြင်းက ထိုင်းမှိုင်းမှုတွေကိုဖြစ်စေပါတယ်။ တနေ့ကို ရေရှစ်ခွက်သောက်နိုင်ရန် ကြိုးစားပါ။ ရိုးရိုးရေသောက်သုံးခြင်းက ကာဗွန်ပါသည့်အချိုရည်များ၊ သစ်သီးဖျော်ရည်များထက် ပိုပြီးရေငတ်ပြေစေသလို စွမ်းအင်တိုးပွားစေခြင်း၊ ခန္ဓာကိုယ်စွမ်းဆောင်ရည်နှင့် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း၊ အသားအရေကို၀င်းလက်တောက်ပစေခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိစေပါတယ်။
5. လက်ဖက်စိမ်း (Green Tea)
တရုတ်ပြည်မှအစပြုခဲ့တဲ့ လက်ဖက်စိမ်းဟာ အခုအခါမှာ တကမ်ဘာလုံး၌ နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲနေကြပါပြီ။ လေ့လာမှုများအရ Green Tea က အဆီကျချင်သူတွေအတွက်ရော၊ အရွယ်တင်နုပျိုလိုသူတွေအတွက်ပါ သင့်တော်ကြောင်း သိရှိရပါတယ်။
Dr. Htet Htet Aung






























