ကြွက်တက်ရတဲ့အကြောင်းအရင်းများနဲ့ ဒါတွေကို ဘယ်လိုရပ်တန့်ကြမလဲ
>> ကြွက်တက်တယ်ဆိုတာ ဘာလဲ?
ကြွက်မတက်ဖူးဘူးဆိုရင်တောင်မှ ဘဝတစ်လျှောက် တစ်ချိန်ချိန်မှာ ဒီခံစားချက်ကို ခံစားရနိုင်ပါတယ်။ ညဘက်အိပ်နေတဲ့ အချိန်တွေ၊ ပြေးနေတဲ့အချိန်တွေမှာ ခြေသလုံးမှာ စူးခနဲနဲ့ တစ်ခုခုနဲ့ ထိုးသလိုမျိုး နာကျင်မှုက အရမ်းကို ခံရခက်စေပါတယ်။ ကြွက်တက်တာက ဆက်ဖြစ်နေမယ်ဆိုရင် ခံစားရ ပိုဆိုးလာပြီး လုပ်နေတဲ့လေ့ကျင့်ခန်းကို ရပ်လိုက်တာ (သို့) အိပ်နေရင်း နိုးလာတာတွေကို ဖြစ်စေပါတယ်။
ခြေသလုံးကြွက်သား ရုတ်တရက်ကျုံ့ပြီး စူးရှတဲ့ (သို့) ဆုတ်ဆွဲသလိုမျိုး ဖြစ်တာကို ကြွက်တက်တယ်လို့ခေါ်ပြီး စက္ကန့်အနည်းငယ်ကနေပြီး မိနစ်အနည်းငယ်အထိ ကြာနိုင်ပါတယ်။ ဒီလိုကြွက်တက်လာတဲ့အခါ ခြေသလုံးကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ ခဏခဏ ကြွက်တက်တာကို ထိန်းနိုင်ဖို့အတွက်တော့ ကြွက်တက်တတ်တဲ့ အကြောင်းအရင်းတွေကို ရှာဖွေဖု့ိ လိုအပ်ပါတယ်။
ကြွက်မတက်စေဖို့အတွက်ဆိုရင် ခန္ဓာကိုယ်ကို အာဟာရပြည့်ဝစေဖို့နဲ့ ကောင်းကောင်းအနားရစေဖို့ အရေးကြီးပါတယ်။ သွေးကြောရောဂါ (သို့) သိုင်းရွိုက်ပြဿနာစတဲ့ နောက်ခံအကြောင်းအရင်းတွေကိုလည်း သိထားဖို့ လိုပါတယ်။ ကြွက်တက်လို့ လေ့ကျင့်ခန်းမလုပ်နိုင်ဖြစ်ရင်၊ ဘာလှုံ့ဆော်မှုမှမရှိဘဲ သူ့အလိုလို ကြွက်တက်နေတယ်ဆိုရင် ဆရာဝန် သွားပြဖို့ လိုပါတယ်။
>> ကြွက်တက်ခြင်း အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကတော့ -
1. ရေဓာတ်ခမ်းခြောက်ခြင်း
ကြွက်တက်ရတဲ့ အဓိကအကြောင်းအရင်းတွေအနက်က တစ်ခုကတော့ ရေဓာတ် ခမ်းခြောက်ခြင်းပဲ ဖြစ်ပါတယ်။ အားကစားသမားတွေနဲ့ အေရိုးဗစ်ကစားသမားတွေက အထူးသဖြင့် ရေလံုံလောက်စွာမရဘဲ ပူပြင်းတဲ့နွေရာသီတွေမှာ ကြွက်တက်တာကို တစ်ချိန်လုံး ကြုံတွေ့နေကြရပါတယ်။ ရေတွေ ကုန်ခမ်းသွားတဲ့အခါမှာ အာရုံကြောအစွန်တွေကို လှုံ့ဆော်လိုက်ပြီး အာရုံကြောပတ်လည်မှာ ကျုံ့ခြင်းတွေကို လှုံ့ဆော်ပြီး အလုပ်လုပ်စေတဲ့ အာရုံကြောအဆုံးပိုင်းတွေကို ဖိအားပိုများစေပါတယ်။ ပူတဲ့အချိန်တွေ (သို့) လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ချေွးထွက်များတဲ့အတွက် ရေဓာတ်ခမ်းခြောက်ခြင်းကို ပိုဆိုးစေပါတယ်။
2. သတ္တုဓာတ်များ ချို့တဲ့ခြင်း
ချွေးထွက်တဲ့အခါမှာ ရေဓာတ်သာမကဘဲ electrolytes ဓာတ်တွေလည်း ဆုံးရှုံးပြီး ကြွက်တက်ခြင်းကို ဖြစ်စေပါတယ်။ electrolytes အချို့နဲ့ အခြားသတ္တုဓာတ်တွေ ချို့တဲ့ပြီး မညီမျှမှုတွေကြောင့် ဆက်တိုက် ကြွက်တက်ခြင်းကို ဖြစ်စေပါတယ်။ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ မညီမျှခြင်းကြောင့် ကြွက်တက်စေပါတယ်။ ဆိုဒီယမ်ကြွယ်ဝတဲ့ ဓာတ်ဆားရည်တွေက ကြွက်တက်ခြင်းကို လျော့နည်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ငှက်ပျောသီး၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊နဲ့ အခွံမာသီးတွေကလည်း ကြွက်သားတွေအတွက် ကောင်းတဲ့သတ္တုဓာတ်တွေ ပါဝင်တဲ့အတွက် ကြွက်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
3. ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက အထူးသဖြင့် ဒုတိယနဲ့ တတိယသုံးလပတ်အတွင်းမှာ ကြွက်တက်ခြင်း ခံစားရနိုင်ချေ များပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ချို့တဲ့မှုမြင့်မားတဲ့အတွက် ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တက်နေတယ်ဆိုရင် ရေဓာတ် ပြည့်ဝအောင်နေပါ၊ ဆရာဝန်ခွင့်ပြုချက်နဲ့ မဂ္ဂနီဆီယမ်ဆေးပြား သောက်ပါ။
4. ကြွက်သား အသုံးလွန်ခြင်း
ရေဓာတ်ပြည့်ဝသည်ဖြစ်စေ၊ မပြည့်ဝသည်ဖြစ်စေ လေ့ကျင့်ခန်းလုပ်သူတွေမှာ အလွန်အကျွံ လုပ်တဲ့အခါမှာလည်း ကြွက်တက်စေပါတယ်။ အဝေးကြီးပြေးပြီးတဲ့အခါမှာ နောက်ပိုင်းမှာ ကြွက်တက်နိုင်ပါတယ်။ အဓိကကတော့ အာရုံကြောစနစ်ကြောင့်ပါ။ ဦးနှောက်နဲ့ အာရုံကြောမကြီးကနေပြီး ကြွက်သားဆီကိုသွားတဲ့ အာရုံကြောတွေက အရမ်းကို လှုံ့ဆော်မှုများတဲ့အခါမှာ ကြွက်တက်ခြင်းကို ဖြစ်စေပါတယ်။ ဒီအခြေအနေမှာဆိုရင် အနားယူပြီး အကြောတွေကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ဖို့ အရေးကြီးပါတယ်။
5. လေ့ကျင့်ခန်း ပြင်းထန်မှု
ပံုံမှန်လုပ်နေကျ လေ့ကျင့်ခန်းတွေထက် ပိုပြီးပြင်းပြင်းထန်ထန် လုပ်လိုက်တဲ့အခါမှာ ကြွက်သားတွေက ပြင်းထန်မှုအသစ်နဲ့ လှုပ်ရှားမှုတွေနောက်ကို သူ့အလိုလို လိုက်မလာနိုင်ပါဘူး။ လေ့ကျင့်ခန်းတစ်ခု စလုပ်တဲ့အခါ (သို့) ပြန်ပြီးအစပြုတဲ့အခါမှာ ကြွက်တက်တယ်ဆိုရင် ဒါက တစ်ခါတည်းနဲ့ အရမ်းများသွားလို့ ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့ ပြင်းအားများသွားတဲ့အခါမှာလည်း ကြွက်တက်ခြင်းကို လှုံ့ဆော်ပါတယ်။
6. ပင်ပန်းနွမ်းနယ်ခြင်း
ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ ကြွက်တက်နိုင်ချေ ပိုများပါတယ်။ အစားအစာ စားနည်းမမှန်တာ၊ ရေဓာတ် မပြည့်ဝတာ (သို့) လေ့ကျင့်ခန်းလုပ်ပြီးနောက် ခန္ဓာကိုယ်က ကောင်းကောင်းပြန်ပြီး နာလန်မထူသေးတဲ့အချိန်မှာ ကြွက်သားတွေကလည်း အကြမ်းအနေအထားမှာပဲ ရှိနေပါတယ်။ ပင်ပန်းနေတဲ့ကြွက်သားတွေက အာဟာရဓာတ်တွေကို သုံးတာထက် ဆုံးရှုံးတာ ပိုများနေပြီးတော့ လုပ်ဆောင်ချက်တွေကလည်း အမြင့်မားဆုံးကို မရောက်နိုင်ပါဘူး။ အရွယ်ရောက်ပြီးသူတွေရဲ့ တစ်ဝက်လောက် ခံစားနေရတဲ့ ညဘက်ကြွက်တက်ခြင်းက ပင်ပန်းနွမ်းနယ်ခြင်းကြောင့် ပိုဆိုးစေပါတယ်။ ဒီလိုညဘက်တွေ ကြွက်တက်ရတဲ့ အကြောင်းအရင်း တိကျစွာမရှိပေမယ့်လည်း ဒါက ကြွက်သားတွေ အားကုန်နေတာနဲ့ အာရုံကြော ကောင်းစွာ အလုပ်မလုပ်တာတွေနဲ့ ဆက်စပ်နေပါတယ်။
7. ထိုင်ခြင်း (သို့) မတ်တပ်ရပ်ခြင်း
ကြွက်သားတွေကို လှုပ်ရှားဖို့၊ ကြုံ့ဖို့နဲ့ အနားယူဖို့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ပုံမှန်ထက်ပိုပြီး တစ်ခုခုလုပ်မိရင် တစ်နေ့လုံး အစည်းအဝေးမှာ ထိုင်နေရတာ (သို့) ကစားကွင်းတွေမှာ တစ်နေ့လုံး မတ်တပ်ရပ်နေရတာတွေက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အချိန်အကြာကြီး မတ်တပ်ရပ်နေရတဲ့အတွက် ကြွက်သားတွေပင်ပန်းစေပြီး ကြွက်တက်စေပါတယ်။ ဒီလိုပဲ အချိန်အကြာကြီး ထိုင်တာကလည်း မကောင်းပါဘူး။ အကြာကြီး ထိုင်နေတဲ့အတွက် ကြွက်သားတွေ လုပ်ဆောင်ချက် မှားယွင်းစေပြီး ကြွက်တက်စေပါတယ်။ မတ်တပ်အကြာကြီးရပ်လို့ ကြွက်တက်တယ်ဆိုရင် ကြွက်သားတွေ မပင်ပန်းခင်မှာ ထိုင်ခုံတစ်ခုမှာ ထိုင်ဖို့လိုပါတယ်။ အကြာကြီးထိုင်လို့ ကြွက်တက်တယ်ဆိုရင်လည်း တစ်နာရီတစ်ကြိမ်လောက် လမ်းနည်းနည်း လျှောက်ပေးပါ။
8. ဆေးဝါးများ
ကြွက်တက်စေတဲ့အကြောင်းအရင်း သိသာစွာမရှိဘူးဆိုရင် သောက်နေကျဆေးတွေထဲမှာ အခုတလောမှ ထပ်ပြီးပိုလာတဲ့ ဆေးတွေကို ကြည့်ဖို့လိုပါတယ်။ သွေးတိုးကျဆေးတွေက ခန္ဓာကိုယ်တွင်းရှိ အရည်နဲ့ ဆားတွေကို ဆုံးရှုံးစေတဲ့အတွက် ကြွက်တက်စေနိုင်ပါတယ်။ ကြွက်တက်စေတဲ့ အခြားဆေးဝါးတွေကတော့ အရိုးပွခြင်းအတွက်ဆေးများ၊ သွေးအားနည်းခြင်းကို ကုသပေးသော သွေးကြောထဲသွင်းသည့် သံဓာတ်ျား၊ ပန်းနာရင်ကြပ်ဆေးများ၊ သွေးဆုံးခြင်းရဲ့လက္ခဏာာတွေကို ကုသရာမှာသုံးတဲ့ ဟော်မုန်းဆေး၊ naproxen, pregabalin ကဲ့သို့သော အနာသက်သာဆေးများနှင့် statins တွေက ကြွက်တက်ခြင်းကို ဖြစ်စေပါတယ်။ ဆေးအသစ် စသောက်ပြီးနောက်မှာ ကြွက်တက်တယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးပြောင်းသောက်နိုင်ပါတယ်။
9. ခန္ဓာကို်ယ်ဘေးဘက်ရှိ သွေးကြောရောဂါများ
ကြွက်တက်တာက ဆက်တိုက်ဖြစ်နေပြီး လေ့ကျင့်ခန်းနဲ့လည်း မဆိုင်ဘူးဆိုရင် ဆရာဝန်ပြပြီး နောက်ခံပြဿနာကို ရှာဖို့လိုပါတယ်။ ဘေးဘက်အစွန် သွေးကြောရောဂါတွေမှာ အဆီခဲတွေက ခြေထောက်မှာရှိတဲ့ သွေးကြောတွေကို ပိတ်ဆို့တဲ့အခါမှာ သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။ ဒီအခါ ခြေထောက်ကို သွေးအလုံအလောက် မရောက်တဲ့အတွက် ကြွက်တက်ခြင်းကို လှုံ့ဆော်ပါတယ်။
10. Multiple sclerosis
ကြွက်တက်ခြင်းက အာရုံကြောရောဂါတစ်မျိုးဖြစ်တဲ့ multiple sclerosis ရဲ့ ရောဂါလက္ခဏာတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီရောဂါရှိတဲ့သူအချို့မှာ ကြွက်တက်ခြင်း ခံစားရသလိုပဲ ကြွက်သားတွေ ကျုံ့လိုက်ဆန့်လိုက်ဖြစ်တာကိုလည်း ခံစားကြရပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ အချို့က ခြေသလုံးကြွက်သား တင်းတာ၊ ထုံကျဉ်တာကို အနည်းငယ်သာ ခံစားရတာကနေပြီး အချို့မှာ ပိုပြီးပြင်းထန်တဲ့ တင်းခြင်း၊ နာကျင်ခြင်းတွေကို ခံစားရစေပါတယ်။ ကုသမှုမခံယူပါက အဆစ်များ ခဲသွားစေပြီး မလှုပ်ရှားနိုင်တော့တဲ့အထိ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။
11. အရိုးအဆစ်များ ရောင်ရမ်းခြင်း
အာရုံကြောတွေ လှုံ့ဆော်ခံရမှုများတာ၊ အလွန်အကျွံ အသုံးပြုတာတွေကဲ့သို့ပဲ တခြားအကြောင်းအရင်းတွေကြောင့် အာရုံကြောလုပ်ဆောင်မှုတွေ မကောင်းတော့တဲ့အခါမှာလည်း ကြွက်တက်စေပါတယ်။ အဖြစ်များဆုံးသော အဆစ်ရောင်ခြင်းတစ်မျိုးဖြစ်တဲ့ အရိုးအဆစ် ရောင်ရမ်းခြင်းက အဆစ်တွေတောင့်တင်းခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေကို ခံစားရပါတယ်။ ဒီလိုနာကျင်မှုကို ခံစားရတဲ့အခြေအနေမှာ ကြွက်တက်တာကိုလညး် ကြုံတွေ့ရနိုင်ပါတယ်။ ဒီကြွက်တက်ခြင်းတွေက ကျောရိုးမကြီး အရိုးအဆစ် ရောင်ရမ်းခြင်းနဲ့ ဆက်စပ်နေတဲ့အတွက် ပြင်းထန်လာတဲ့အခါမှာ အာရုံကြော ညှပ်မိခြင်းနဲ့ ထိခိုက်ပျက်စီးခြင်းတွေအထိ ဖြစ်စေနိုင်ပါတယ်။
12. ဆီးချိုကြောင့်ဖြစ်သော အာရုံကြောရောဂါ
အမျိုးအစား-၂ ဆီးချိုရောဂါရှင်တွေမှာ သွေးတွင်းသကြားဓာတ် အရမ်းတက်သွားတဲ့အခါမှာ ခြေထောက်၊ ခြေဖဝါး၊ လက်မောင်းနဲ့ လက်ဖဝါးတွေမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ပျက်စီးသွားတာကို ဆီးချိုကြောင့်ဖြစ်သော အာရုံကြောရောဂါ လို့ခေါ်ပါတယ်။ ဒီလိုအာရုံကြော ပျက်စီးသွားခြင်းက ထုံကျဉ်ခြင်းတွေကို ဖြစ်စေတဲ့အပြင် ခြေထောက်မှာရှိတဲ့ အာရုံကြောတွေ ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အတွက် ကြွက်သားများ ကျုံ့ဆန့်ဖြစ်ခြင်းနဲ့ ကြွက်တက်ခြင်းတွေကို ဖြစ်စေပါတယ်။ ဆီးချိုကုထုံးတွေက အာရုံကြော နောက်ထပ်မထိခိုက်အောင် ကာကွယ်ပေးပေမယ့်လည်း ကြွက်တက်တာကို သက်သာစေဖို့အတွက် အကိုက်အခဲပျောက်ဆေးနဲ့ အတက်ကျဆေးတွေကို ဆရာဝန်က ညွှန်ပါလိမ့်မယ်။
13. သိုင်းရွိုက်ဂလင်း တက်ကြွမှုနည်းခြင်း
သိုင်းရွိုက်ပြဿနာတွေကလည်း ကြွက်တက်တာကို လှုံ့ဆော်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်း တက်ကြွမှုနည်းတဲ့အခါမှာ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်တာ အရမ်းနည်းသွားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ဒီချို့တဲ့မှုက ဦးနှောက်နဲ့ ကျောရိုးမကြီးတွေကနေပြီး လက်တွေ၊ ခြေထောက်တွေကို သတင်းအချက်အလက်တွေပေးပို့တဲ့ အာရုံကြောတွေကို ပျက်စီးစေပါတယ်။ သိုင်းရွိုက်တက်ကြွမှုနည်းတဲ့ အချို့သောသူတွေမှာ ထုံကျဉ်ခြင်းတွေကို ခံစားရပြီး အချို့ကတော့ ကြွက်တက်ခြင်းကို ခံစားရပါတယ်။
အာဟာရ လုံလုံလောက်လောက်၊ ရေဓာတ် ပြည့်ပြည့်ဝဝနဲ့ အကြောဆန့်မှုတွေ ရှိနေလျက်သားနဲ့တောင်မှ ကြွက်တက်တာက ပြဿနာတစ်ခုဖြစ်နေပြီး မဖြေရှင်းနိုင်ဘူးဆိုရင် ဆရာဝန်နဲ့ ပြသပြီး တိုင်ပင်ဆွေးနွေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























