/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြွက်များတွင်-အ၀လွန်ဖခင်ကြောင့်-မွေးလာသောသမီး၌

ကြွက်များတွင် အ၀လွန်ဖခင်ကြောင့် မွေးလာသောသမီး၌ ရင်သားကင်ဆာပိုမိုဖြစ်ပွားနိုင်ခြေရှိကြောင်း တွေ့ရှိရ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မိခင်တွင် ပုံမှန်ကိုယ်အလေးချိန်ရှိသော်လည်း ဖခင်ဖြစ်သူ အဝလွန်နေလျှင် သမီးဖြစ်သူမှာ လည်း မွေးစနှင့် ကလေးအရွယ်တလျှောက် ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းများဖြစ်ပေါ်ကာ ရင်သားဖွံ့ဖြိုးမှုနောက်ကျသည့်အပြင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေပိုမိုများပြားသည်ကို ကြွက်များ အား လေ့လာရာမှ တွေ့ရှိခဲ့ရကြောင်း Georgetown Lombardi အမည်ရှိ ကင်ဆာဌာန၏ သုတေသနအစီရင်ခံစာတွင် ဇွန်လ (24) ရက်နေ့က ဖော်ပြထားသည်။ မိခင်အဝလွန်ခြင်းသည် ကလေးတွင်လည်း အဝလွန်ခြင်းကိုဖြစ်ပေါ်စေနိုင်ပြီး ကြီးပြင်းလာချိန်တွင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုမိုများပြားစေကြောင်းကို ယုံကြည်ထားပြီးဖြစ်သော်လည်း ဖခင်အဝလွန်ခြင်းသည် ရင်သွေးငယ်များအပေါ် မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိပုံကို ပထမဆုံးအကြိမ်အဖြစ် လေ့လာခဲ့ကြခြင်းဖြစ်သည်။

          အဝလွန်ခြင်းသည် ဖခင်၏သုတ်ပိုး (sperm) နှင့် သမီးဖြစ်သူ၏ ရင်သားတစ်ရှူး (tissue) တို့တွင်ရှိသော မျိုးရိုးဗီဇမော်လီကျူးငယ် (miRNA) ၏ အချက်ပြလုပ်ဆောင်မှုကို ပြောင်းလဲစေကြောင်းတွေ့ရှိ ရပြီး အဆိုပါ miRNA မှတဆင့် သမီးဖြစ်သူထံ ဖခင်၏မျိုးရိုးဗီဇဆိုင်ရာလုပ်ဆောင်မှုများ ဆင်းသက်ဖွယ် ရှိကြောင်း သုတေသီတို့က ဆိုကြသည်။ miRNA သည် ကိုယ်အလေးချိန်ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည့် အင်ဆူလင် (insulin) ဟော်မုန်း၏ လုပ်ငန်းဆောင်တာကိုသာမက ကင်ဆာဖြစ်ပေါ်နိုင်ခြေနှင့် သက်ဆိုင်သည့် အခြားခန္ဓာကိုယ်ဇီဝဖြစ်စဉ် လမ်းကြောင်းများကိုလည်း ထိန်းညှိပေးကြောင်း တွေ့ရှိရသည်။

          ကြွက်များကိုလေ့လာချက်အရ သနေ္ဓတည်ချိန်ရှိ ဖခင်၏ကိုယ်အလေးချိန်သည် သမီးဖြစ်သူ၏ မွေးကင်းစနှင့် ကလေးဘဝကိုယ်အလေးချိန်နှင့် နောင်တွင်ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေအပေါ် အကျိုးသက်ရောက်မှုရှိပုံကို သက်သေပြနိုင်ခဲ့သည်ဟု သုတေသနကိုဦးဆောင်သူ လက်ထောက်ပါမောက္ခ Sonia de Assis ကဆိုသည်။ လူသားတို့တွင်လည်း အဝလွန်သည့်အမျိုးသားများ၏ သုတ်ပိုးတွင် မျိုးရိုးဗီဇဆိုင်ရာလုပ်ဆောင်ချက်ပြောင်းလဲမှုများ သိသာထင်ရှားစွာတွေ့ရှိရသည့်အတွက် သုတေသနများဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး မိမိတို့ရင်သွေးငယ်များ၏ အနာဂတ်အတွက် အမျိုးသမီးများသာမက အမျိုးသားများပါ အာဟာရမျှတစွာစားသုံးပြီး ကိုယ်အလေးချိန်ထိန်းသိမ်းသင့်ကြောင်း ၄င်းကအကြံပြုပြောကြားထားသည်။

 

Dr. Thanda Lin

www.drmyanmar.com