ခရစ္စမတ်နေ့လေးကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ့် နည်းလမ်းကောင်းလေးများ
ချမ်းအေးတဲ့ ဒီဇင်ဘာလလေးဟာ ပွဲတော်ရက်တွေနှင့်အတူ ပိတ်ရက်ရှည်တွေလည်း များလှပါတယ်။ ခရစ္စမတ်နှင့် ဒီဇင်ဘာပိတ်ရက်တွေကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ လိုက်နာရမယ့်အချက်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ
ချမ်းအေးတဲ့ဆောင်းတွင်းမှာ အိပ်ရာပေါ် ကွေးနေမယ့်အစား ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်မယ်ဆိုရင် ကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။
(၂) အရက်လျှော့သောက်ပါ
အရက်အလွန်အကျွံသောက်ခြင်းဟာ အသည်းကို ထိခိုက်စေတဲ့အပြင် ကယ်လိုရီများတဲ့အတွက် ကိုယ်အလေးချိန်ကိုပါ တိုးစေနိုင်ပါတယ်။
အကောင်းဆုံးကတော့ တစ်ပတ်ကို ၁၄ ပတ်ထက် ပိုမသောက်မိပါစေနှင့်။
(၃) ဗီတာမင်များ စားသုံးပါ
ဆောင်းတွင်းကာလဟာ တုပ်ကွေးရာသီဖြစ်သလို ကိုဗစ်ရောဂါကလည်း ကာကွယ်နိုင်ဖို့ ဗီတာမင်အားဆေးများကို နေ့စဉ်သောက်သုံးသင့်ပါတယ်။
(၄) ရေများများသောက်ပါ
ရေကို တစ်နေ့လျှင် ၈ ဖန်ခွက်ခန့် သောက်ပေးခြင်းဖြင့် ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ဆောင်းတွင်း အသားပတ်ခြင်းကို ကာကွယ်နိုင်မှာပါ။
ကော်ဖီ၊ လက်ဖက်ရည်နှင့် သကြားများတဲ့ အချိုရည်တွေကိုတော့ အလွန်အကျွံမသောက်သင့်ပါဘူး။
(၅) လက်ကို မကြာခဏဆေးပါ
ရောဂါပိုးမွှားတွေ မကူးစက်စေဖို့ ကာကွယ်ရာတွင် ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရေနှင့်ဆပ်ပြာကို အသုံးပြုပြီး စက္ကန့် ၂၀ ခန့် ဆေးကြောသင့်သလို Alcohol ပါသော လက်သန့်ဆေးရည်တွေကို အသုံးပြုနိုင်ပါတယ်။
(၆) အိပ်ရေး၀၀အိပ်ပါ
အိပ်ရေး၀၀အိပ်ခြင်းဖြင့် ကိုယ်ခံအားကောင်းစေနိုင်သလို စိတ်နှင့်ခန္ဓာကိုယ်လည်း လန်းဆန်းစေမှာ ဖြစ်ပါတယ်။
(၇) ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာတွေကို ရွေးပါ
ခရစ္စမတ်နေ့အတွက် အစားအသောက်ပြင်ဆင်ပါက ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတွေကို ဦးစားပေးရွေးပြီး ဆီကြော်စာများနှင့် အငန်များသောအစာတွေကို ရှောင်သင့်ပါတယ်။
အသီးအရွက်နှင့်သစ်သီးတွေကို များများစားပေးသင့်ပါတယ်။
(၈) ကျန်းမာရေးနှင့်ပတ်သက်သော ပန်းတိုင်အသစ်များ ချမှတ်ပါ
အရက် နေ့စဉ်သောက်တာကို ရှောင်ခြင်း၊ ဆေးလိပ် လျှော့သောက်ခြင်း၊ ကိုယ်လက်လုှုပ်ရှားမှုပိုလုပ်ခြင်း၊ ဟင်းသီးဟင်းရွက် များများစားခြင်းစတဲ့ ကျန်းမာရေး ပိုမိုကောင်းစေမယ့် ပန်းတိုင်အသစ်တွေ ချမှတ်ပြီး လိုက်နာဆောင်ရွက်သင့်ပါတယ်။
အခုဖော်ပြသွားတဲ့အချက်တွေကို လိုက်နာမယ်ဆိုရင်တော့ ဒီဇင်ဘာလမှာတင်မက တစ်နှစ်ပတ်လုံး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























