ခါးနာတာ ကျောက်ကပ်ကြောင့်လား? ... အရိုးကြောင့်လား?
ခါးနာတယ်လို့ ယေဘုယျပြောတဲ့အခါ ဘယ်ကနာလဲဆိုတာ စတင်ဆန်းစစ်ဖို့ လိုလာပါတယ်။
ဒေါက်တာမြန်မာတို့ ညီမလေးတစ်ယောက် ခါးတစ်ဝိုက်မှာ လက်ကလေး တင်ထားသလို ပူပူကြီး နာနေပါသတဲ့။ ဓာတ်မှန် ရိုက်ကြည့်လိုက်တော့ ကျောက်ကပ်ထဲမှာ ကျောက်မှုန်လေးတွေ ရှိနေပါတယ်။ ရေများများ သောက်ခိုင်းလိုက်ပြီး နောက်လကျ ပြန်ရိုက်ဖို့ ချိန်းလိုက်ပါတယ်။
ကိုယ်က ခါးထောက်လိုက်တဲ့အခါ လက်ကလေးတင်ထားတဲ့နေရာကို ကျောက်ကပ်နေရာလို့ ခေါ်ပါတယ်။
>> ကျောက်ကပ်က နာရင် ...
● ဆီးပူ ဆီးကျဉ် ဆီးအောင့်တာတွေ ရှိမယ်၊ ရှိခဲ့ဖူးမယ်။
● နာတာက ပူပြီးနာမယ် အရမ်းနာပြီး ချက်ချင်း ပြန်သက်သာသွားတာမျိုးလည်း ရှိတတ်မယ်။
● နာတာက ပေါင်တွင်းကြောတွေကနေ အမျိုးသားဆိုရင် အမျိုးသားအင်္ဂါထိပါ နာလာတတ်မယ်။
● ဆီးမကောင်းဘူး၊ အရောင်ရင့်ရင့် နောက်ကျိနေမယ်။
● ကိုယ်ကိုယ်တိုင်လည်း ရေသောက် နည်းမယ်ဆိုရင် ဆီးကျောက်တည်တာ ဖြစ်နိုင်ပါတယ်။
ကျောက်ကပ်မှာ အရည်ကျိတ်လေးတွေ တည်တာ၊ အကျိတ်ဖြစ်တာ၊ သွေးတိုးလို့ ကျောက်ကပ်ရောင်တာတွေဆိုရင် ခြေတွေ၊ မျက်နှာတွေပါ အမ်းပြီး ခါးနာလာတာမျိုးဆိုရင် ကျောက်ကပ်ကျန်းမာရေးကို စိတ်ပူရတာမို့ အမြန်ဆုံးပြသ စစ်ဆေးသင့်ပါတယ်။
>> အရိုးက နာတာလား? အကြောညှပ်တာလား? စဉ်းစားရ ခက်သူတွေအတွက်ပါ
ဒါဆိုရင် နာတဲ့နေရာက နောက်ကျောနဲ့ ခါးအောက်ပိုင်း ဖြစ်တတ်ပါမယ်။ မြန်မာတွေရဲ့ ခါးအခေါ်အဝေါ်က ဘယ်အပိုင်းကိုပြောမှန်း မသဲကွဲတတ်လို့ ဆရာဝန်က အသေအချာ မေးမြန်းရလေ့ ရှိပါတယ်။
ခါးအောက်ပိုင်း နာကျင်တာ၊ နောက်ကျောအောင့်တာတွေက အတော်များများမှာ အရိုးအကြောနဲ့လည်း ဆိုင်နိုင်ပါတယ်။ အရိုးအကြောကြောင့် နာတဲ့အခါ လေးလေးကြီး ခဲဆွဲထားသလို နာမယ်၊ အထိုင်အထ အလှည့်အကွေးမှာ ပိုနာမယ်။ နာတဲ့နေရာကို ဖိကြည့်ရင် အထိမခံဘဲ အောင့်မယ်၊ ကျဉ်မယ်။ ဓာတ်လိုက်သလို စူးခနဲ စူးခနဲ ဖြစ်မယ်။
● အရိုးပွတာ (အဘိုးအဘွားတွေ၊ သွေးဆုံးပြီး အမျိုးသမီးတွေ)
● ခါးရိုးဆစ်ကျွံတာ(အလေးအပင်မပြီး)
● ကြွက်သားတွေ ဒဏ်ဖြစ်တာ (အားကစားသမားတွေ)
● အရွတ်ရောင်တာ
● ကိုယ်ဝန်သည်တွေ လရင့်လာတဲ့အခါ အရွတ်တွေ တင်းလာလို့
● အဆုတ်ကင်ဆာဖြစ်ပြီးနောက် ကျောရိုးက ိုပျံ့သွားတာ
• အရိုးတီဘီရောဂါ
ဒါတွေ ဖြစ်နိုင်ပါတယ်။
ချောင်းဆိုးမယ်၊ ကျော/ရင် အောင့်မယ်၊ အစား ပျက်မယ်၊ ပိန်မယ်၊ နောက်ကျောတွေ ခါးတွေ နာမယ်ဆိုရင် ရင်ဘတ်ဓာတ်မှန်ရိုက်ပြီး စစ်ဆေးဖို့ လိုလေ့ရှိပါတယ်။
ဒါ့အပြင် -
● သွေးကြောမကြီး ဖောင်းတာ
● အစာအိမ်လေနာ
● မုန်ချိုအိတ် (ပန်ကရိယ) ရောင်တာတွေမှာလည်း နောက်ကျော အောင့်လာတတ်ပါတယ်။
အထက်ပါ ဖော်ပြချက်လေးတွေ ဖတ်ပြီးရင်တော့ ကျောအောင့်တာလား? ခါးနာတာလား? ကျောက်ကပ်လား? ဆီးလား? နည်းနည်းစဉ်းစားဖို့ အိုင်ဒီယာ ရလောက်ပြီမို့ ဗဟုသုတ ပိုမိုပြည့်ဝလာဖို့ မျှော်လင့်မိပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























