ခါးနာနေစဉ် ခရီးသွားကြမယ့်သူတွေအတွက် လိုက်နာသင့်တဲ့ နည်းလမ်းကောင်းလေးများ
ခါးနာတတ်သူများအနေနဲ့ အလုပ်ခရီးတို့ အပျော်ခရီးတို့ မဖြစ်မနေထွက်ရမယ့်အခါမျိုးမှာ ခရီးသွားနေတုန်း ခါးနာခြင်းကို ပိုမဆိုးစေဖို့ ကြိုတင်ကာကွယ်ထားသင့်တယ် မဟုတ်လား။
ဒါဆိုရင်တော့ အခုဖော်ပြမယ့်နည်းလမ်းကောင်းတွေက သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။
(၁) ထိုင်ခုံကို ကြိုတင်ရွေးပါ
ကားနဲ့ပဲသွားသွား၊ လေယာဉ်နဲ့ပဲသွားသွား တတ်နိုင်ပါက သက်သောင့်သက်သာရှိတဲ့ ခုံများကို ရွေးချယ်သင့်ပါတယ်။ လေယာဉ်သမားတွေဆိုလည်း business class ကို စီးတာမျိုးပေါ့။ ထိုင်ရတာ ပိုမိုကျယ်ဝန်းပြီး သက်သောင့်သက်သာရှိစေမှာပါ။
(၂) ဖုန်းကြိုဆက်ပါ
ဟိုတယ်နဲ့ တည်းခိုခန်းများကို ကြိုတင်ဖုန်းဆက်ပြီး ဓာတ်လှေကား ပါ မပါ၊ ကြွက်သားတွေ အညောင်းပြေစေဖို့ ရေပူစိမ်ချိုးစရာ ရေချိုးကန် ပါ၊ မပါ ကြိုတင်မေးမြန်းသင့်ပါတယ်။
(၃) ပေါ့ပေါ့ပါးပါး ထုတ်ပိုးပါ။ ဘီးပါသော luggage ကို အသုံးပြုပါ
တကယ်လိုအပ်သောပစ္စည်းများသာ ထည့်သွားပြီး ပေါ့ပါးတဲ့ luggageက ိုသာ ရွေးချယ်သင့်ပါတယ်။ ဘီးပါပြီး တွန်းလို့ရတဲ့အိတ်မျိုးကို ရွေးပါ။ ဒါမှသာ အလေးအပင်မခြင်းကြောင့် ခါးပိုနာခြင်း ကင်းဝေးစေမှာ ဖြစ်ပါတယ်။
(၄) အညောင်းဆန့်ပါ
လေယာဉ်ပေါ်ဖြစ်စေ၊ ကားပေါ်ဖြစ်စေ နာရီဝက်တစ်ခါလောက် အကြောဆန့်ပေးပါ။ ဒါမှမဟုတ် မတ်တပ်ရပ်တာမျိုး ခဏလမ်းလျှောက်တာမျိုး လုပ်နိုင်ပါတယ်။
(၅) ခေါင်းအုံးအသေးလေးနဲ့ ဆေးများ ယူသွားပါ
နာကျင်မှုကို သက်သာစေမယ့် လိမ်းဆေးများအပြင် ရေနွေးအိတ်၊ ရေခဲအိတ်တို့ တစ်ပါတည်း ယူဆောင်ပါ။
လည်ပင်းနဲ့ထိုင်ခုံအကြား သို့မဟုတ် ခါးနဲ့ထိုင်ခုံကြားခုဖို့ ခေါင်းအုံးငယ်ယူသွားခြင်းဖြင့် ကားစီးနေစဉ် ကိုယ်ခန္ဓာအနေအထားကို ပျော့ပျောင်းစေပါတယ်။
(၆) သောက်ဆေးများ အပြည့်အစုံ သယ်ပါ
သောက်ရမယ့်ဆေးများကို အကုန်ယူသွားပါ။ ဒါမှသာ လမ်းခရီးမှာ ဆေးဝယ်ရခြင်း ကင်းဝေးမှာဖြစ်ပြီး ခါးနာချိန်မှာ အလွယ်တကူ သောက်နိုင်မှာ ဖြစ်ပါတယ်။
(၇) တစ်နေ့တည်းနဲ့ လှုပ်ရှားမှု အကုန်ပြုလုပ်ဖို့ မလိုပါဘူး
အပျော်ခရီးထွက်သူများအနေနဲ့ တစ်နေ့တည်းမှာ လမ်းများများလျှောက်ရတဲ့အပြင် အခြားသော လှုပ်ရှားမှုများ (တောင်တက်ခြင်း၊ ရေကူးခြင်း) ပါ ပြုလုပ်ခြင်း ရှောင်ရှားပြီး အခြားရက်များမှာ ခွဲခြားပြုလုပ်သင့်ပါတယ်။
(၈) ရေများများ သောက်ပါ
ရေသောက်ခြင်းဖြင့် ပင်ပန်းမှုကို ပြေစေပြီး နာကျင်တာတွေကို သက်သာစေပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























