ခေါင်းပေါ်ကဘောက်တွေ ဘာကြောင့်ဖြစ်
ဘောက်တွေ ဘာလို့ဖြစ်တာလဲဆိုရင် ဦးရေပြားခြောက်လို့လို့ပဲ ထင်ကြပါတယ်။ အမှန်တော့ ဒီလိုမဟုတ်ပါဘူး။ ဘောက်ဖြစ်စေတဲ့ အကြောင်းအရင်းအမှန်ကတော့ ဦးခေါင်းပေါ်မှာ yeast စွဲကပ်လို့ဖြစ်ရတာပါ။ ဒီ yeast လေးတွေက ဦးရေပြားပေါ်က အဆီလေးတွေကို စားသောက်ရှင်သန်တဲ့အတွက် ခေါင်းအဆီထွက်တဲ့သူတွေမှာ ဘောက်ပိုဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဘောက်နည်းနည်းပဲ ထတယ်ဆိုရင် အိမ်တွင်းနည်းလမ်းလေးတွေ သုံးကြည့်ရင် (သို့) ဘောက်ပျောက်ခေါင်းလျှော်ရည်နဲ့ လျှော်ကြည့်ရင် ပြန်ပျောက်သွားပါတယ်။ လူကြားထဲမှာ အရှက်ရစေတဲ့ ဘောက်ဖြူဖြူလေးတွေက ဘယ်လိုအကြောင်းအရင်းတွေကြောင့် ဖြစ်လာရသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
● စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုတွေက အရေပြားပေါ်က ပြဿနာတွေကို ပိုဆိုးစေလို့ ဘောက်တွေ ထလာတာက စိတ်ပင်ပန်းတာတွေ လျှော့ချဖို့လိုတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ယားယံတဲ့ဘောက်အမျိုးအစားကို ပိုဖြစ်စေပါတယ်။ ကုတ်လေ ယားလေပါပဲ။ ဒီတော့ ကိုယ့်ရဲ့ နေ့စဉ်အချိန်ဇယားထဲမှာ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာစတဲ့ စိတ်ကို ပြေလျော့စေတဲ့ လေ့ကျင့်ခန်းလေးတွေကို နေ့စဉ်လုပ်ပါ။
● ခေါင်းလျှော်တဲ့ အကြိမ်ရေနည်းလို့ (သို့) ခေါင်းလျှော်ပြီး ရေစင်အောင် မဆေးလို့လည်း ဘောက်ထနိုင်ပါတယ်။
ခေါငး်မကြာခဏလျှော်ရင် ဦးရေပြားကအဆီတွေကို ခမ်းခြောက်စေနိုင်ပါသတဲ့။ ဒီအဆီတွေကြောင့်ပဲ ဘောက်တွေ ဖြစ်နိုင်ပါသေးတယ်။ ဦးရေပြားပေါ်မှာ အဆီ၊ ချွေး စတာတွေ ပြည့်လာရင် ဘောက်ဖြစ်စေနိုင်ပါတယ်။ ခေါင်း မကြာခဏ လျှော်ပေးခြင်းဖြင့် အဆီတွေကို နည်းစေပြီးတော့ ဘောက်ကိုလည်း လျော့နည်းစေပါတယ်။ tea tree oil နဲ့ ခေါင်းလျှော်ရင် ဘောက်တွေကို သိသာစွာ သက်သာစေတယ်လို့ ဆိုပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါမျာလည်း ခေါင်းလျှော်ရည်ကို သေချာစင်အောင်ဆေးဖို့ အရေးကြီးပါတယ်။
● ကျန်းမာရေးနဲ့ ညီညွတ်စွာ မစားသောက်ခြင်း
ဘောက်ထတတ်တဲ့သူတွေမှာ တချို့အစားအသောက်တွေက ဘောက်တွေကို ပိုဆိုးလာစေပါတယ်။ ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီတွေ စားတာများရင် အဆီဂလင်းကအဆီတွေကို ပိုထုတ်စေတဲ့အတွက် ဘောက်ကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ monounsaturated fatty acids တွေကို စားကြပါ။ ထောပတ်သီး၊ အခွံမာသီးတွေ၊ သံလွင်သီးနဲ့ နေကြာဆီတွေက ဦးရေပြားအတွက် ကောင်းတဲ့အစားအစာတွေပါ။ ဗီတာမင် B နည်းလွန်းရင်လည်း ဘောက်ကို ပိုဆိုးစေလို့ အုတ်ဂျုံ၊ ဆန်၊ ကြက်ဥ၊ ငှက်ပျောသီးစတဲ့ ဗီတာမင် B ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ။
● ဆံပင်ကို ပြင်လွန်းခြင်း
ခေါင်းလိမ်းဆီတွေနဲ့ အချို့သောအဆီတွေက ဘောက်တွေကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဆံပင်ဖြန်းဆေးတွေ၊ ခေါင်းလိမ်းဆီတွေကြောင့် ဘောက်ထတယ်လို့ထင်ရင် ဒါတွေကို မသုံးပါနဲ့။ ဒါတွေက ခေါင်းပေါ်မှာ တင်ကျန်ပြီးတော့ အဆီတေ ွစုလာစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyamar.com)






























