/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်တွေ-ကိုက်ကိုက်နေတတ်ရင်-မပေါ့ဆပါနဲ့နော်

ခြေထောက်တွေ ကိုက်ကိုက်နေတတ်ရင် မပေါ့ဆပါနဲ့နော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လှုပ်ရှားသွားလာတာများတဲ့အခါ ခြေထောက်တွေ ကိုက်ခဲတတ်တယ်ဆိုပေမယ့် မကြာမကြာ ကိုက်ခဲလာတယ် ခြေသလုံးတစ်ဖက်ကလည်း ကြီးလာတယ်ဆိုရင်တော့ မပေါ့ဆသင့်တော့ပါဘူး။ ဒါဟာ သွေးပြန်ကြော သွေးခဲပိတ်ဆို့ခြင်း (DVT) ဆိုတဲ့ရောဂါ ဖြစ်နေနိုင်လို့ပါပဲ။ သာမန်ခြေထောက်ကိုက်သလိုထင်ပြီး နှိပ်နယ်တာ ဂရုမစိုက် ပစ်ထားတာတွေ လုပ်ခဲ့မယ်ဆိုရင် အသက်အန္တရာယ် ရှိနိုင်တဲ့အတွက် ဒီရောဂါအကြောင်း သိနားလည်ဖို့ ဖော်ပြပေးလိုက်ပါတယ်။  
ခြေထောက်ရှိ သွေးပြန်ကြောအတွင်းတွင် သွေးခဲများပိတ်ဆို့ရာကနေ DVT လို့ခေါ်တဲ့ ရောဂါ ဖြစ်ပေါ်လာပါတယ်။ အထူးသဖြင့် ခြေသလုံးနဲ့ ပေါင်တွေမှာ အဖြစ်များသလို တစ်ကိုယ်လုံးရှိ အခြားအစိတ်အပိုင်းများတွင်လည်း ဖြစ်ပေါ်တတ်ပါတယ်။
ပိတ်ဆို့နေသော သွေးခဲဟာ ပုံမှန်သွေးစီးဆင်းမှုကို အနှောက်အယှက်ပေးတတ်သလို ပြုတ်ထွက်သွားပြီး အဆုတ်တွင် သွားရောက်ပိတ်ဆို့နေပါက အသက်သေဆုံးတဲ့အထိ ဆိုးကျိုးပေးနိုင်ပါတယ်။ ဒီလိုကြောက်မက်ဖွယ် DVT ရဲ့ လက္ခဏာက ဘာတွေလဲ ဘယ်လိုကာကွယ်ကုသမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

>>  ရောဂါလက္ခဏာများ
●  ခြေထောက်များ ဖောရောင်ခြင်း
●  ခြေထောက်တစ်ဖက်တည်း နာကျင်ကိုက်ခဲခြင်း အထူးသဖြင့် မတ်တတ်ရပ်ချိန်နဲ့ လမ်းလျှောက်ချိန်
●  နာကျင်နေသော သို့မဟုတ် ရောင်နေသောခြေထောက်တွင် ပူနွေးနေခြင်း
●  ခြေထောက်အရေပြား နီရဲခြင်း

>>  ကာကွယ်နည်း
●  ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ခြင်း
●  ဆေးလိပ်ဖြတ်ခြင်း
●  လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
●  ကိုယ်အလေးချိန် လျှော့ချခြင်း
●  အကြီးစားခွဲစိတ်မှုများ ပြုလုပ်တဲ့အခါ ဆရာဝန် ညွှန်ကြားချက်အရ ဆေးများ ကြိုတင်သောက်သုံးခြင်း

>>  ဘယ်သူတွေမှာ ဖြစ်နိုင်ချေပိုများသလဲ?
●  ကျောရိုးမ ထိခိုက်ဒဏ်ရာရသူများ၊ အကြီးစားထိခိုက်ဒဏ်ရာရသူများ၊ အကြီးစားခွဲစိတ်မှုခံယူရသူများတွင် ဖြစ်နိုင်ချေအများဆုံး ဖြစ်ပါတယ်။
●  ကင်ဆာဆေးသွင်းနေသူများ၊ OC Pills သောက်နေသော အမျိုးသမီးများ၊ ဟိုမုန်းဆေးသွင်းကုသနေသူများ၊ လေဖြတ်နေသူများတွင် အလယ်အလတ် ဖြစ်နိုင်ချေများပါတယ်။
●  အဝလွန်နေသူများ၊ ၃ ရက်ထက်ပိုပြီး အိပ်ရာထဲ လဲနေသူများ၊ လှုပ်ရှားမှုနည်းနေသူများနဲ့ ခြေထောက်တွင် သွေးပြန်ကြောထုံးများရှိသူများတွင်လည်း အနည်းငယ် ဖြစ်နိုင်ချေရှိပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)