/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်း-သက်ပိုင်စိုးကုမ္ပဏီမှ-product

ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်း သက်ပိုင်စိုးကုမ္ပဏီမှ Product Manager ဒေါက်တာ မာလာကိုနှင့် တွေ့ဆုံမေးမြန်းခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဦးနှောက်တစ်သျှူးတွေကိုရောင်ရမ်းပျက်စီးစေတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ကူးစက်မခံရအောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြည့်ပြည့်စုံစုံသိရှိဖို့အတွက် သက်ပိုင်စိုးကုမ္ပဏီမှ Product Manager ဒေါက်တာ မာလာကို နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 

မေး။    ။ မင်္ဂလာပါ ဒေါက်တာရှင့်..ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ဘယ်လို ရောဂါမျိုးပါလဲရှင့်။

 

ဖြေ။    ။ မင်္ဂလာပါ..ဂျပန်ဦးနှောက်ရောင်ရောဂါ (JE) ဆိုတာ ဂျပန် ဦးနှောက်ရောင််ဗိုင်းရပ်စ်ပိုး (Japanese Encephalitis Virus) ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားတဲ့ ဦးနှောက်ရောင်ရောဂါဖြစ်ပြီး ဦးနှောက်တစ်သျှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။

 

မေး။    ။ ဒီရောဂါရဲ့ ကူးစက်ပုံနဲ့ ဖြစ်ပွားတတ်တဲ့ဒေသတွေကိုလည်း သိချင်ပါတယ်။

 

ဖြေ။    ။ ဒီဗိုင်းရပ်စ်ပိုးတွေဟာ ၀က်တွေ၊ ရေငှက်တွေ၊ ဘဲ၊ ခိုတွေမှာ ခိုအောင်း နေလေ့ရှိပြီး ခြင် (ကျူးလက်စ်အမျိုးအစားခြင်) ကိုက်ရာမှတဆင့် လူကို ရောဂါကူးစက်ပြန့်ပွား စေပါတယ်။ လယ်ကွင်းတွေ၊ မွေးမြူရေးခြံတွေနားမှာ နေထို်င်တဲ့သူတွေမှာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။

          မြန်မာနိုင်ငံအပါအ၀င် ထိုင်းနိုင်ငံ၊ လာအို၊ ကမေ္ဘာဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊  စတဲ့ အာရှတိုက်မှာရှိတဲ့ နိုင်ငံပေါင်း (၂၄) နိုင်ငံမှာ ဖြစ်ပွားလျှက်ရှိပါတယ်။

 

မေး။    ။ ရောဂါကူးစက်ခံရပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြပါသလဲ။

 

ဖြေ။    ။ ရောဂါလက္ခဏာဆိုရင်တော့ ၂ ပိုင်းခွဲပြီး ပြောချင်ပါတယ်။ တစ်ပိုင်းကတော့ ကနဦး လက္ခဏာတွေပါ။ ဒီကနဦးလက္ခဏာတွေက တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ အဖျားကြီးမယ်၊ ခေါင်းကိုက်မယ်၊ မောပန်းပြီး နုံးမယ်၊ အန်မယ်..ဒီလိုမျိုးတွေ ကြုံရတတ်ပါတယ်။

              ကျန်တစ်ပိုင်းကတော့ နောက်ပိုင်းလက္ခဏာတွေလို့ခေါ်တဲ့ ဦးနှောက်ရောင် လက္ခဏာတွေပါ။ ကူးစက်ခံရသူ အယောက် ၂၅၀ မှာ ၁ ယောက် ကြုံရနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေလဲဆိုတော့ လည်ပင်းတောင့်တင်းတာ၊ အချိန်တွေ/နေရာတွေကို ေ၀ခွဲမရနိုင် တော့တာ၊ မူးေ၀အိပ်ငိုက်တာ၊ လှုပ်ရှားမှုတွေ မူမမှန်တော့တာ၊ တက်သွားတာ၊ နောက်ဆုံးမှာ အသက်ဆုံးရှုံးသွားနိုင်တဲ့အထိ အန္တရာယ်ပေးတာမျိုးတွေ ရှိနိုင်ပါတယ်။ 

  

မေး။    ။ ဒီရောဂါကို ကုသလို့ကောရပါသလား။ နောက်ပြီး ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေရှိပါ သလဲရှင်။

 

ဖြေ။    ။ ဒီနေ့ထိတော့ တိကျထိရောက်တဲ့ ကုသဆေး မရှိသေးပါဘူး။ ဦးနှောက်ရောင်လူနာတွေရဲ့ ၃ပုံ ၁ပုံခန့်ဟာ အသက်ဆုံးရှူံးသည်အထိ ရောဂါပြင်းထန်နိုင်ပြီး အသက်မဆုံးရှူံးသည့်တိုင် ဦးနှောက်ပျက်စီးခြင်းကြောင့် ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

 

            အသက်မဆုံးရှူံးဘဲ   ပြန်ကောင်းလာတဲ့သူတွေထဲက တစ်၀က်ခန့်လောက်ကလည်း နားလေးတာ၊ မျက်စိကွယ်တာ၊ ကိုယ်လက်မသန်မစွမ်းဖြစ်သွားတာ၊ ဉာဏ်ရည်နိမ့်ကျသွားတာ၊ စိတ်မူမမှန်ဖြစ်တာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

 

မေး။    ။ ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကူးစက်မခံရအောင် ကြိုတင်ကာကွယ်လို့ရော ရပါသလား။

 

ဖြေ။    ။ ဒီရောဂါက ခြင်ကနေတဆင့်ကူးစက်တာမို့လို့ ခြင်ကိုက်မခံရအောင်နေမယ်၊ ခြင်နိုင်ဆေးဖျန်းမယ်၊ ကိုယ့်အိမ်၀န်းကျင်မှာ ခြင်မပေါက်ပွားအောင် နှိမ်နင်းတာမျိုးတွေလုပ်သင့်ပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးထိုးထားလိုက်တာက  အထိရောက်ဆုံးသော ကာကွယ်နည်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။

 

မေး။    ။ ဒါဆို ဒီဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို ဘယ်လိုလူတွေမှာထိုးနှံသင့်ပါသလဲ။

 

ဖြေ။    ။ အသက် (၉) လကစပြီး ကလေး၊ လူကြီးအားလုံး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆး ထိုးနှံထားသင့်ပါတယ်။ အထူးသဖြင့် ရောဂါဖြစ်ပွားလေ့ရှိတဲ့ နေရာဒေသတွေမှာ နေထိုင်တဲ့သူတွေ၊ အဲဒီဒေသတွေကို ခရီးသွားမည့်သူတွေကတော့ မဖြစ်မနေ ကြိုတင် ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

  

မေး။    ။ အသက်အရွယ်အလိုက် ထိုးနှံရတဲ့ပမာဏ မတူတာမျိုးရောရှိပါသလား။

 

ဖြေ။    ။ ကလေး၊ လူကြီး ကာကွယ်ဆေး ပမာဏ အမျိုးအစား အတူတူပဲဖြစ်ပါတယ်။

 

မေး။    ။ ကာကွယ်ဆေးဘယ်နှကြိမ်ထိုးဖို့လိုပါသလဲ။

 

ဖြေ။    ။ သက်ပိုင်စိုးကုမ္ဗဏီမှ ဖြန့်ချိလျက်ရှိသော JE ကာကွယ်ဆေးကို ကလေး­ အသက် 9 ၉ လတွင် စတင်ထိုးနှံနိုင်ပြီး ပထမအကြိမ် တစ်လုံးထိုးပြီး နောက်ထပ် ၁ နှစ် မှ ၂ နှစ်အကြာတွင် ဒုတိယ တစ်လုံး ထပ်မံထိုးနှံရပါမယ်။

 

          အသက် ၁၈ နှစ်နဲ့အထက် လူကြီးတွေကတော့ ကာကွယ်ဆေး တစ်လုံး (တစ်ကြိမ်) သာ ထိုးနှံဖို့ လိုအပ်ပါတယ်။

 

မေး။    ။ ကာကွယ်ဆေးရဲ့ အာနိသင်က ဘယ်လောက်ထိကြာရှည်ခံပါသလဲ။

 

ဖြေ။    ။ လက်ရှိလေ့လာစမ်းသပ်ချက်တွေအရ ဒီ JE ကာကွယ်ဆေးက အနည်းဆုံး ၁၀ နှစ် မှ နှစ် ၃၀ ခန့်အထိ ကာကွယ်ပေးနိုင်ပါသည်။

 

မေး။    ။ ကာကွယ်ဆေးမှာ ဘေးထွက်ဆိုးကျိုးတွေရောရှိပါသလား။

 

ဖြေ။    ။         ဒီ JE ကာကွယ်ဆေးကြောင့် ဆေးထိုးတဲ့နေရာမှာ နာတာ၊ နီတာ စတဲ့ မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးအနည်းငယ်လောက်ကလွဲပြီး လူကို အန္တရာယ်ပေးနိုင်တဲ့ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပွားတာမျိုး မတွေ့ရှိပါဘူး။

 

မေး။    ။ ကာကွယ်ဆေးမထိုးသင့်သူတွေကော ရှိပါသလား။

 

ဖြေ။    ။ ကာကွယ်ဆေးတစ်မျိုးမျိုးနှင့် ဓာတ်မတည့်ခြင်းဖြစ်ဖူးသူတွေ၊ လတ်တလောဖျားနာ နေသူတွေ၊ ကိုယ်ခံစွမ်းအားကျရောဂါရှိသူတွေ၊  ကိုယ်ခံစွမ်းအားကျစေတဲ့ ဆေးဝါးတွေနဲ့ ဆေးကုသမှုခံယူနေသူတွေ၊ ကိုယ်၀န်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကတော့ ကာကွယ် ဆေးမထိုးသင့်ပါဘူး။

 

မေး။    ။ အခုလိုပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ ဒေါက်တာ့ကို ကျွန်မတို့ Dr Myanmar ကျန်းမာရေး၀က်ဘ်ဆိုဒ်က ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

 

ဖြေ။    ။ အမကလည်း ကျေးဇူးတင်ပါတယ်။

 

May Su Hlaing

www.drmyanmar.com