/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ငှက်ချစ်တတ်သူလား-ဒါလေးတွေ-သတိထားနော်

ငှက်ချစ်တတ်သူလား ... ဒါလေးတွေ သတိထားနော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လှပရောင်စုံတဲ့ ငှက်ကလေးတွေကို ချစ်တတ်သူတွေ အိမ်မှာ ငှက်ကလေးတွေကို လှောင်အိမ်နဲ့ မွေးမြူထားသူတွေအတွက် ငှက်ကတစ်ဆင့် ကူးစက်တဲ့ ကူးစက်ရောဂါတွေအကြောင်း ကျန်းမာရေး ဗဟုသုတတွေ မျှဝေလိုက်တယ်နော်။

♦        ချိုးငှက်လေးတွေက စွန့်ပစ်တဲ့မစင်ကနေ ပေါက်ပွားတဲ့ မှိုပိုးတစ်မျိုးဟာ လူတွေမှာ အသက်ရှူလမ်းကြောင်းကနေ ကူးစက်နိုင်ပြီး ဖျားတာ၊ ညောင်းတာ၊ မောတာ၊ ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားကောင်းနေရင် ပြဿနာမရှိပေမယ့် အားနည်းနေသူတွေမှာတော့ အပြင်းအထန်ရောဂါ ဖြစ်စေပါတယ်။

♦        လင်းနို့ချေးမှာပါတဲ့ မှိုပိုးတွေဟာ ကူးစက်ခံရသူကို  ရင်ဘတ်အောင့်တာ၊ ဖျားတာ၊ ချောင်းဆိုးတာတွေ ဖြစ်စေပါတယ်။

♦        မိုင်ကိုဗက်တီးရီယန်းပိုးဟာ ငှက်ကို အားယုတ်ပြီး မပျံနိုင်ဖြစ်စေတဲ့အပြင် လူကိုကူးတဲ့အခါ ဗိုက်နာတာ၊ ဝမ်းလျှောတာ၊ သွေးအားနည်းတာတွေ ခံစားရစေပါတယ်။

♦        စကားတတ်တဲ့ ကြက်တူရွေးလေးတွေက သိပ်ချစ်စရာကောင်းပေမယ့် သူတို့ဆီက ကူးနိုင်တဲ့ အဖျားရောဂါဟာ လူတွေကို -

          ●        ကြွက်သား နာကျင်ခြင်း

          ●        ကိုက်ခဲခြင်း

          ●        အသက်ရှူခက်ခဲခြင်း

          ●        ချောင်းခြောက်ဆိုးခြင်း

          ●        ခေါင်းကိုက်ခြင်း

          ●        ချမ်းတုန်ခြင်း

          ●        အားယုတ်နွမ်းခွေလာတာတွေ ဖြစ်စေပါတယ်။

 

>>    ငှက်ကနေ ကူးစက်တဲ့ရောဂါတွေ ကာကွယ်ဖို့

●        ငှက်ကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း ရေနဲ့ ဆပ်ပြာပေါပေါသုံးပြီး သေချာပွတ်သပ် ဆေးကြောပါ။

●        ငှက် မွေးမယ်ဆိုရင် သေချာမေးမြန်းထားပါ။ လှောင်အိမ်ကို သန့်ထားပါ။ ငှက်မှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေအကြောင်း မေးပါ။ ကိုင်တွယ်တာတွေ ဘယ်လိုဂရုစိုက်ရမှာတွေ လေ့လာပါ၊

●        ငှက်ရွေးချယ်တဲ့အခါ သိပ်မလှုပ်တဲ့ငှက် ခေါင်းငိုက်စိုက်နေတဲ့ငှက်တွေကို မယူပါနဲ့။

          အမွေး ကျွတ်နေသလား။ မျက်လုံးက အရည်စိမ့်ထွက်နေသလား။ အမွေးဖွှာနေသလား ကြည့်ပါ၊ စစ်ပါ။ နေမကောင်းတဲ့ငှက်ကို မဝယ်မိဖို့ အရေးကြီးပါတယ်။

●        ငှက်လှောင်အိမ်ကို မြင့်မြင့်လေးထားပါ။ လှောင်အိမ်ကို အခါအားလျော်စွာ သန့်စင်ပေးပါ။ ငှက်လှောင်အိမ်ကို အစားအစာ ထားသိုတဲ့၊ ပြင်ဆင်တဲ့ ကော်ဖီစားပွဲတွေ၊ မီးဖိုချောင်၊ ရေခဲသေတ္တာတွေနဲ့ မနီးပါစေနဲ့။

●        ငှက်လှောင်အိမ်ထဲက ပန်းကန်ခွက်ယောက်တွေကို မီးဖိုချောင်ကို သယ်မလာပါနဲ့။ အပြင်ကို ရေပုံးဆွဲပြီး သီးသန့်ဆေးကြော သန့်စင်ပါ။

●        ငှက်ဆိတ်မိတာ၊ ငှက်လက်သည်းတွေနဲ့ ခြစ်မိတဲ့အခါ အနာကို ဆပ်ပြာနဲ့ရေ သုံးပြီး များများလောင်းချ ဆေးကြောပါ။ အနာက ရင်းတာ နီပူနာရောင် ဖြစ်လာရင် မေးခိုင်ကာကွယ်ဆေး ထပ်ထိုးပြီး ဆရာဝန် ပြသကုသဖို့ လိုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)