ငှက်ပျောသီးထက် ပိုတက်ဆီယမ်ပါ၀င်မှုမြင့်မားသောအစားအစာ 5 မျိုး
ကြွက်သားတွေ သန်စွမ်းဖို့၊ အာရုံကြောလုပ်ဆောင်ချက်တွေကောင်းမွန်ဖို့၊ နှလုံးကျန်းမာနေဖို့ ပိုတက်ဆီယမ်ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် လုံလောက်မှုမရှိရင် ကြွက်တက်တာ၊ နှလုံးခုန်မြန်တာနဲ့ မူးေ၀တာတွေဖြစ်နိုင်တဲ့အတွက် နေ့စဉ်လိုအပ်တဲ့ ပိုတက်ဆီယမ်ပမာဏကိုရရှိစေမယ့် အစားအစာတွေစားသင့်ပါတယ်။
တစ်နေ့တာအတွက် ပိုတက်ဆီယမ်လိုအပ်မှုဟာအသက် 1-3 နှစ်ကြားကလေးများအတွက် 3000 mg၊ အသက် 4-8 နှစ်ကြားကလေးများအတွက် 3800 mg၊ အသက် 9-13 နှစ်ကြားကလေးများအတွက် 4500 mg ၊အသက် 14 နှစ်နှင့်အထက် အသက်အရွယ်များအတွက် 4700 mg နဲ့ နို့တိုက်မိခင်များအတွက် 5100 mg ဖြစ်ပါတယ်။
ငှက်ပျောသီးမှာပိုတက်ဆီယမ် 422 မီလီဂရမ် ကြွယ်၀စွာပါ၀င်ပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးမှာ ပါ၀င်တဲ့ ပိုတက်ဆီယမ်နှုန်းထက် သင်သိပြီးသားအစားအစာ 5 မျိုးမှာလည်း ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာ ပါ၀င်နေကြောင်းကို ေ၀ငှလိုက်ချင်ပါတယ်။
1. ကန်စွန်းဥ
အရသာလည်းရှိ၊ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ ကန်စွန်းဥမှာ ပိုတက်ဆီယမ် 542 မီလီဂရမ်ပါ၀င်ပါတယ်။
2. ထောပတ်သီး
ခန္ဓာကိုယ်အတွင်းကောင်းတဲ့ ကိုလက်စထရော (HDL) တွေကို တိုးစေတဲ့ ထောပတ်သီးတစ်ခြမ်းမှာတင် ပိုတက်ဆီယမ် 487 မီလီဂရမ်ပါ၀င်ပါတယ်။
3. ပဲကြီး
အမျှင်ဓာတ်နဲ့အသားဓာတ်ကြွယ်၀စွာပါ၀င်ပြီး သွေးတွင်းသကြားဓာတ်ကိုလျှော့ချပေးနိုင်တဲ့ ပဲကြီးဟင်းချိုတစ်ခွက်မှာ ပိုတက်ဆီယမ် 502 မီလီဂရမ်ပါရှိပြီး ကိုယ်အလေးချိန်လျှော့ချနေသူတွေအတွက် သင့်တော်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။
4. ဒိန်ချဉ်
အစာအိမ်နဲ့အူလမ်းကြောင်းမှာ အစာခြေစနစ်ကိုကောင်းမွန်စေတဲ့ အကျိုးပြုဘက်တီးရီးယားတွေ တိုးပွားစေတဲ့ဒိန်ချဉ်မှာ ပိုတက်ဆီယမ် 579 မီလီဂရမ်ပါ၀င်ပါတယ်။
5. ဟင်းနုနွယ်
အသုပ်တွေထဲမှာဒါမှမဟုတ် ဟမ်ဘာဂါထဲမှာညှပ်စားတဲ့ ဟင်းနုနွယ်ဟာကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးနိုင်တဲ့အပြင် ကင်ဆာရောဂါကိုလည်း တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ဟာ ပိုတက်ဆီယမ် 839 မီလီဂရမ်ပါ၀င်တဲ့ အစားအစာဖြစ်ပါတယ်။
Mg Hlaing Thwin






























