/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စားကြွင်းစားကျန်တွေ-သွားမှာကပ်မကျန်အောင်ဘယ်လိုလုပ်ကြမလဲ

စားကြွင်းစားကျန်တွေ သွားမှာကပ်မကျန်အောင်ဘယ်လိုလုပ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေက သွားပေါ်မှာစုပုံပြီးသွားချေးတွေဖြစ်လာပါတယ်။ ကြာလာတာနဲ့အမျှ သွားကိုတိုက်စားပြီး သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတွေကို ခံစားရစေပါတယ်။ သွားမှာကပ်ကျန်နေတဲ့ အစာအကြွှင်းအကျန်တွေကို ဘယ်လိုဖယ်ရှားကြမလဲ -

1. တစ်နေ့နှစ်ကြိမ် နည်းစနစ်ကျစွာသွားတိုက်ပါ။

         အစာအကြွင်းအကျန်တွေသွားမှာကပ်မနေဖို့အတွက် အစာစားပြီးတိုင်းသွားတိုက်ရပါမယ်။ အစာစားပြီးတိုင်း မတိုက်နိုင်ဘူးဆိုရင်တောင် ညအိပ်ရာမဝင်ခင်အချိန်မှာ တိုက်ဖို့လိုပါတယ်။ မဟုတ်ရင် ဒီအစာအကြွင်းအကျန်တွေက တစ်ညလုံးသွားမှာကပ်နေပြီး သွားကိုပျက်စီးပါလိမ့်မယ်။

         သွားတိုက်တဲ့အခါမှာလည်း ကြမ်းတမ်းတဲ့သွားတိုက်တံတွေက သွားပျက်စီးစေတဲ့အတွက် သွားတိုက်တံနုနုကိုအသုံးပြုပါ။ သွားတိုက်တံကို 3-4 လတစ်ခါအသစ်လဲလှယ်ပေးပါ။ သွားကိုနည်းစနစ်မှန်ကန်စွာတိုက်ပါ။ သွားမှန်ကန်စွာတိုက်နိုင်ဖို့သိထားသင့်တဲ့အချက်တွေကတော့ -

- သွားတိုက်တံကို သွားဖုံးမှ 45 ဒီဂရီစောင်းပြီးတိုက်ပါ။

- သွားအနှံ့ရောက်စေဖို့အတွက် စက်ဝိုင်းပုံစံလှည့်ပြီး ညင်သာစွာတိုက်ပါ။

- သွားအတွင်းဘက်၊ အပြင်ဘက်၊ ထိပ်ဘက်ပါမကျန် ခံတွင်းတစ်ခုလုံးအနှံ့တိုက်ပါ။

- ဘက်တီးရီးယားပိုးမွှားတွေကပ်မကျန်စေဖို့နဲ့ ခံတွင်းန့ံကောင်းစေဖို့အတွက် သွားတိုက်တံနဲ့လျှာကိုလည်းပွတ်တိုက်ပေးပါ။

- အချိန် 2 မိနစ်ခန့်တို်က်ပေးပါ။

2. သွားကြားတွေကိုလည်း သန့်ရှင်းပေးပါ။

         အစာအကြွင်းအကျန်တွေက သွားတွေပေါ်မှာသာမက သွားကြားတွေထဲမှာလည်း ခိုအောင်းနေနိုင်တဲ့အတွက် သွားကြားတွေထဲကိုလည်း သန့်ရှင်းပေးဖို့လိုပါတယ်။ သွားတိုက်ရုံနဲ့ သွားကြားမှာရှိတဲ့အစာတွေကို ရှင်းမထုတ်နိုင်တဲ့အတွက် သွားပွတ်ကြိုးနဲ့ပွတ်တိုက်ပေးပါ။ သွားပွတ်ကြိုးနဲ့ သွားကြားတွေထဲကို အနည်းဆုံးတစ်နေ့နှစ်ကြိမ်သန့်ရှင်းရေးလုပ်ပေးပါ။ သွားမတိုက်မီ (သို့) သွားတိုက်ပြီး (သို့) မိမိဆန္ဒရှိတဲ့ဘယ်အချိန်မဆို သွားကြားသန့်ရှင်းပေးနိုင်ပါတယ်။

3. ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းပေးပါ။

         ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းခြင်းဖြင့် သွားမှာကပ်နေတဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားရလွယ်ကူစေပါတယ်။ ခံတွင်းသန့်ဆေးရည်ရွေးချယ်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက်သင့်တော်တဲ့ အမျိုးအစားခြင်းမတူကြတဲ့အတွက် မိမိနဲ့သင့်တော်မယ့်အမျိုးအစားကို သေချာရွေးချယ်ရပါမယ်။ ခံတွင်းခြောက်တတ်တဲ့သူလား၊ သွားဖုံးရောင်လေ့ရှိလား၊ သွားပိုးစားလွယ်လားဆိုတဲ့အချက်တွေအပေါ်မူတည်ပြီး မိမိနဲ့အဆင်ပြေတဲ့ ခံတွင်းသန့်ဆေးရည်အမျိုးအစားကိုရွေးချယ်ပါ။

4. သကြားနဲ့ အချိုဓာတ်ပါတဲ့အစားအစာတွေ အလွန်အကျွံစားသုံးခြင်းမပြုပါနဲ့။

         အချိုတွေစားပြီးတဲ့အခါမှာ သကြားတွေကိုစားသုံးဖို့ ဘက်တီးရီးယားပိုးတွေက သွားပေါ်မှာ ကပ်ကျန်နေပါတယ်။ အချိုစားတာများလေလေ ပိုးတွေပိုများလေလေပါပဲ၊ ဒါ့အပြင် သကြားနဲ့ အက်ဆစ်ဓာတ်ပါဝင်တဲ့ အစားအစာတွေက သွားပိုးစားစေပါတယ်။ သွားကျန်းမာရေးအတွက် အဆိုးရွားဆုံးအစားအစာတွေကတော့ - အာလူးကြော်၊ ပေါင်မုန့်ကဲ့သို့သော ကစီဓာတ်များတဲ့ အစားအစာများ၊ သွားမှာအချိုတွေကပ်ကျန်စေနိုင်သော သကြားလုံးများ၊ ကာဗွန်ပါသောအချိုရည်များ၊ အရက် စသည်တို့ဖြစ်ကြပါတယ်။ ဒါတွေစားပြီး ရေများများသောက်ပေးရင်တော့ အစာအကြွင်းအကျန်တွေကို ဆေးချပေးနိုင်သလို ခံတွင်းစိုစွတ်မှုကိုလည်းထိန်းထားနိုင်ပါတယ်။ အစာတစ်ခုနဲ့တစ်ခုကြားမှာ သွားရည်စာတွေမစားပါနဲ့၊ သွားတွေဖြူဖွေးလှပနေစေချင်တယ်ဆိုရင်တော့ အစာစားပြီးတိုင်းသွားတိုက်ပါ။ သွားတိုက်ဖို့အဆင်မပြေဘူးဆိုရင် သကြားမပါတဲ့ပီကေဝါးပါ။

5. သွားဆရာဝန်ဆီသွားပြီး သွားကိုမကြာခဏစစ်ဆေးပါ။

         အိမ်မှာဘယ်လောက်ပဲသွားသန့်ရှင်းရေးတွေလုပ်နေပါစေ သွားဖုံးအောက်၊ အံသွားအနောက်ဘက် စသည်ဖြင့် လက်လှန်းမမှီတဲ့နေရာတွေရှိတဲ့အတွက် သွားဆေးခန်းသွားပြီး သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ တစ်နှစ်ကို နှစ်ကြိမ်ခန့််ပြုလုပ်သင့်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com