စားချဥ့်ပြန်ရောဂါ၏ ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲဆိုးကျိုးများ
အက်ဆစ်ဆန်တက်ခြင်းဟာ အလွန်ပင်စိတ်ညစ်စရာကောင်းတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အက်ဆစ်တန်တက်တဲ့ရောဂါ(စားချဥ့်ပြန်ရောဂါ)ကို သေချာစွာ ကုသမှုမခံယူပါက အစာရေမျို ရောင်ရမ်းခြင်းမှ အစပြုကာ အနာဖြစ်ခြင်း၊ အစာရေမျို အမာရွတ်ဖြစ်၍ ကျဉ်းသွားခြင်း စတဲ့ ဆိုးဆိုးရွားရွားပြဿနာတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ထို့ပြင် နောက်ဆုံးတွင် အစာရေမျိုကင်ဆာထိပင် ဖြစ်နို်င်ပါတယ်။
1. အစာရေမျို ရောင်ရမ်းခြင်းနှင့် အနာဖြစ်ခြင်း
ဖြစ်လေ့ဖြစ်ထ အများဆုံး နောက်ဆက်တွဲဆိုးကျိုးကတော့ အစာရေမျို ရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ အစာရေမျိုရဲ့ နံရံမှာရှိတဲ့ ဆဲလ်တွေကို အစာအိမ်ရဲ့ အက်ဆစ်တွေက တိုက်စားတာကြောင့် ရင်ပူခြင်းကဲ့သို့ ေ၀ဒနာမျိုးကို ခံစားရနိုင်တာ ဖြစ်ပါတယ်။ ထိုေ၀ဒနာမျိုးဟာ ခံရခက်ရုံသာမက ပိုမိုဆိုးရွားတဲ့အခြေအနေတွေကို ဦးတည်နေတဲ့ ကနဦးလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။
အက်ဆစ်တွေ ဆက်လက်ဆန်တက်နေပါက နံရံပြဲသွားပြီး အနာဖြစ်သွားနိုင်ပါတယ်။ ထိုအနာကို ကုသမှုမခံယူပါက သွေးထွက်နိုင်ခြေ မြင့်မားတဲ့အတွက် စောစီးစွာ ဆေးကုသမှု ခံယူသင့်ကြောင်း လမ်းညွှန်ထားပါတယ်။
2. အစာရေမျိုကျဉ်းခြင်း
အစာရေမျိုအတွင်းသို့ အက်ဆစ်ဆန်တက်ခြင်းကြောင့် ခံစားရနိုင်တဲ့ နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ အမာရွတ်ဖြစ်ကာ အစာရေမျိုကျဉ်းလာခြင်းပဲ ဖြစ်ပါတယ်။ အစာရေမျိုသည် စားသောက်လိုက်တဲ့ အစားအစာပမာဏပေါ် မူတည်၍ ကျုံ့နိုင်ဆန့်နိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ပုံမှန်ဆဲလ်တွေကို အမာရွတ်တစ်သျှူးတွေနဲ့ အစားထိုးခံလိုက်ရတဲ့အခါမှာတော့ ကျဉ်းမြောင်းပြီး တောင့်တင်းသွားနိုင်ပါတယ်။ ဆိုးဆိုးရွားရွား အခြေအနေမှာဆိုရင် အစာမျိုချရ ခက်ခဲခြင်း၊ အစာနင်ခြင်းတို့အပြင် အစာပြန်ကန်ခြင်းတို့ကိုပါ ကြုံတွေ့ရနိုင်ပါတယ်။ အစပိုင်းတွင် ရောဂါလက္ခဏာမှာ မသိသာသော်လည်း တဖြည်းဖြည်းနဲ့ အစာနင်ခြင်းတို့မှာ ပိုဆိုးလာနိုင်ပါတယ်။
3. ကနဦးကင်ဆာအခြေအနေ (Barrett's Esophagus)
အက်ဆစ်ဖြင့် အဆက်မပြတ်ထိတွေ့ခြင်းကြောင့် အစာရေမျို ရောင်ရမ်းရာမှ ကနဦးကင်ဆာအခြေအနေနှင့် ကင်ဆာရောဂါေ၀ဒနာတို့ကို ခံစားရတတ်ပါတယ်။ အစာရေမျိုအောက်ပိုင်းမှာ အက်ဆစ်ဖြင့် ဆက်တိုက်ထိတွေ့နေရတာကြောင့် နံရံမှာရှိတဲ့ဆဲလ်တွေဟာ အစာအိမ်မှာရှိတဲ့ ဆင်တူရိုးမှားဆဲလ်တွေနဲ့ တဖြည်းဖြည်း အစားထိုးခံလိုက်ရတဲ့အခြေအနေကို ကနဦးကင်ဆာအခြေအနေလို့ ခေါ်ပါတယ်။
အက်ဆစ်အထက်သို့ ဆန်တက်တဲ့ရောဂါအတွက် မှန်ပြောင်းကြည့်ရှုတဲ့လူနာ 5-15% ခန့်တွင် ထိုအခြေအနေ တွေ့ရလေ့ရှိပြီး အမျိုးသားများဟာ အမျိုးသမီးများထက် နှစ်ဆခန့် ပိုဖြစ်လေ့ရှိပါတယ်။ အသက် 50 အထက် အသားဖြူသူ အမျိုးသားတွေမှာ ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်ပြီး ထိုအခြေအနေရှိတဲ့သူတွေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေလည်း ပိုမိုမြင့်မားပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ ကနဦးကင်ဆာအခြေအနေရှိတဲ့သူ 750 ခန့်မှာ တစ်ယောက်ဟာ အစာရေမျို ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။
4. အစာရေမျိုကင်ဆာ
အက်ဆစ်အထက်သို့ ဆန်တက်တဲ့ရောဂါရဲ့ အဆိုးရွားဆုံး နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ အခြားကင်ဆာတွေဖြစ်တဲ့ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီ်းကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာတို့ထက်စာလျှင် သိတဲ့အချိန် နောက်ကျတတ်တာကြောင့် အောင်မြင်စွာ မကုသနိုင်တာမျိုး ဖြစ်တတ်ပါတယ်။
5. အသံအိုးနှင့် လည်ချောင်းသို့ အက်ဆစ်ဆန်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ
သေချာစွာ ကုသမှုမခံယူပါက ပန်းနာရင်ကြပ်၊ အသံကြိုးကျဉ်ခြင်း၊ အသံကြိုး အကျိတ်ဖြစ်ခြင်းနှင့် အသံအိုးကင်ဆာ၊ လည်ချောင်းကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။ အက်ဆစ်ဆန်တက်ခြင်းကြောင့် အထက်ပါအခြေအနေတွေ ဖြစ်နိုင်တယ်လို့ ယူဆကြပေမယ့်လည်း သေချာတော့ မပြောနိုင်သေးပါဘူး။
သတိပြုရန်
အက်ဆစ်အထက်သို့ ဆန်တက်ခြင်းကြောင့် ဆိုးရွားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ရင်ပူခြင်း၊ လေတက်ခြင်း၊ အစာနင်ခြင်း စတဲ့ အစာရေမျိုနဲ့ဆိုင်တဲ့ ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုပါက ဆရာ၀န်နှင့် ပြသရန် အလွန်အရေးကြီးပါတယ်။ ထို့ပြင် အသံအိုးနှင့် လည်ချောင်းသို့ အက်ဆစ်ဆန်တက်တဲ့လက္ခဏာတွေဖြစ်တဲ့ ရက်သတ္တပတ် 8 ပတ်ထက် ပို၍ချောင်းဆိုးခြင်း၊ အသံအက်ခြင်း၊ မကြာခဏ လည်ချောင်းရှင်းခြင်း၊ လည်ချောင်းထဲတွင် ခိုးလိုးခုလု ခံစားရခြင်း စတာတွေ ကြုံတွေ့နေရပါကလည်း ဆေးကုသမှု ခံယူရန် လိုအပ်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























