စိုးရိမ်ပူပန်ခြင်းဟာ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေပါတယ်
လူသန်းပေါင်းများစွာက နေ့စဉ်စိုးရိမ်ပူပန်မှုတွေကို ရင်ဆိုင်နေရကြပါတယ်။ လူအများစုက ဒီလိုစိတ်ပူပန်နေရတာတွေကို အဆုံးသတ်ချင်နေကြသော်လည်း ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ ဘဝတစ်လျှောက်တွေ့ကြုံလာရတဲ့အရာတွေနဲ့အတူ အသားကျနေပါပြီ။ ဒါကြောင့် ဒါတွေကို အချိန်ခဏလေးနဲ့ ဖျောက်ပစ်ဖို့မဖြစ်နိုင်ပါဘူး။ စိတ်ရှည်ဖို့လိုပါတယ်။ အောက်ပါနည်းလမ်းတွေက စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်နိုင်ပါတယ်။
1. ပြေးခြင်း
ဦးစားပေးလုပ်ဆောင်ရမယ့် နံပါတ်တစ်အချက်ကတော့ ပုံမှန်ပြေးခြင်း (သို့) အနှေးလျှောက်ခြင်းပြုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားပြုလုပ်နိုင်အောင်ကျန်းမာနေသရွေ့ နေ့စဉ်ပုံမှန်အနှေးလျှောက်ခြင်းက နံပါတ် 1 ကုထုံးပဲဖြစ်ပါတယ်။ ပုံမှန် ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းကနေ ရရှိလာတဲ့စွမ်းအင်တွေက စိုးရိမ်ပူပန်မှုတွေကိုပြေပျောက်စေဖို့ အထောက်အပံံ့ပေးပါတယ်။
အသုံးမပြုတဲ့စွမ်းအင်တွေက စိုးရိမ်ပူပန်မှုတွေဖြစ်လာပြီး စိတ်ပူပန်တဲ့အတွေးတွေကို တွေးမိနေစေပါတယ်။ အသုံးမပြုတဲ့ကြွက်သားတွေကတင်းလာပြီး စိုးရိမ်ပူပန်တဲ့လက္ခဏာတွေကို ပိုဆိုးစေပါတယ်။ လေ့ကျင့်ခန်းမလုပ်တဲ့သူတွေက ဟော်မုန်းပြောင်းလဲခြင်းနဲ့ အာဟာရမပြည့်ဝခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
လေ့ကျင့်ခန်းမပြုလုပ်ခြင်းနဲ့ စိုးရိမ်ပူပန်မှုများခြင်းက ဆက်စပ်နေပါတယ်။ ဒါတွေအပြင် အနှေးလျှောက်ခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းတွေမှာ ကျန်းမာရေးအပြင် အခြားအကျိုးကျေးဇူးတွေလည်းများစွာရှိပါသေးတယ်။ ဒါတွေကတော့ -
(1) Endorphins
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာ လေ့ကျင့်ခန်းလုပ်တာကိုပိုမိုလွယ်ကူစေပြီး နာကျင်မှုနည်းစေတဲ့ အာရုံကြောတုန့်ပြန်မှုကိုထုတ်လွှင့်စေတဲ့ endorphins ဆိုတဲ့ ဓာတ်တစ်မျိုးကိုထွက်လာစေပါတယ်။ ဒါက အနားယူခြင်းမှာလည်း အရေးကြီးတဲ့အခန်းကဏ္႑ကပါဝင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ကိုယ်ရောစိတ်ပါအလွယ်တကူအပန်းပြေစေနိုင်ပါတယ်။
(2) Cortisol
စိတ်ဖိစီးမှုတွေများတဲ့အချိန်မှာ Cortisol ဆိုတဲ့ဟော်မုန်းထွက်လာပြီး စိတ်ပူပန်တဲ့လက္ခဏာတွေနဲ့လည်းသက်ဆိုင်ပါတယ်။ ပြေးခြင်းဖြင့် ပိုနေတဲ့ Cortisol တွေကိုလောင်ကျွမ်းစေပြီး စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ Cortisol ကြောင့်ထိခိုက်မှုတွေကိုလည်း နည်းစေပါတယ်။
ပြေးခြင်းဖြင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့အရာတိုင်းကိုကောင်းမွန်စေပါတယ်။ ဒါက အဆုတ်နဲ့နှလုံးကို ဘယ်လိုပိုပြီးကျွမ်းကျင်အောင်အသက်ရှူရမယ်ဆိုတာကို သင်ကြားပေးပါတယ်။ ဟော်မုန်းတွေကိုထိန်းချုပ်ပြီး ကြွက်သားတွေကိုသန်မာစေပြီး စိတ်ဖိစီးမှုတွေကိုကာကွယ်ပေးပါတယ်။ ပုံမှန်အနှေးပြေးခြင်းက ဘေးထွက်ဆိုးကျိုးမရှိဘဲ စိတ်ဖိစီးမှုကိုကုသတဲ့ထင်ရှားတဲ့ဆေးတွေအားလုံးထက်ပိုပြီး အစွမ်းထက်ပါတယ်။
2. အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း
အသက်ကောင်းကောင်းမရှူခြင်းကြောင့်လည်း စိတ်ဖိစီးမှုတွေဖြစ်တတ်ပါတယ်။ စိုးရိမ်မှုကိုခံစားနေရတဲ့လူအများအပြားမှာ ပုံမှန်ထက်မြန်မြန်နဲ့ပြင်းပြင်းအသက်ရှူနေတာကို တွေ့ရလေ့ရှိပါတယ်။ စိတ်ဖိစီးမှုတွေ စိုးရိမ်မှုတွေက အသက်ရှူမြန်လာစေပါတယ်။ အသက်ရှူဖို့ပိုပြီးအာရုံစူးစိုက်စေပြီး လိုအပ်တဲ့လေထက်ပိုပြီး ရှူသွင်းမိစေပါတယ်။ ဒီလိုအသက်ရှူခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေအများကြီးရှူထုတ်မိစေပြီး အောက်ဆီဂျင်တွေအများကြီး ရှူသွင်းမိစေနိုင်ပါတယ်။ ဒါက စိတ်ပူပန်မှုလက္ခဏာတွေကို ပိုဆိုးစေပါတယ်။
ဒါကြောင့် အသက်ရှူနည်းကိုပြန်ပြီး လေ့ကျင့်သင့်ပါတယ်။ ယောဂကျင့်စဉ်တွေမှာ သင်ယူရသလိုမျိုး အသက်ပြင်းပြင်းရှိုက်ရှူရတဲ့ အသက်ရှူလေ့ကျင့်ခန်းတွေပြုလုပ်နိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ အသက်ကိုနှေးနှေးရှူတတ်စေဖို့ဖြစ်ပါတယ်။ နည်းလမ်းတစ်မျိုးကတော့
- နှာခေါင်းကနေ 5 စက္ကန့်ခန့်ကြာအောင်လေရှူသွင်းပါ။
- ပြီးနောက် 2 စက္ကန့်ကြာအောင်ထိန်းထားပါ။
- ပါးစပ်ကနေ 7 စက္ကန့်ကြာအောင် လေပြန်ရှူထုတ်ပါ။
3. နေ့စဉ်စားသုံးတဲ့အစားအစာတွေကို ပြန်လည်စစ်ဆေးခြင်း
ဆီ၊ အဆီခဲ၊ အရက်နဲ့ ကဖင်းပမာဏများများစားသုံးခြင်းကို ရှောင်ကြဉ်ခြင်းကလည်းအရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများများစားလေလေ စိတ်ပူပန်မှုလက္ခဏာတွေနည်းနည်းပဲ ကြုံတွေ့ရလေလေပါပဲ။ ဗိုက်တာမင်ဓာတ်ချို့တဲ့ရင်လည်း ဒီပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ အောက်ပါဗီတာမင်တွေပါ/မပါ စစ်ဆေးကြည့်ပါ။
- မက်ဂနီဆီယမ် (ဥပမာ- အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ ငါး၊ ထောပတ်သီး၊ ပဲပုပ်၊ ဒိန်ချဉ်)
- ဗီတာမင် B1 (ဥပမာ - သစ်ကြားသီး၊ သီဟိုစေ့၊ ဗန်ဒါစေ့၊ မြေပဲ)
- ဗီတာမင် B12 (ဥပမာ- တိရစၧာန်ကြီးများ၏ အသည်းများ (အမဲအသည်း၊ ၀က်အသည်း၊ ဆိတ်အသည်း)၊ အနီရောင်ရှိသော အသားများ၊ ကနုကမာကောင် (Oyster)၊ နွားနို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ရေညှိစိမ်း (Chlorella)၊ စိမ်းပြာရေညှိ (Spirulina)၊ နိုရီရေညှိ (Nori) )
- ဗီတာမင် D (ဥပမာ - နို့နဲ့ကောက်နှံပါ၀င်တဲ့ အစားအစာများ၊ အဆီထူငါး (ဆယ်လမွန်ငါး၊ မက်ကရယ်ငါး၊ တူနာငါး)၊ ကြက်ဥအနှစ်၊ မှို၊ ထောပတ်၊ တိရစၧာန်အသည်း)
ရေဓာတ်ခန်းခြောက်ခြင်းကလည်း စိတ်ပူပန်မှုတွေကိုဖြစ်စေပြီး လက္ခဏာတွေကိုပိုဆိုးစေတဲ့အတွက် ရေလုံလောက်အောင်သောက်ဖို့လည်းအရေးကြီးပါတယ်။ စားသုံးနေတဲ့အစားအစာတွေမှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ခြင်းဖြင့် စိတ်ပူပန်မှုတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ပါလိမ့်မယ်။
Dr. Mya Myo Myo Swe






























