စွပ်ပြုတ်ပူပူနွေးနွေးက လည်ချောင်းနာခြင်းအတွက် သင့်တော်ပါသလား?
လည်ချောင်းနာပြီး ဖျားနာနေပါက လည်ချောင်းကို စိုစွတ်ချောမွေ့စေရန် စွပ်ပြုတ်ကဲ့သို့ အရည်များကို သောက်သုံးပေးခြင်းဖြင့် ပိုမိုလျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အစားအသောက်ပုံစံ ပြောင်းလဲလိုသည်ဖြစ်စေ၊ လည်ချောင်းနာခြင်းကို မိမိဘာသာမိမိ ကုသလိုသည်ဖြစ်စေ ဆရာ၀န်နှင့် ဦးစွာတိုင်ပင်သင့်ပါတယ်။
ထင်ရှားသည့် ၀ိသေသလက္ခဏာများ
လည်ချောင်းနာခြင်းဆိုတာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးများအပြင် အသံအသုံးပြုမှု များခြင်းကြောင့်၊ အသံကြိုး ဒဏ်ရာရခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင်းကြောင့် လည်ချောင်းနာသည်ဖြစ်စေ နာကျင်ရောင်ရမ်းခြင်းကို လျော့ကျစေ၍ အသံကြိုးများကို စိုစွတ်နေစေရန် စွပ်ပြုတ်ပူပူတစ်ခွက်ကို သောက်သုံးပေးသင့်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်တာပဲဖြစ်ဖြစ်၊ အဆင်သင့်ဘူးများထဲမှဖြစ်ဖြစ် စွပ်ပြုတ်ပူပူလေး စားလိုက်ရပါက နေလို့ထိုင်လို့ ပိုကောင်းလာမှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။
အမျိုးအစားများ
အချို့သောစွပ်ပြုတ်တွေဟာ လည်ချောင်းနာခြင်းအတွက် ကောင်းပေမယ့်လည်း စွပ်ပြုတ်တိုင်းကတော့ အာနိသင်မတူနိုင်ပါဘူ။ ကြက်သား၊ အမဲသား၊ ဟင်းသီးဟင်းရွက်တို့ဖြင့် စွပ်ပြုတ်ပူပူတစ်ခွက်ကို အလွယ်တကူ စီမံချက်ပြုတ်နိုင်ပါတယ်။ ခရမ်းချဉ်သီးကို အခြေခံတဲ့ စွပ်ပြုတ်တွေကတော့ အက်ဆစ်ဓာတ်များတဲ့အတွက် လည်ချောင်းကို ပိုမိုခြောက်သွေ့စေနိုင်ပါတယ်။ စွပ်ပြုတ်ပျစ်ပျစ်တွေကတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ပါ၀င်တဲ့အတွက် ချွဲပိုထွက်ကာ လည်ချောင်းကို ယားယံစေပြီး ချောင်းဆိုးနိုင်ပါတယ်။ ထို့ပြင် အစပ်ကဲတဲ့စွပ်ပြုတ်တွေကြောင့်လည်း လည်ချောင်းယားယံခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ကြက်သွန်ဖြူပါတဲ့ စွပ်ပြုတ်တွေကတော့ အနာကျက်ခြင်းဖြစ်စဉ်ကို ပိုမိုလျင်မြန်စေရုံသာမက ကြက်သွန်ဖြူရဲ့ အရောင်ကျစေနိုင်တဲ့ အစွမ်းသတ္တိ်ကြောင့်လည်း သဘာ၀ပဋိဆေးဝါးအဖြစ် အသုံးပြုနိုင်ပါတယ်။
လမ်းညွှန်ချက်များ
နေမကောင်းဖြစ်နေတဲ့အချိန်မှာ အသင့်စားစွပ်ပြုတ်မရှိပါက မိမိကိုယ်တိုင် အလွယ်တကူ ပြုလုပ်၍ ရနိုင်ပါတယ်။ ကြက်သွန်ဖြူတစ်မွှာကို နုတ်နုတ်စဉ်း၍ ဆားပါ၀င်မှုနည်းတဲ့ ကြက်ပြုတ်ရည်ထဲသို့ ထည့်ပါ။ ထို့နောက် ချက်ပြုတ်ထားသော မုန်လာဥနီစိတ်များ၊ တရုတ်နံနံတို့ကိုထည့်၍ နူးသည်အထိ တည်ပါ။ ပေါင်မုန့်မီးကင်ဖြင့် တွဲဖက်စားသုံး၍ ရေများများ သောက်ပါ။
ထည့်သွင်းစဉ်းစားရန် အချက်များ
နို့၊ အရက်၊ လိမေ္မာ်ရည်နဲ့ ခရမ်းချဉ်သီးရည်တို့သည် လည်ချောင်းကို ပိုမိုခြောက်သွေ့စေနိုင်ပါတယ်။ အခြားအရည် တော်တော်များများကတော့ အသံကြိုးကို စိုစွတ်စေ၍ ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အကယ်၍ စွပ်ပြုတ်ပူပူတွေကြောင့် လည်ချောင်းပိုမိုခြောက်သွေ့ပါက ရေ (သို့) သစ်သီးဖျော်ရည် အပူ/အအေးကို ပြောင်းလဲသောက်သုံးနိုင်ပါတယ်။ ရှားရှားပါးပါးအနေနဲ့ အချို့သော လည်ချောင်းနာခြင်းတွေဟာ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုခုရဲ့ ရောဂါလက္ခဏာ ဖြစ်နေတတ်တာကြောင့် ရက်အတော်ကြာတဲ့အထိ မသက်သာပါက ဆရာ၀န်နှင့် သွားရောက်ပြသသင့်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























