ဆရာမတို့ အသံမဝင်ဖို့ ဘာတွေလုပ်ကြမလဲ
စာသင်သူ ဆရာ၊ ဆရာမတွေအတွက်တော့ အသံဟာ အသက်သွေးကြောပါပဲ။ အသံကို အများဆုံးသုံးရတဲ့ အလုပ်အကိုင်တွေရဲ့ ထိပ်ဆုံးမှာကို ရှိနေတာပေါ့။ အတန်းတွေထဲမှာ အားကြိုးမာန်တက် အသံကိုအသုံးပြုပြီး သင်ကြားပြသတာတွေအပြင် အားပေးစကားတွေ ပြောရတာ၊ ငြိမ်အောင် ချောင်းဟန့်သံပေးရတာတင်မကဘဲ တိုးတိုးလေး ပြောတာတွေကပါ အသံဝင်စေဖို့ အကြောင်းရင်းတွေ ဖြစ်လာတတ်တယ်။
ဆရာမအများစုဟာ ကလေးတွေနဲ့ အပြိုင်အော်ရင်းကို အသံဝင်ဝင်သွားကြရှာတယ်။
အမေရိကန် နားနဲ့လည်ချောင်းအဖွဲ့အစည်းရဲ့ အပြောအရဆိုရင် ဆရာ၊ ဆရာမတွေရဲ့ တစ်ဝက်လောက်ဟာ တစ်ချိန်ချိန်မှာ အသံပြဿနာကို ကြုံလာတတ်ကြပြီး ၂၀ ရာနှုန်းလောက်ဟာ အသံပြဿနာနဲ့ အလုပ်ပျက်တတ်ကြတယ်။ ဒါတင်မကသေးဘဲ ဆရာ၊ ဆရာမ ၁၀ ယောက်မှာ ၁ ယောက်လောက်ဟာ အသံပြဿနာကြောင့် အလုပ်ပြောင်းလိုက်ရတာမိျုး ရှိတယ်လို့ဆိုတယ်။ ပိုဆိုးတာက ကျောင်းသားတွေဟာလည်း ရှတတဖြစ်နေတဲ့ အသံနဲ့သင်ရင် စာကောင်းကောင်း မမှတ်မိကြဘူးလို့လည်း တွေ့ရတယ်။
လူတွေဟာ အသံကြည်လင်ပြတ်သားမှ ကောင်းကောင်း သင်ယူလေ့လာနိုင်စွမ်းရှိတယ်လို့ ဆိုတယ်။ ဆရာ၊ ဆရာမရဲ့ အသံကြိုးမှာ အဖုအကြိတ်တွေဖြစ်နေရင် ဒါမှမဟုတ် အသံရှတတဖြစ်နေရင် ဆရာ၊ ဆရာမ ပေးချင်တဲ့ အကြောင်းအရာကို လွတ်သွားတတ်တာကြောင့် စာသင်ကြားရာမှာ ထိခိုက်မှုတွေ ရှိလာတတ်တယ်။
သတင်းကောင်းတစ်ခုကတော့ အသံပြဿနာဟာ လုံးဝရှောင်လို့မရတာမိျုးတော့ မဟုတ်ဘူး။ ဖြစ်လာရင်လည်း အလွယ်တကူပဲ ပြန်ပြင်ဆင်လို့ရတယ်။ ဆေးလိပ်သောက်သူတွေဆို ဖြတ်ဖု့ိလိုတယ်။ ပြီးတော့ ဒီနည်းလမ်းလေးတွေနဲ့ အသံကို ကြည်လင်ပြတ်သားအောင် ကြိုစားလို့ရပါတယ်။
၁။ ရေများများသောက်ပါ။
အစိုဓာတ်က အသံကြိုးတွေကို ချောမွေ့စေတယ်။ ဒါပေမဲ့ စာမသင်ခင် ရေကို ဂါလန်လိုက်မော့ဖို့ ပြောတာ မဟုတ်ဘူးနော်။ တစ်နေ့လုံး နည်းနည်းစီ သောက်သောက်ပေးပြီး အစိုဓာတ်လေးပြည့်နေရင် ချွဲအလွှာပါးလေးက အသံကြိုးကို ကာကွယ်ပေးထားလိမ့်မယ်။ တစ်နေ့ ရေ ၈ အောင်စ ခွက် ၈ ခွက်လောက်တော့ သောက်သင့်တယ်နော်။ အစိုဓာတ်ကို နည်းစေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ အရက် စတဲ့ အရည်တွေကို လျှော့သောက်ပေးဖို့လည်း လိုတယ်။ နို့သောက်ပြီးတဲ့အချိန် ချွဲကပ်တတ်တယ်ဆိုရင် နည်းနည်း လျှော့သောက်ပေးပါ။
၂။ ရေငွေ့လေး ရှူပေးပါ။
ညဘက်မှာ ရေငွေ့လွှတ်စက် ဖွင့်အိပ်တာ၊ အတန်းထဲမှာ တစ်ကိုယ်သုံး ရေငွေ့လွှတ်စက်လေး သုံးတာမျိုးက အထောက်အကူဖြစ်တတ်တယ်။ အထူးသဖြင့် ပူနွေးခြောက်သွေ့တဲ့ ရာသီဥတုမှာပေါ့။
၃။ အသံကို အနားပေးပါ။
တစ်နေ့လုံးမှာ ၁၅ မိနစ်လောက်စီ အသံကို နားနားပေးပါ။ ကျောင်းသားတွေငြိမ်အောင် အော်တာ၊ ပြုတာ မလုပ်ဘဲ ဘဲလ်လေး သုံးပေးတာမျိုး ပြောင်းကြည့်ပါ။ ကျောင်းသားတွေကို အဖွဲ့လိုက်လေးတွေ စုပေးပြီး အချင်းချင်း ဆွေးနွေးစေတာမျိုး လုပ်လို့ရတယ်။
၄။ ချောင်းဟန့်တာကို သတိထားပေးပါ။
ချောင်းဟန့်တာဟာ အသံကြိုးတွေကို အရှိန်နဲ့ ဆောင့်ဆောင့်နေတာနဲ့ အတူတူပဲ။ ချောင်းဟန့်လေလေ လည်ချောင်းက ပိုပိုယားလာလေလေ ချောင်းပိုဟန့်ချင်လာလေလေပဲ။ ဒီလိုလည်နေတာကို ဖြတ်တောက်ဖို့ တစ်နေ့လုံး ရေနည်းနည်းစီ သောက်ပေးပြီး ချွဲတွေကို ပျော်အောင်လုပ်ပေးပါ။ ချောင်းဟန့်ချင်တယ်ဆိုရင်တောင် ရေလေးနည်းနည်းလောက် သောက်ပြီးတော့မှ ဖြည်းဖြည်းလေး ဟန့်ပေးပေါ့။
၅။ အထူးကုနဲ့ ပြကြည့်ပေးပါ။
အလုပ်ခွင်မှာ အသံကို အရမ်းသုံးနေရတယ်ဆိုရင် တကယ့်ပြဿနာ ကြီးကြီးမားမား မဖြစ်ခင်ကတည်းက အထူးကုဆရာဝန်တွေနဲ့ပြပြီး စစ်ဆေးကြည့်သင့်တယ်။ ပြီးရင် အသံကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေဖြစ်တဲ့ အစာအိမ်အက်ဆစ်ဓာတ် ဆန်တက်တာ၊ ဓာတ်မတည့်တာ၊ အသံကြိုးတွေကို ခြောက်သွေ့စေတဲ့ဆေးတွေ၊ ဒီလိုအခြေအနေတွေကို ရှောင်သင့်တယ်။ ပြီးတော့ အသံကို ဘယ်လိုခြွေတာရမယ်၊ ထိန်းသိမ်းရမယ်ဆိုတာတွေကို မေးမြန်းပြီး လိုက်နာသင့်တယ်။
ဒါနဲ့မှ အသံကြီးက သြနေတုန်းဆိုရင်တော့ အစာအိမ်အက်ဆစ် ပြန်ဆန်တက်တာ၊ ဓာတ်မတည့်တာ၊ နှာရည်လည်ချောင်းထဲ စီးကျတာ စသဖြင့် နာတာရှည် အကြောင်းရင်း တစ်ခုခုတော့ ရှိနေနိုင်ပါတယ်။ ဒါဆိုရင် စောစောစီးစီး ကုသဖို့ လိုလာပါပြီ။ စောစောသိဖို့အတွက် ဒီအချက်လေးတွေကို စောင့်ကြည့်ထားဖို့တော့ လိုမယ်နော်။
● ၃ပတ်ထက်ပိုပြီး အသံသြနေတာ
● ချောင်းဆိုး သွေးပါတာ
● မြိုရခက်တာ
● လည်ပင်းထဲ အလုံးတစ်နေတာ
● အသံ ပျောက်သွားတာ၊ အသံ ပြောင်းသွားတာ
● စကားပြောရင်၊ အစာစားရင် နာတာ
ဒီအချက်တွေတွေ့လာရင် ဆရာဝန်ဆီသာ ပြေးတော့နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























