ဆီးချိုကြောင့်ဖြစ်သော အာရုံကြောရောဂါ
ဆီးချိုရောဂါရှိသူတွေမှာ အာရုံကြောတွေပျက်စီးမှုဖြစ်တာကို ဆီးချိုကြောင့်ဖြစ်သောအာရုံကြောရောဂါလို့ခေါ်ပါတယ်။ နှစ်ကြာလာတာနဲ့အမျှ ရောဂါလက္ခဏာတွေပိုပိုဆိုးလာပါတယ်။
သွေးတွင်းသကြားဓာတ်ပမာဏ၊ သွေးတိုး၊ သွေးတွင်းကိုလက်စရောများခြင်း (သို့) အဝလွန်သူတွေမှာ ပိုပြီးဖြစ်နိုင်ချေများပါတယ်။
>> ရောဂါအမျိုးအစားများ
အာရုံကြောရောဂါအဓိကအမျိုးအစား (၄) မျိုးရှိပါတယ်။
• ခန္ဓာကိုယ်ဘေးဘက်ရှိ အာရုံကြောများပျက်စီးသောရောဂါ - လက်တွေခြေထောက်တွေကိုထိပြီး ဆီးချိုကြောင့်ဖြစ်တဲ့အာရုံကြောရောဂါတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။
• အလိုအလျောက်ဖြစ်သော အာရုံကြောများပျက်စီးသောရောဂါ - အစာခြေခြင်းကဲ့သို့သော ထိန်းချုပ်စရာမလိုဘဲ သူ့အလိုလိုဖြစ်သောလုပ်ငန်းများကို ထိန်းချုပ်သောအာရုံကြောများပျက်စီးခြင်း
• ခြေထောက်များကိုထိသော အာရုံကြောရောဂါ (Proximal neuropathy)
• မည်သည့်အာရုံကြော (သို့) အာရုံကြောအုပ်စုကိုမဆိုပျက်စီးစေသောအာရုံကြောရောဂါ ( Focal neuropathy)
အာရုံကြောရောဂါလက္ခဏာတွေက ထိတဲ့အာရုံကြောအပါ်မူတည်ပါတယ်။ နှလုံးသွေးကြောပြသနာများ၊ အမြဲတစေဝမ်းပျက်ဝမ်းလျှောနေခြင်း၊ ပျို့ခြင်း၊ အန်ခြင်းကဲ့သို့သော အူပိုင်းဆိုင်ရာပြသနာများ၊ အားနည်းခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ လေဖြတ်ခြင်း စတဲ့ ပြသနာမျိုးစုံကိုကြုံတွေ့ရနိုင်ပါတယ်။
Naturally Better 1

>> ရောဂါလက္ခဏာများ
ထိတဲ့အာရုံကြောအပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေကွဲပြားခြားနားကာ ရောဂါလက္ခဏာပြဖို့ နှစ်အတော်ကြာပါတယ်။
(1) ခန္ဓာကိုယ်ဘေးဘက်ရှိ အာရုံကြောများပျက်စီးသောရောဂါ၏လက္ခဏာများ
• ထုံခြင်း၊ ကြဉ်ခြင်း၊ နာခြင်း၊ ပူခြင်းစတာတွေက ခြေဖဝါး၊ လက်ဖဝါးများမှစပြီး ခြေထောက်နဲ့လက်များကိုဆက်ပြီးတက်သွားတတ်ပါတယ်။
• ပူခြင်း၊ အေးခြင်းနဲ့ ဒဏ်ရာအနာများကို ခံစားချက်မဲ့သွားခြင်း
• ဟန်ချက်မညီခြင်း
• အာရုံကြောပြသနာကြောင့် အဆစ်များအားနည်းခြင်းဖြစ်ပါတယ်။ ခြေထောက်တွေကိုထိတာများပါတယ်။
(2) အလိုအလျောက်ဖြစ်သောအာရုံကြောများပျက်စီးသောရောဂါ (Autonomic neuropathy) ၏ရောဂါလက္ခဏာများ
• ရင်ပူခြငး်နှင့် ဗိုက်ပြည့်ဗိုက်ကယ်ဖြစ်ခြင်း
• ပျို့ခြင်း၊ ဝမ်းချုပ်ခြင်း (သို့) ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
• သွေးတွင်းသကြားဓာတ်နည်းသွားခြင်းကို မခံစားရတော့ခြင်း
• စကားပြောရခက်ခြင်း၊ မျိုချရခက်ခြင်း
• အစာအနည်းငယ်စားရုံမျှနှင့် ဗိုက်ပြည့်သလိုခံစားရခြင်း
• အစာစားပြီး နာရီအနည်းငယ်အကြာတွင်အန်ခြင်း
• မတ်တပ်ရပ်လျှင် သွေးပေါင်ကျခြင်း (သို့) မတ်တပ်ရပ်သောအခါ ခေါင်းမူခြင်း၊ မူးဝေခြင်း
• နှလုံးခုန်မြန်ခြင်း
• အေးမြနေချိန်မှာတောင် (သို့) အနားယူနေချိန်မှာတောင် ချေွးအလွန်အမင်းထွက်ခြင်း
• ဆီးအိမ်ပြသနာများ ဥပမာ- ဆီးသွားလျှင် ဆီးကုန်အောင်သွားဖို့ခက်ခဲခြင်းကြောင့် ဆီးမထိန်းနိုင်တာတွေဖြစ်စေနိုင်ပါတယ်။
• အမျိုးသားများတွင် ကာမဆက်ဆံခြင်းတွင်ပုံမှန်မဖြစ်တော့ခြင်း
• အမျိုးသမီးများတွင် အင်္ဂါလမ်းကြောင်းခြောက်သွေ့ခြင်းနှင့် ဆန္ဒပြည့်ဝနိုင်စွမ်းမရှိခြင်းကြောင့် ကာမဆိုင်ရာပြသနာများဖြစ်ခြင်း
• ထိတွေ့မှုအာရုံခံစားနိုင်စွမ်းပျက်စီးခြင်း
• မျက်နှာနှင့် မျက်ခွံများသိသိသာသာတွဲကျခြင်း
• ကြွက်သားများကြုံ့ခြင်း၊ အားနည်းခြင်း
(3) ခြေထောက်များကိုထိသော အာရုံကြောရောဂါ (Proximal neuropathy)ကတော့ ခန္ဓကိုယ်အောက်ပိုင်းနာကျင်ခြင်းတွေ ဖြစ်စေပါတယ်။ အများအားဖြင့် တစ်ဖက်တည်းမှာ အဖြစ်များပါတယ်။ ခြေထောက်တွေလည်းအားနည်းစေပါတယ်။
(4) Focal neuropathy ရဲ့ရောဂါလက္ခဏာတွေကတော့ ထိတဲ့အာရုံကြောအပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေက အရမ်းကိုကျယ်ပြန့်ပါတယ်။
ဆီးချိုကြောင့်ဖြစ်တဲ့အာရုံကြောရောဂါခံစားနေရသူတွေက ရောဂါလက္ခဏာတွေပိုမဆိုးလာမချင်း သတိမထားမိပါဘူး။
Naturally Better 2

>> ကုထုံး
ဆီးချိုကြောင့်ဖြစ်တဲ့အာရုံကြောရောဂါက အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်နိုင်ဖို့နဲ့ သွေးတိုးနဲ့ ကိုလက်စရောပမာဏကို ကောင်းကောင်းစီမံနိုင်ဖို့လိုပါတယ်။
ဆီးချိုကိုကောင်းကောင်းထိန်းနိုင်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်အတွင်းမှာသာထိန်းထားနိုင်မယ်ဆိုရင် ဆီးချိုကြောင့်ဖြစ်တဲ့အာရုံကြောရောဂါဖြစ်နိုင်ချေလည်းအနည်းဆုံးဖြစ်သွားပါမယ်။ အရေးကြီးဆုံးကုထုံးအစိတ်အပိုင်းအနေနဲ့ အနာသက်သာဖို့နဲ့ အချို့သောရောဂါလက္ခဏာေတွေကိုထိန်းချုပ်ထားနိုင်ဖို့ ရည်ရွယ်ပါတယ်။
အချို့သောဆေးဝါးတွေနဲ့ ရုပ်ပိုင်းဆိုင်ရာကုသမှုတွေကြောင့် အာရုံကြောရောဂါကြောင့်ဖြစ်တဲ့နာကျင်ခြင်းတွေကို ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။
>> ဆေးဝါးများ
1. Opioids, opioid-like drugs, အတက်ကျဆေးများနှင့် tricyclic စိတ်ကျရောဂါကုဆေးတွေက နာကျင်ခြင်းကို ထိန်းချုပ်ရာမှာ အထောက်အကူပြုပါတယ်။
2. Serotonin-norepinephrine inhibitors ကဲ့သို့သော အခြားအမျိုးအစားစိတ်ကျရောဂါကုဆေးတွေက ဆီးချိုကြောင့်ဖြစ်သော အာရုံကြောရောဂါကြောင့် နာကျင်ခြင်းတွေကို သက်သာစေဖို့နဲ့ စိတ်ကျခြင်းများကို အထောက်အကူပြုပါတယ်။
>> ရုပ်ပိုင်းဆိုင်ရာကုထုံးများ
ဆေးဝါးများနှင့်အတူ ရုပ်ပိုင်းဆိုင်ရာကုထုံးတွေပါအတူပေါင်းစပ်ပြီးကုသမယ်ဆိုရင် အနာသက်သာစေပြီး ဆေးဆွဲနိုင်ချေကိုလည်း လျော့ကျစေပါတယ်။
လျှပ်စစ်ဖြင့် အာရုံကြောကိုလှုံ့ဆော်ခြင်းက နာကျင်မှုမရှိတဲ့ကုသမှုဖြစ်ပြီး တောင့်တင်းခြင်းကိုသက်သာစေကာ ခြေထောက်အနာကျက်ခြင်းကိုမြန်စေပါတယ်။
ဘယ်လိုလမ်းလျှောက်ရမယ်ဆိုတာကို ပြန်သင်တာကို Gait training လို့ခေါ်ပါတယ်။ ခြေထောက်မှာဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ အနာတွေကို သက်သာစေပါတယ်။
အခြားကုထုံးတွေမှာ နာကျင်နေတဲ့ ခြေလက်တွေကို အိပ်ရာ (သို့) ထိုင်ခုံတွေနဲ့မထိအောင်ကာကွယ်ပေးတဲ့ ပစ္စည်းကိရိယာတွေပါဝင်ပါတယ်။ လိမ်းဆေးတွေနဲ့ အခြားဖြည့်စွက်ဆေးတွေကလည်းသက်သာစေနိုင်ပါတယ်။
အနှိပ်ကုထုံးက ပုံမှန်နှိပ်နယ်ပေးခြင်းဖြင့် ကြွက်သားများကို ဆွဲဆန့်စေပါတယ်။ ရေကူးခြင်း၊ အေရိုးဗစ်ကဲ့သို့သော လေ့ကျင့်ခန်းအချို့က ကြွက်သားအားတွေကိုထိန်းပေးပြီး ကြွက်သားဆုံးရှုံးမှုကိုလျော့ကျစေပါတယ်။
အာထရာဆောင်းကုထုံးကတော့ မြန်နှုန်းအလွန်မြင့်မားတဲ့အသံလှိုင်းတွေကိုသုံးပြီး အရေပြားမျက်နှာပြင်အောက်က တစ်သျှူးတွေကိုလှုံ့ဆော်ပေးပါတယ်။ ဒီကုထုံးက အချို့လူနာတွေမှာ သူတို့ခြေထောက်ရဲ့ပုံမှန်ခံစားချက်ကိုပြန်ရစေဖို့အတွက် အထောက်အကူပြုပါတယ်။
>> နောက်ဆက်တွဲဆိုးကျိုးများ
နောက်ဆက်တွဲဆိုးကျိုးတော်တော်များများက ဆီးချိုကြောင့်ဖြစ်သောအာရုံကြောရောဂါနဲ့ ဆက်စပ်နေပြီး လူနာတွေ ဒီအရာတွေဖြစ်နိုင်ချေကို သတိပြုမိနေရပါမယ်။
ဖြစ်နိုင်ချေရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့-
• ခြေထောက်အာရုံခံစားနိုင်စွမ်းကင်းမဲ့သွားခြင်းကြောင့် ထိရှမှုတွေ၊ အနာတွေဖြစ်တာကိုမသိတော့တဲ့အတွက် အနာသေးသေးလေးကနေပြီး ရောဂါပိုးဝင်ကာ ခြေထောက်ဖြတ်ရတဲ့အထိဖြစ်နိုင်ပါတယ်။
• ဆီးအိမ်နှင့် ကျောက်ကပ်ရောဂါပိုးဝင်ခြင်း
• ကြွက်သားပျက်စီးခြင်း (သို့) ကြွက်သားများဆုံးရှုံးခြင်း
• မကြာခဏပျျိ့ခြင်း၊ အန်ခြင်းများကြောင့် သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်စွမ်းကိုလျော့ကျစေပါတယ်။
ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ ခြေလက်အာရုံကြောများပျက်စီးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် ခြေထောက်ကိုကောင်းကောင်းထိန်းသိန်းစောင့်ရှောက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ခြေထာက်မှာ ထိခိုက်ဒဏ်ရာတွေ၊ အနာတွေရှိမရှိဆိုတာကို နေ့စဉ် စစ်ဆေးကြည့်ရှုနေဖို့လိုပါတယ်။ ဆေးလိပ်သောက်ခြင်းက ခြေထောက်ပြသနာဖြစ်နိုင်ချေတွေကို ပိုဆိုးစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























