ဆီးချိုရောဂါရှိသူတွေအတွက် မပေါ့ဆသင့်သော လက္ခဏာများ
ဆီးချိုရောဂါဟာ နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးကို ထိခိုက်မှုများ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် သင့်အနေနှင့် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သိရှိထားခြင်းဖြင့် ဆိုးရွားသောအခြေအနေအများကို ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်။
(၁) စိတ်ထွေပြားခြင်း ၊ ပတ်ဝန်းကျင်ကို မသိရှိခြင်း
ဆီးချိုသမားတွေအနေနှင့် သွေးတွင်းအချိုဓာတ်များခြင်းဟာ ကြောက်စရာကောင်းသလိုပဲ သွေးတွင်းအချိုဓာတ်နည်းခြင်းကလည်း ထိတ်လန့်ဖွယ်ကောင်းပါတယ်။ သွေးတွင်းအချိုဓာတ်နည်းပါးတဲ့အခါ မူးဝေခြင်း၊ တစ်ကိုယ်လုံးတုန်ခြင်းနှင့် ပတ်ဝန်းကျင်ရှိ အချိန်၊ လူများ၊ နေရာများကို မသိရှိတော့ဘဲ ဖြစ်တတ်ပါတယ်။
(၂) ရင်ဘတ်အောင့်ခြင်း
ဆီးချိုရှိသူတွေဟာ သာမန်လူတွေထက်စာရင် နှလုံးအမောဖောက်ခြင်း (သို့) လေဖြတ်ခြင်းတို့ကြောင့် သေဆုံးဖို့ အလားအလာ နှစ်ဆများနေပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနှင့် ရင်ဘတ်အောင့်ခြင်း စတင်ခံစားရတဲ့အခါ မပေါ့ဆဘဲ အမြန်ဆုံး ကုသမှုခံယူပါ။
(၃) ခြေထောက်ထုံကျဉ်ခြင်း
ဆီးချိုရောဂါဟာ ခြေထောက်နှင့်လက်တွေမှာရှိတဲ့ အာရုံကြောတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုပျက်စီးတဲ့အခါမှာ အလွန်ထုံကျဉ်ကိုက်ခဲနေတတ်ပြီး တစ်ခုခုနှင့် ခိုက်မိရင်တောင် သတိမထားဘဲ ဖြစ်တတ်တာမို့ အန္တရာယ်များလှပါတယ်။
(၄) အနာများပေါက်ခြင်း
ဆီးချိုကြောင့် သွေးလှည့်ပတ်မှုကို ထိခိုက်စေပြီး အကျိုးဆက်အားဖြင့် အနာကျက်ခြင်းဖြစ်စဉ်ကို နှေးကွေးစေတတ်ပါတယ်။
ဒီလိုအနာမကျက်ခြင်းဟာ ရောဂါပိုးတွေ ထပ်မံဝင်ရောက်ဖို့ ပိုမိုလွယ်ကူစေပြီး နောက်ဆက်တွဲအနေနှင့် ခြေထောက်ပုပ်ခြင်းကနေ ခြေထောက်ဖြတ်ရတဲ့အထိ ဒုက္ခပေးနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်များအနေနှင့် မိမိခြေထောက်နှင့်လက်များမှာ အနာတွေ ဖြစ်၊ မဖြစ် နေ့စဉ်စစ်ဆေးသင့်ပါတယ်။
(၅) မျက်စိမှုန်ခြင်း
ဆီးချိုရောဂါကြောင့် မျက်စိအာရုံကြောနှင့် သွေးကြောတွေကို ထိခိုက်စေပြီး ယာယီ သို့မဟုတ် တစ်သက်တာ မျက်စိအမြင်အာရုံဆုံးရှုံးခြင်းကို ဦးတည်စေပါတယ်။ ထို့ပြင် မျက်စိတိမ်စွဲခြင်းကိုလည်း ဖြစ်စေနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။
(၆) ဆီးသွားများခြင်း (သို့) နည်းခြင်း
ဆီးချိုရောဂါကြောင့် ဆီးအိမ်ရှိအာရုံကြောများ ထိခိုက်စေပြီးနောက် ဆီးမထိန်းနိုင်ခြင်းနှင့် ဆီးယိုစိမ့်ခြင်းတို့ကို ဖြစ်စေပါတယ်။ တစ်ေ့နကို ၈ ကြိမ်အထက် ဆီးသွားတာမျိုး သို့မဟုတ် ညဘက် ၂ ခေါက်လောက်ထပြီး ဆီးသွားရတာမျိုးက သင့်ဆီးအိမ် လိုတာထက်ပိုပြီး အလုပ်လုပ်နေခြင်းကို ပြသနေပါတယ်။
ဆီးချိုကြောင့် ဆီးသွားများတာရှိသလိုပဲ ဆီးအိမ်အာရုံကြောတွေ ပျက်စီးမှုကြောင့် သာမန်ထက် ဆီးနည်းသွားတာလည်း ရှိနိုင်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ဆီးချိုဟာ ကျောက်ကပ်ရောဂါတွေရဲ့ အရင်းခံ ပြဿနာဖြစ်လာရတာပါ။
ဆီးချိုဝေဒနာရှင်တွေအနေနှင့် အထက်ပါအချက်များ မိမိမှာရှိနေပါက မပေါ့ဆဘဲ ကုသမှုကို စနစ်တကျ ခံယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























