ဆောင်းရာသီတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ
ဆောင်းတွင်းအခါသမယဟာ အလှအပ ခံစားလိုသူများအတွက် သာယာသောရာသီတစ်ခု ဖြစ်သော်လည်း ကျန်းမာရေး မကောင်းသူတို့အတွက်တော့ ပြဿနာများတဲ့လတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါဆိုရင် ဆောင်းရာသီမှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ အဖြစ်များလဲ? ဒါတွေကို ဘယ်လိုကာကွယ်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်လို့ ဆက်လက်ဖတ်ရှုပေးပါဦးနော်။
(၁) တုပ်ကွေး
ဆောင်းရာသီဟာ တုပ်ကွေးကာလဖြစ်တဲ့ အားလျော်စွာ တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်တွေဟာ လေထဲမှာ ပိုမိုပျံ့နှံ့နေတတ်ပြီး ကိုယ်ခံအားကလည်း အနည်းငယ် ကျဆင်းနေတတ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းရောက်ပြီဆိုတာနဲ့ ကိုယ်ခံအားကောင်းစေမယ့် အစားအစာများ စားခြင်း၊ ရေအလုံအလောက်သောက်ခြင်း၊ အားဆေးသောက်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
(၂) အရေပြားခြောက်သွေ့ခြင်း
အရေပြားများ အက်ကွဲခြင်း၊ ပိုးဝင်ခြင်းများ ဖြစ်ပေါ်တတ်တာမို့ အစိုဓာတ်ထိန်းတဲ့ လိုးရှင်းများကို နေ့စဉ်လိမ်းပေးသင့်ပါတယ်။
(၃) အရိုးအဆစ်များ နာကျင်ခြင်း
အရိုးအဆစ် ရောင်ရမ်းခြင်း ဖြစ်တတ်သူများတွင် ပိုမိုနာကျင်တတ်ပြီး လှုပ်ရှားတိုင်း နာကျင်ခြင်းကြောင့် ငြိမ်ငြိမ်နေရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တတ်သူတွေအနေနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အနွေးထည်ဝတ်ခြင်းတို့ဖြင့် နွေးထွေးအောင်နေသင့်တယ်နော်။
(၄) နှုတ်ခမ်းအနာများ
အေးမြခြောက်သွေ့သောလေထုကြောင့် နှုတ်ခမ်းများ ခြောက်သွေ့ကွဲအက်ကာ ရေယုန်ပိုးဝင်ခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အာဟာရပြည့်ဝအောင်စားခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကိုယ်ခံအားတက်အောင် ကြိုးစားနိုင်ပါတယ်။
(၅) ပန်းနာရင်ကြပ်
ဆောင်းရာသီတွင် လေထုထဲမှာ အမှုန်အမွှားများစွာ ပြည့်နေတတ်တာမို့ ပန်းနာရင်ကြပ်ရောဂါသည်တွေအတွက် အထူးဂရုပြုတတ်ပါတယ်။ နွေးနွေးထွေးထွေးနေခြင်း၊ MASK တပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
(၆) Seasonal Affective Disorder (SAD)
ဒီရောဂါကတော့ ဆောင်းတွင်းကာလမှာ စိတ်ဖိစီးမှုများသောအခြေအနေတစ်မျိုးဖြစ်ပြီး ဒီအခြေအနေကို ကာကွယ်ဖို့အတွက် တစ်ယောက်တည်းမနေဘဲ သူငယ်ချင်းများနဲ့ ပျော်ရွှင်စွာနေခြင်း၊ တက်ကြွစွာနေခြင်းတို့ဖြင့် မိမိကိုယ်ကို ပျော်ရွှင်အောင် ကြိုးစားသင့်ပါတယ်။
အထက်ပါအချက်များကို လိုက်နာခြင်းဖြင့် ဆောင်းတွင်းကာလတွင်ကြုံတွေ့တတ်သောရောဂါများကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပြီး ကိုယ်ခံအားကောင်းအောင်နေခြင်း၊ ကျန်းမာရေးစစ်ဆေးချက်များ ပြုလုပ်ခြင်းတို့ဖြင့်လည်း မိမိကျန်းမာရေးကို ကောင်းမွန်အောင် ပြင်ဆင်ထားသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























